ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟယ်ရီပေါ်တာ မူလသရုပ်ဆောင်တွေရဲ့ လက်ရှိဘဝ အခြေအနေ
- ရေးသားသူ, အဲလက်စ် တေလာ
- ရာထူးတာဝန်, ရုပ်ရှင်နဲ့ ဂီတ သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ဟယ်ရီပေါ်တာ ပရိသတ်တွေ ကိုယ့်မှာရှိတဲ့ မှော်ဆရာ ဦးထုပ်လေးတွေ လွှင့်မပစ်လိုက်ကြပါနဲ့ဦးနော်။ ဘာ့ကြောင့်လဲ ဆိုတော့ ပထမဆုံး ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်တဲ့ Harry Potter And The Philosopher's Stone (ဟယ်ရီပေါ်တာနဲ့ မှော်ပြဒါး ဓာတ်လုံး) ဇာတ်ကား နှစ်၂၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေရဲ့ မူလသရုပ်ဆောင်တွေ အမှတ်တရတွေ့ဆုံမှုအကြောင်းရုပ်ရှင် မကြာခင် ထွက်လာတော့မှာမို့ပါ။
Return to Hogwarts (ဟော့ဂ်ဝါ့တ်စ် မှော်ကျောင်းတော်ကြီးသို့ အပြန်)လို့ အမည်ပေးထားတဲ့ အဲဒီ ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်လွှင့် ပြသမယ်လို့ HBO Max ရုပ်မြင်သံကြား ကွန်ရက်က ထုတ်ဖော် ကြေညာထားပါတယ်။
အဲဒီပြန်လည်တွေ့ဆုံမှုမှာ ရုံတင်ပြခဲ့တဲ့ ဟယ်ရီပေါ်တာ ရုပ်ရှင်ကား ၈ ကားအကြောင်းတွေကို ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲရဲ့ မူလ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဒယ်နီယယ် ရက်ကလစ်ဖ်၊ ရူပါ့ ဂရင့်၊ အယ်မာ ဝပ်ဆန်တို့က တွဲဖက် သရုပ်ဆောင်တွေ၊ ပထမဆုံးဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ ခရစ် ကိုလမ်ဘတ်တို့နဲ့ အသေးစိတ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
စာရေးဆရာမ ဂျေ ကေ ရိုးလင်းရဲ့ နာမည်ကြီး ဟယ်ရီပေါ်တာ မှော်စာအုပ်တွေကို ရုပ်ရှင်ပြန်ရိုက်ခဲ့ရာမှာ သူတို့ ၃ ဦးက ဟယ်ရီပေါ်တာ၊ ရောန် ဝီစလေနဲ့ ဟာမိုင်အိုနီး ဂရိန်ဂျာ တို့ရဲ့ ဇာတ်ကောင် နေရာတွေမှာ ငယ်စဉ် ကလေးအရွယ်ကစလို့ ပါဝင် သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု အထူးအစီအစဥ်မှာတော့ စာရေးဆရာမ တက်ရောက်ဖို့ အမည်မပါရှိပါဘူး။
ပထမဆုံး ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရုံတင်ပြသခဲ့အပြီး အခု နှစ်ပေါင်း ၂၀ တင်းတင်းပြည့်တဲ့ နေ့မှာပဲ ဒီလို ကြေညာချက် ထွက်ပေါ်လာတာပါ။
နောက်ဆုံးဇာတ်လမ်းတွဲ Deathly Hallows အပိုင်း ၂ ကို ၂၀၁၁ ခုနှစ်မှာ ရုံတင် ခဲ့ပါတယ်။
ဒီတော့ မှော်ကျောင်းတော်ကြီးဆီ ကလေးဘဝမှာ ရောက်သွားခဲ့ကြတဲ့ သူတို့ ၃ ဦးနဲ့ တခြား တွဲဖက် သရုပ်ဆောင်တွေ အခု နှစ်ပေါင်း ၂၀ ကြာအပြီး လက်ရှိမှာ ဘယ်လို အခြေအနေ ရောက်နေကြသလဲ၊ ဘာတွေ လုပ်နေကြသလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
၁။ ဒယ်နီယယ် ရက်ကလစ်ဖ် (ဟယ်ရီပေါ်တာ)
၁။ ဒယ်နီယယ် ရက်ကလစ်ဖ် (ဟယ်ရီပေါ်တာ)
မျက်မှန်လေးနဲ့ ဟယ်ရီပေါ်တာ အဖြစ် အသက် ၁၂ နှစ်အရွယ်မှာ ရုပ်ရှင်ပိတ်ကားပေါ် စရောက်လာခဲ့တဲ့ ဒယ်နီယယ် ရက်ကလစ်ဖ်ဟာ စာရေးဆရာမ ဂျေ ကေ ရိုလင်းရဲ့ မှော်စာအုပ်ထဲက ဇာတ်ကောင်အတိုင်း တစ်ထေရာတည်း တူခဲ့ပါတယ်။
