ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်-ဘာသာရေးစော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သီရိလင်္ကာနိုင်ငံသား အသတ်ခံရတဲ့ကိစ္စ ဆန္ဒပြပွဲတွေ ဆက်ဖြစ်လာ
အစ္စလာမ်ဘာသာကို စော်ကားတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံသား တစ်ဦးကို လူအုပ်ကြီးက ရက်ရက်စက်စက် ဝိုင်းရိုက်နှက် သတ်ခဲ့အပြီး နှစ်နိုင်ငံစလုံးမှာ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ တမင်အုပ်စုဖွဲ့ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ်က ရှုတ်ချ ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ ဆီယာကော့တ်မြို့မှာရှိတဲ့ စက်ရုံတစ်ရုံရဲ့ မန်နေဂျာ အသက်၄၈နှစ် ပရိုင်ယန်သာ ဒီယာဝါဒါနာဂျီကို လူအုပ်ကြီးက သောကြာနေ့တုန်းက ဝိုင်းရိုက်ခဲ့ကြပြီး သူ့အလောင်းကို မီးတင်ရှို့ ခဲ့ကြပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် လူတစ်ရာကျော်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းက အတည်ပြုပါတယ်။ ဒီကိစ္စဟာ ပါကစ္စတန်နိုင်ငံကို အရှက်ရစေတဲ့ ကိစ္စလို့ ပြောထားပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နေထိုင်နေတဲ့ အသတ်ခံရတဲ့သူရဲ့ မိသားစုက သူတို့ အကြီးအကျယ် ဝမ်းနည်းပူဆွေးနေကြပုံကို ဘီဘီစီကို ပြောပြပါတယ်။
ဇနီးသည် နီလူရှီ ဒစ်ဆနယာကာ က သူ့အမျိုးသားနဲ့ ကလေး နှစ်ယောက်အတွက် တရားမျှတတဲ့ တရားစီရင်မှု လုပ်နိုင်အောင် ပါကစ္စတန်နဲ့ သီရိလင်္ကာ အစိုးရနှစ်ရပ် ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝလုပ်ပေးစေချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။
"ကျွန်မ ခင်ပွန်း အသတ်ခံနေရတာကို အင်တာနက်ပေါ်ကနေ ကျွန်မတွေ့ခဲ့ရပါတယ်။ တကယ့်ကို လူမဆန်တဲ့ လုပ်ရပ်ပါ" လို့ ပြောပါတယ်။
မစ္စတာ ဒီယာဝါဒါနာဂျီကို လူအုပ်စုက ဝိုင်းရိုက်နှက်ခဲ့ကြတဲ့ ဗီဒီယိုက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူမှုကွန်ယက်ပေါ်မှာ ပြန့်သွားပါတယ်။ သူအလုပ်လုပ်နေတဲ့ နေရာကနေ လူတွေက သူ့ကို တရွတ်တိုက် ဆွဲထုတ်သွားပြီး သေအောင် ဝိုင်းရိုက်ခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အဲဒီနောက် သူ့အလောင်းကို မီးတင်ရှို့ခဲ့ကြပါတယ်။ လူအုပ်ထဲက လူအတော်များများက သူ့အလောင်းကို နောက်ခံထားပြီး ဆယ်လ်ဖီ ဆွဲခဲ့ကြပါတယ်။
လူအုပ်စုလိုက်တိုက်ခိုက်မှုက ဘယ်လို စဖြစ်လာတာလဲ
တမန်တော် မိုဟာမက် နာမည်ပါတဲ့ ပိုစတာတွေကို မစ္စတာ ဒီယာဝါဒါနာဂျီက ဆွဲဖြဲပစ်ပြီး အစ္စလာမ်ဘာသာကို စော်ကားတဲ့ လုပ်ရပ်တစ်ခု လုပ်ခဲ့တယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးနောက်ပိုင်း ဒီလို အကြမ်းဖက် တိုက်ခိုက်မှု စဖြစ်လာခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ အကြီးအကဲက ပြောပါတယ်။
ဒါပေမယ့် သူ့ကို ကယ်ဖို့ အခင်းဖြစ်တဲ့နေရာကို အပြေးသွားခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ကတော့ မစ္စတာ ဒီယာဝါဒါနာဂျီဟာ အဆောက်အဦ သန့်ရှင်းရေးလုပ်ဖို့ အဲဒီ ပိုစတာတွေကို ခွာပစ်ခဲ့တာလို့ ပါကစ္စတန်အခြေစိုက် အေပီသတင်းဌာနကို ပြောပါတယ်။
အစ္စလာမ်ဘာသာကို စော်ကားပြီး လုပ်ခဲ့တာ ဆိုတဲ့ စွပ်စွဲချက်ကို သူ့ဇနီးကလည်း ငြင်းဆိုထားပါတယ်။
" စက်ရုံထဲက ပိုစတာတွေကို ကျွန်မခင်ပွန်း ဆုတ်ဖြဲခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျွန်မ လုံးဝ လက်မခံပါဘူး။ သူက အပြစ်မဲ့တဲ့ သူတစ်ယောက်ပါ"လို့ ဘီဘီစီကို ပြောပါတယ်။
