ဂျူလီယန် အဆန့်ဂျ်ကို အမေရိကန်ကို ပို့နိုင်တယ်လို့ ယူကေ တရားရုံးဆုံးဖြတ်

ရေးသားခဲ့သည်။

ဝီကိလိခ်ကို တည်ထောင်သူ ဂျူလီယန် အဆန့်ဂျ်ကို ယူကေကနေ အမေရိကန်ပြည်ထောင်စုကို ပို့ပေးနိုင်တယ်လို့ တရားရံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ယူကေ တရားရုံးကနေ မစ္စတာ အဆန့်ဂျ်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကြောင့် အမေရိကန် ပြည်ထောင်စုကို ပို့ပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး အမေရိကန်ဘက်က ဒီဆုံးဖြတ်ချက်အပေါ်မှာ အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီးတွေကို မစ္စတာ အဆန့်ဂျ် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုး လုပ်နိုင်မယ့် အန္တရာယ်မျိုး မကျရောက်စေဖို့ အတွက် လုပ်သွားမယ့်အကြောင်း အမေရိကန်ဘက်က အာမခံချက် ပေးကြပါတယ်။ မစ္စတာ အဆန့်ဂျ်နဲ့ စေ့စပ်ထားသူကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

မစ္စတာ အဆန့်ဂျ်ကို ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၁ အတွင်း အရေးကြီးတဲ့ လျှို့ဝှက် စာရွက်စာတမ်း တွေကို ဖွင့်ချခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်က အလိုရှိနေတာ ဖြစ်ပါတယ်။

အကြီးတန်း တရားသူကြီးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးဟာ မစ္စတာ အဆန့်ဂျ်ကို လုံခြုံရေး မြင့်တဲ့ အကျဥ်းထောင်မှာ ဖမ်းဆီးထားမယ်ဆိုရင် ကြုံလာနိုင်မယ့် အခြေအနေတွေအပေါ်မှာ အခြေခံပြီး စဥ်းစားခဲ့တာ ကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အမေရိကန် အာဏာပိုင်တွေက မစ္စတာ အဆန့်ဂျ် အနေနဲ့ အနာဂတ်မှာ ဘာမှ ထပ်ပြီး ကျူးလွန်တာမျိုး မရှိဘူးဆိုရင် ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရမှာ မဟုတ်ဘူးဆိုပြီး အာမခံချက်တွေ ပေးခဲ့ပါတယ်။

တရားသူကြီးချုပ် လော့ဒ် ဘန်းနက်က အာမခံချက်တွေမပါဘဲ ကြုံလာနိုင်တဲ့ အန္တရာယ်တွေကိုပဲစဥ်းစားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အာမခံချက်တွေကိုသာ တရားသူကြီး ရှေ့မှာ ပေးခဲ့မယ်ဆိုရင် တမျိုးတဖုံ ဆုံးဖြတ်လိမ့်လို့ ယူဆကြောင်း ပြောပါတယ်။

မစ္စတာ အဆန့်ဂျ်နဲ့ စေ့စပ်ထားသူ စတဲလ်လာ မောရစ္စက ဒီ ဆုံးဖြတ်ချက်ဟာ အန္တရာယ်ကြီးပြီး လွဲမှားတဲ့ ဆုံးဖြတ်ချက်လို့ ပြောသလို အမေရိကန်ရဲ့ အာမခံချက်တွေကလည်း ယုံကြည်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

တရားရုံး ပြင်ပမှာ မစ္စ မောရစ္စက ကြေညာချက်ကို ဖတ်ကြားခဲ့ရာမှာ ပြီးခဲ့တဲ့ ၂ နှစ်ခွဲ အတွင်း ဂျူလီယန်ဟာ လန်ဒန်မြို့ အရှေ့တောင်ပိုင်းက ဘဲလ်မာ့ရှ် အကျဥ်းထောင်ထဲမှာပဲ နေခဲ့ရတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၀ ဒီဇင်ဘာလ ၇ ရက် နောက်ပိုင်းကတည်း တနည်းမဟုတ် တနည်းနဲ့ ဖမ်းဆီး ထိန်းသိမ်းခံ ဘဝမှာ နေလာခဲ့ရတာဟာ ၁၁ နှစ်ရှိပြီ၊ ဒီပုံစံနဲ့ ဘယ်လောက်အထိ ဆက်သွားနိုင်မလဲလို့ ပြောသွားခဲ့ပါတယ်။

ဝီကိလိခ် အယ်ဒီတာချုပ် Kristinn Hrafnsson ကတော့ ဂျူလီယန် ရဲ့ အသက်ကို ခြိမ်းခြောက် ခံနေရပြန်ပြီ။ နောက်ပြီး အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေ မနှစ်သက်တဲ့ သတင်းကို သတင်းသမားတွေ အနေနဲ့ လွတ်လပ်စွာ ဖော်ပြခွင့်ကိုပါ ခြိမ်းခြောက်ခံရတာပဲလို့ ပြောပါတယ်။

ဒါဟာ စူပါပါဝါ မဟာအင်အားကြီးတွေရဲ့ ခြိမ်းခြောက်မှု တစုံတရာ မကြုံရဘဲ သတင်းတွေကို လွတ်လပ်စွာ ဖော်ပြနိုင်ရမယ့် သတင်းလွတ်လပ်ခွင့် အရေးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ ဒီဆုံးဖြတ်ချက်ဟာ ဟန်ပြ တရားစီရင်မှုပဲ လို့ဆိုလိုက်သလို အမေရိကန်ရဲ့ အာမခံချက်တွေကလည်း အားနည်းချက်တွေ တော်တော် ရှိနေတယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ ဥရောပတိုက်ဆိုင်ရာ ဒါရိုက်တာ ဖြစ်တဲ့ Nils Muiznieks က ဒါဟာ အမေရိကန် ပြည်ထောင်စုအတွင်းသာမက ပြင်ပမှာပါ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရားသူကြီးတွေ ဒီအမှုတွဲကို ဝက်စ်မင်စတာ အောက်တရားရုံးက ခရိုင် တရားသူကြီးဆီ ပို့ဖို့ နဲ့ အဲဒီကမှ ပြည်ထဲရေး ဝန်ကြီး ပရစ်တီ ပါတဲလ်ဆီကို တရားဝင် ပို့ပေးဖို့ အမိန့်ချလိုက်ပါတယ်။

မစ္စတာ အဆန့်ဂျ်ရဲ့ ဥပဒေ အကြံပေး အဖွဲ့ Birnberg Peirce Solicitors က တရားချုပ်ကို တင်မယ့် အယူခံဟာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ဒါမှမဟုတ် အမေရိကန်ဘက်က နိုင်ငံရေး လှုံ့ဆော်မှု ပါတဲ့သူတို့ဆီပို့ပေးဖို့ တောင်းဆိုမှုတွေထက် စာရင် သူတို့ ပေးထားတဲ့ အာမခံချက်တွေအပေါ်မှာသာ မေးခွန်းထုတ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။