ဇာတ်လမ်းထဲက ဇာတ်ကောင်အတိုင်း သူ့ကို မြင်လာကြပြီး ငွေတွေလှိမ့်ဝင်တဲ့ ဟယ်ရီပေါ်တာ စီးပွားရေး ကြော်ငြာတွေမှာ ဒယ်နီယယ် ရက်ကလစ်ဖ်ရဲ့ ပုံက အဓိက ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို အသက် ၃၀ အောက် ကြေးအမြင့်ဆုံး သရုပ်ဆောင်တွေထဲမှာ တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒယ်နီယယ် ရက်ကလစ်ဟာ ၂၀၀၆ ခုနှစ်တုန်းက ရစ်ကီ ဂျာဗေးစ်ရဲ့ Extras ဇာတ်လမ်းတွဲမှာ ကြောင်တောင်တောင်နိုင်တဲ့ ဆယ်ကျော်သက် ဆူပါစတား တစ်ဦးအဖြစ် အပျော်သဘောမျိုး ဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ့နောက် ရုပ်ရှင်ပိတ်ကားနဲ့ ပြဇာတ် စင်မြင့်တွေပေါ်မှာ ရဲရဲရင့်ရင့် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တွေနေရာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး ပြဇာတ်ဆရာ ပီတာ ရှက်ဖာရဲ့ Equus ပြဇာတ်မှာ အယ်လန် စထရန်း အဖြစ် သရုပ်ဆောင်ခဲ့ပြီး ကိုယ်တုံးလုံး ချွတ်ရတဲ့ ဇာတ်ဝင်ခန်းတွေ၊ မြင်းတစ်ကောင်နဲ့ လိင်ဆက်ဆံပုံမျိုး ဇာတ်ဝင်ခန်းတွေမှာ ပါခဲ့ပါတယ်။
"လူငယ်သရုပ်ဆောင် တစ်ယောက်အတွက် ဒါဟာ ထူးကဲတဲ့ ဇာတ်ဝင်ခန်းမျိုး ဖြစ်ပါတယ်။ အကြီးအကျယ် အရဲစွန့်ပြီး သူလုပ်ပြနိုင်ခဲ့ပါတယ်" လို့ အဲဒီအချိန်တုန်းက အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ဒယ်နီယယ် ရက်ကလစ်ဖ်အကြောင်း သူ့နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့သူ ဗြိတိသျှမင်းသား ရစ်ချတ် အီး ဂရန့်က ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ ဟယ်ရီပေါ်တာ နောက်ဆုံး ရုပ်ရှင်ကား ထွက်ခဲ့အပြီး ဒယ်နီယယ် ရက်ကလစ်ဖ်ဟာ The Woman in Blackနဲ့ Kill Your Darlings စတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၅ ခုနှစ်မှာ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Shane Carruth ရဲ့ The Modern Ocean ရုပ်ရှင်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway၊ Keanu Reeves တို့နဲ့ ပူးတွဲ သရုပ်ဆောင်ခဲ့ပါတယ်။
အခုအခါ ဒယ်နီယယ် ရက်ကလစ်ဖ် ဟာ အသက် ၃၂ နှစ် ရှိပြီ ဖြစ်ပြီး Guns Akimbo နဲ့ Victor Frankenstein လို သည်းထိတ်ရင်ဖို ရှင်ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကားတွေ ရိုက်ခဲ့တုန်းကလိုတော့ နာမည်ကြီး သရုပ်ဆောင်တွေအကြား မီးမောင်းထိုး ဖော်ပြမခံခဲ့ရပါဘူး။
၂။ အယ်မာ ဝပ်ဆန် (ဟာမိုင်အိုနီး ဂရိန်ဂျာ)
အဓိက သရုပ်ဆောင် ၃ ဦးထဲမှာ အသက်အငယ်ဆုံး ဖြစ်တဲ့ အယ်မာ ဝပ်ဆန်ဟာ ဟာမိုင်အိုနီး ဂရိန်ဂျာ အဖြစ် ပိတ်ကားပေါ်မှာ စသရုပ်ဆောင်ချိန်တုန်းက အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်။