"ပါကစ္စတန်မှာ ဘယ်လိုမျိုး ပြုမူနေထိုင်ရမယ် ဆိုတာကို သူကောင်းကောင်းကြီး သိပါတယ်။ မွတ်ဆလင် တိုင်းပြည်ဆိုတော့ ဘာတွေ မလုပ်သင့်ဘူးလဲ ဆိုတာ သူသိပါတယ်။ ဒါ့ကြောင့် အဲဒီမှာ သူ ၇ နှစ်လောက် နေနေနိုင်ခဲ့တာပေါ့။
သောကြာနေ့တုန်းက လူရာနဲ့ချီ အုပ်စုလိုက် ရက်ရက်စက်စက် ဝိုင်းသတ်ခဲ့တဲ့ ဒီကိစ္စကြီးကြောင့် ပါကစ္စတန်နိုင်ငံမှာ တုန်လှုပ်ချောက်ချားသွားခဲ့ကြပြီး သတိနဲ့ စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပါတယ်။
ရက်စက်ဆိုးဝါးတဲ့ ဒီအုပ်စုဖွဲ့ သတ်ဖြတ်မှုကို အကြီးအကျယ် ရှုတ်ချတယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းက ပြောခဲ့ပြီး သတ်ဖြတ်မှုမှာ ပါတဲ့သူအားလုံးကို ဥပဒေနဲ့ အညီ အပြည့်အဝ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဘာသာတစ်ခုခု ဒါမှမဟုတ် ကိုးကွယ်တဲ့ ဘုရားကို စော်ကား ပြောဆိုတာမျိုးကို ဘာသာရေး စော်ကားမှုအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ပါကစ္စတန်မှာဆိုရင် အစ္စလာမ်ဘာသာကို စော်ကားသူ ဆိုရင် သေဒဏ်တောင် ချမှတ်ခံရနိုင်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေး စော်ကားမှု ဥပဒေအရ ဘာသာရေးအခမ်းအနားတွေကို နှောင့်ယှက်တာမျိုး၊ အလောင်း မြေမြုပ်ထားတဲ့ နေရာပေါ်က ဖြတ်လျှောက်တာမျိုး၊ ဘာသာရေး ယုံကြည်မှုကို စော်ကားတာ ဒါမှမဟုတ် ဝတ်ပြုဆုတောင်းရာ နေရာနဲ့ ဝတ်ပြုဆုတောင်းတဲ့ ပစ္စည်းတစ်ခုခုကို တမင် ဖျက်ဆီးတာတွေမျိုးတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
အစ္စလာမ် ဘာသာရေးခေါင်းဆောင် တမန်တော်တွေကို ကဲ့ရဲ့ ဝေဖန်တာမျိုးကလည်း ဥပဒေအရ ပြစ်မှုမြောက်ပါတယ်။ မွတ်ဆလင်တွေရဲ့ ကိုရန် ကျမ်းစာကို ကဲ့ရဲ့ ပြောဆိုရင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ဖို့ ဥပဒေတစ်ခုကို ၁၉၈၂ ခုနှစ်က ထပ်မံထည့်သွင်း ပြဋ္ဌာန်းခဲ့ပါတယ်။
တမန်တော် မိုဟာမက်ကို စော်ကားရင် ပြစ်ဒဏ်ချမှတ်နိုင်တဲ့ သီးခြားဥပဒေ တစ်ခုကို ၁၉၈၆ ခုနှစ်မှာ ထပ်ထည့်သွင်းခဲ့ပြီး အဲဒီဥပဒေအရ သေဒဏ် သို့ မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ကျခံရဖို့ ရှိပါတယ်။
ပါကစ္စတန်နိုင်ငံမှာက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ စွပ်စွဲခံရသူတွေကို အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက်တာမျိုး၊ ကန့်ကွက် ဆန္ဒပြတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပါကစ္စတန်မှာ လူနည်းစုတွေကို ပစ်မှတ်ထား စွပ်စွဲ တိုက်ခိုက်တာမျိုးတွေ မကြာခဏ ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဟိုးကတည်းက ပြောနေခဲ့တာပါ။
ပါကစ္စတန် ဝန်ကြီးချုပ်က သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာနဲ့လည်း သူစကားပြောခဲ့ကြောင်းနဲ့ ဒီဖြစ်ရပ်ကြောင့် ပါကစ္စတန်မှာ လူတွေ ဒေါသထွက်နေကြပြီး သီရိလင်္ကာပြည်သူတွေကို ရှက်မိကြောင်း ပြောပါတယ်။
သီရိလင်္ကာအာဏာပိုင်တွေဘက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အပြည့်အဝ မှတ်ချက်ချ ပြောဆိုတာမျိုး မရှိသေးဘဲ အဲဒီမှာရှိတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းအပေါ် လက်စားချေ တိုက်ခိုက်လာတာမျိုး၊ မတည်မငြိမ် ဖြစ်လာမှာမျိုးကို စိုးရိမ်နေကြပါတယ်။
မစ္စတာ ဒီယာဝါဒါနာဂျီရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းကို ဒီကနေ့ အင်္ဂါနေ့မှာ သီရိလင်္ကာနိုင်ငံကို ပြန်သယ်လာပြီ ဖြစ်ပါတယ်။