ဟယ်ရီပေါ်တာ ဇာတ်ကားတွေမှာ သရုပ်ဆောင်အပြီး နောက်ပိုင်း အယ်မာ ဝပ်ဆန်ဟာ အကြီးအကျယ် ချီးမွမ်းခံရတဲ့ Perks of Being a Wallflower ရုပ်ရှင်ကားနဲ့ ၂၀၁၉ ခုနှစ်မှာ Little Women ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Beauty and the Beast ရုပ်ရှင်ကားမှာ ဘဲလ် အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ အယ်မာ ဝပ်ဆန်ဟာလည်း သူ့ရဲ့ သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သက်လို့ ခေါင်းကြီးပိုင်း နေရာ တွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
လူတောမတိုးတဲ့ အူကြောင်ကြောင် စာဂျပိုး တစ်ယောက်လို့ သူ့ကိုယ်သူ ဖော်ညွှန်းပြောခဲ့တဲ့ အယ်မာဟာ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံက ထိပ်တန်းတက္ကသိုလ်ကြီး ဖြစ်တဲ့ Brown တက္ကသိုလ်မှာ အင်္ဂလိပ်စာပေ လေ့လာ သင်ယူခဲ့ပါတယ်။
သူကလေးဘဝက မခံစားခဲ့ရတဲ့ ကျောင်းသူဘဝ ကို ပြန်လိုချင်လို့ တက္ကသိုလ် တက်ခဲ့တာလို့ အယ်မာက အင်တာဗျူး မဂ္ဂဇင်းမှာ ပြောပြခဲ့ပါတယ်။
ကမ္ဘာကျော် နာမည်ကြီး မင်းသမီး တစ်ဦးဖြစ်တဲ့ သူရဲ့ တက္ကသိုလ် ကျောင်းသူဘဝ အတွေ့အကြုံကို The Sunday Times သတင်းစာကြီးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အယ်မာ က "ကျောင်းစတက်တဲ့ ပထမဆုံးနေ့တုန်းက စားသောက်ဆိုင်တန်းထဲလည်း ကျွန်မ ဝင်လိုက်ရော၊ အသံတွေ လုံးဝ တိတ်သွားပြီး ကျွန်မကို ဝိုင်းလှည့်ကြည့်ကြတယ်၊ ကျွန်မ စိတ်ထဲကနေ'ဘာမှ မဖြစ်ပါဘူး၊ ဒီတောင်ကို ကျော်နိုင်မှာပါ' ဆိုပြီး မနည်း ပြန်အားတင်းခဲ့ရတယ်"လို့ ပြောပြပါတယ်။
Deathly Hallows ရုပ်ရှင်ကား အပြီးရိုက်ဖို့ တက္ကသိုလ်ကနေ တစ်နှစ် ခဏနားခဲ့ရအပြီး ၂၀၁၄ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။
အမျိုးသမီးအရေးကို တက်တက်ကြွကြွ လှုပ်ရှားပြီး ကုလသမဂ္ဂရဲ့ အမျိုးသမီးအရေး သံတမန်တစ်ဦး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အယ်မာ ဝပ်ဆန်ဟာ Time မဂ္ဂဇင်းရဲ့ ၂၀၁၅ ခုနှစ်အတွက် သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်း ဖော်ပြခံခဲ့ရပါတယ်။
အသက် ၃၀ အရွယ် ရောက်လာပေမဲ့ သူကြင်ဖော် မရှာသေးတာနဲ့ ပတ်သက်လို့ အယ်မာက ကာကွယ် ပြောခဲ့ပြီး ဒီလိုကိစ္စမျိုးမှာ အမျိုးသမီးတွေအပေါ် လူမှုအသိုင်းအဝိုင်းက အကြီးအကျယ် ဖိအားပေးတာမျိုးကို ကန့်ကွက်တယ်လို့ ၂၀၁၉ ခုနှစ်က Vogue မဂ္ဂဇင်းနဲ့ မေးမြန်းခန်းမှာ ထုတ်ဖော် ပြောသွားခဲ့ပါတယ်။
မနှစ်တုန်းကတော့ သရုပ်ဆောင်လောကကနေ ထွက်ဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းတွေကို အယ်မာ ဝပ်ဆန်က ငြင်းဆိုခဲ့ပါတယ်။
၃။ ရူပါ့တ် ဂရင့် (ရောန် ဝီစလေ)
ချစ်စရာကောင်းတဲ့ လူဆိုးလေး ရောန် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရူပါ့တ် ဂရင့်ကို ပရိသတ် အတော်များများက နှစ်ခြိုက် အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့အပြီး နောက်ပိုင်း ရူပါ့တ် ဂရင့်ဟာ ရုပ်ရှင်လောကနဲ့ ခပ်ခွာခွာ နေခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ အဆိုတော် Ed Sheeran ရဲ့ Lego House သီချင်းဗီဒီယိုထဲမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့အတွက် ပရိသတ်တွေ အံ့သြတကြီး ဖြစ်ခဲ့ကြရပါတယ်။ အဲဒီနောက် Into the White ရုပ်ရှင်ကားနဲ့ ၂၀၁၅ ခုနှစ်မှာ Moonwalkers ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
ရူပါ့တ် ဂရင့်ဟာ ပြဇာတ်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ It's Only A Play ဆိုတဲ့ ပြဇာတ်မှာ နာမည်ကြီး အမေရိကန် မင်းသားတွေဖြစ်တဲ့ Matthew Broderick နဲ့ Nathan Lane တို့နဲ့အတူ အဓိက ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ Snatch ၊ the ABC murders နဲ့ Servant တို့လို လျှို့ဝှက်သည်းဖို ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ မထင်မရှား ဇာတ်ကောင်နေရာတွေမှာ တစ်ခါတလေ ဝင်ပါခဲ့ရုံကလွဲလို့ ရူပါ့တ် ဂရင့်ဟာ သူ့ရဲ့ သရုပ်ဆောင်ခ စုဆောင်းငွေတွေကို အိမ်မြေလုပ်ငန်းတွေမှာ အဓိက အာရုံစိုက် ရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက် အခုဆိုရင် စတာလင်ပေါင် ၂၄ သန်းလောက် ချမ်းသာနေပြီလို့ HELLO! မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
မနှစ်တုန်းကတော့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ် ပထမဆုံးအကြိမ် တက်လာတဲ့ ရူပါ့တ် ဂရင့်ဟာ ရင်ခွင်ပိုက် သမီးပေါက်စလေးရဲ့ ပုံကို တင်ရင်း သူကလေးအဖေ ဖြစ်နေပြီလို့ ရုတ်တရက်ကြီး ထုတ်ပြောလိုက်တဲ့အတွက် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
အခုမှ အင်စတာဂရမ် စသုံးတဲ့ ရူပါ့တ် ဂရင့်က "အင်စတာဂရမ်ပေါ် ဂရင့် ရောက်လာပြီနော်" လို့ ကြေညာရင်း အင်စတာဂရမ်ကို သူများထက် ၁၀ နှစ်လောက်ပဲ နောက်ကျ သုံးတာပါ လို့ အရွှန်းဖောက် ပြောခဲ့ပါတယ်။
၄။ တော်မ် ဖယ်လ်တန် (ဒရာကို မာလ်ဖွိုင်)
အနိုင်ကျင့်တတ်တဲ့ ဟော့ဂ်ဝါတ်စ် မှော်ကျောင်းတော်သားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ တော်မ် ဖယ်လ်တန် ဟာ ဟယ်ရီပေါ်တာ ရုပ်ရှင်ကားတွေ ရိုက်ပြီးပြီးချင်း ၂၀၁၁ ခုနှစ်မှာပဲ Planet of the Apes ရုပ်ရှင်ကားမှာ အလားတူ လူဆိုးသရုပ်ဆောင် ဒေါ့ဂျ် လန်ဒန် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ့နောက်ပိုင်း သူဟာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ ပိုအာရုံစိုက်ခဲ့ပြီး Murder in the First ၊ The Flash ဇာတ်လမ်းတွဲတွေမှာ ပါခဲ့သလို ယူကျုမှာ ပြတဲ့ Origin မူလ ဇာတ်လမ်းတွဲတွေမှာ လိုဂန် အဖြစ် ဝင်သရုပ်ဆောင်ခဲ့ပါတယ်။
တော်မ် ဖယ်လ်တန် ဟာ သူ့ရဲ့ အချိန်တွေကို သူဝါသနာပါတဲ့ ဂီတ ဘက်မှာလည်း အချိန်ပေး နှစ်မြှုပ် ခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ အဆိုတော် James Arthur ရဲ့ Empty Space သီချင်း ဗီဒီယိုခွေထဲမှာ ပါခဲ့ပါတယ်။
တော်မ် ဖယ်လ်တန် ဟာ အခုနှစ်အစောပိုင်းမှာ ထွက်တဲ့ YoOHoO သီချင်းအပါအဝင် သူ့ရဲ့ ကိုယ်ပိုင်သီချင်း အတော်များများကို ၂၀၀၈ ခုနှစ်ကတည်းက ထုတ်ခဲ့တာပါ။
အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့ တော်မ် ဖယ်လ်တန်ဟာ ဆိုရှယ်မီဒီယာမှာ ဒရာကို အနေနဲ့ သူ့ပရိသတ်တွေကို စာတွေ မပြတ် ပြန်ကြားပေးရင်း ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲက အတိတ်ဘဝကို ဆက်ဖက်တွယ်ထားဆဲ ဖြစ်ပါတယ်။ မှော်ကျောင်းတော်ကြီးကို ဆက်အမှတ်ရနေတာကို ပြတဲ့အနေနဲ့ တော်မ် ဖယ်လ်တန် ဟာ ပြီးခဲ့တဲ့လက ဟာလိုဝင်း နေ့မှာ ဟယ်ရီပေါ်တာလို ဝတ်ခဲ့ပါသေးတယ်။
ဒီရုပ်ရှင်ကားသစ် ထွက်လာတော့မယ် ဆိုတဲ့ ကြေညာချက် ထွက်လာအပြီးမှာ တော်မ် ဖယ်လ်တန်က "ဒါဟာ ကျောင်းသားဟောင်းတွေ ပြန်ဆုံတွေ့တဲ့ပွဲ လိုများလား" ဆိုပြီး တွစ်တာမှာ ရေးခဲ့ပါတယ်။
၅။ မက်သယူး လူးဝစ်စ် (နဗီး လောင်းဘော့တန်မ်)
နမော်နမဲ့နိုင်ပြီး မထင်မှတ်ထားတဲ့ သူရဲကောင်းဇာတ်ကောင် နဗီး နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မက်သယူး လူးဝစ်စ် ဟာ ပရိသတ်တွေအကြား လူကြိုက်များသူ ဖြစ်ပြီး ရုပ်မြင်သံကြား၊ ရုပ်ရှင်နဲ့ ပြဇာတ်တွေမှာ အတော်များများ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
မက်သယူး လူးဝစ်စ် ဟာ၂၀၁၆ ခုနှစ်မှာ Me Before You ဆိုတဲ့ အချစ်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခွင့် မရခင်မှာ ဘီဘီစီက ထုတ်လွှင့်တဲ့ Happy Valley နဲ့ Death in Paradise ရုပ်မြင်သံကြား ဇာတ်လမ်းတွေမှာ ပါခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ Chanel 5 ရုပ်မြင်သံကြားလိုင်းရဲ့ All Creatures Great and Small ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေပါတယ်။
ဟယ်ရီပေါ်တာ ရုပ်ရှင်ကားကြောင့် သူ့ဘဝမှာ ကောင်းကျိုး ရိုက်ခတ်မှုကြီး တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အော်လန်ဒိုက ယူနီဗာဆယ် စတူဒီယိုမှာ ကျင်းပတဲ့ ဟယ်ရီပေါ်တာ အထိမ်းအမှတ် အခမ်းအနားပွဲတစ်ခုမှာ အဲဒီမှာ အလုပ်လုပ်တဲ့ အန်ဂျလာ ဂျုန်းစ် နဲ့ တွေ့ဆုံ ဖူးစာဆုံခဲ့ရာကနေ နှစ်ရှည်လများ ချစ်ကြိုက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။
အခုအခါ အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ မက်သယူး လူးဝစ်စ် ဟာ သရုပ်ဆောင်တဲ့ အလုပ်အပြင် Leeds United ဘောလုံးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျမိန်း ဘက်ခ်ဖို့ဒ်နဲ့အတူ အသင်းနဲ့ ပတ်သက်တဲ့ ပေါ့ဒ်ကာ့စ် တစ်ခုကို စီစဉ် ထုတ်လွှင့်နေပါတယ်။
အခု ဟယ်ရီပေါ်တာ ရုပ်ရှင်ကားသစ် ထွက်မယ်ဆိုတဲ့ သတင်းအပေါ် မက်သယူး လူးဝစ်စ် က "ဒီနှစ်သစ်ကူးနေ့မှာ...... ငါတို့ အဖွဲ့ ပြန်ဆုံကြတော့မယ်" လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။