ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် စစ်သင်္ဘော ပုံစံတူတွေ သဲကန္တာရထဲ တရုတ်ဆောက်နေ
တရုတ်ပြည် အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသမှာ အမေရိကန်စစ်သင်္ဘော အရွယ်အစားအတိုင်း ပုံစံတူတွေ တရုတ်က တည်ဆောက်နေတယ်ဆိုတဲ့ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာပါတယ်။
အမေရိကန် အာကာသ နည်းပညာ ကုမ္ပဏီ Maxar ကရိုက်ထားတဲ့ ပုံတွေထဲက တစ်ပုံထဲမှာ လေယဉ်တင် စစ်သင်္ဘောပုံစံတစ်ခုကို ရထားလမ်းပေါ်မှာ တင်ထားတာကိုတွေ့ရပါတယ်။
အမေရိကန် ရေတပ်အကြောင်းတွေကို အထူးပြုရေးသား တင်ပြနေတဲ့ USNI Newsက ဒီသင်္ဘော ပုံစံတွေဟာ စစ်တပ်က သုံးဖို့ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေ ဖြစ်ပုံရတယ်လို့ ဖော်ပြပါတယ်။
တရုတ်နိုင်ငံက သင်္ဘောပေါ်ကပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်နေတာ နှစ်အတန်ကြာ ရှိနေပါြပီ။
တောင်တရုတ်ပင်လယ်ထဲက ဆက်ဆံရေးတင်းမာမှုကို အကြောင်းပြပြီး တရုတ်က လတ်တလောလတွေအတွင်းမှာ နျူကလီးယား လက်နက်တွေအပါအဝင် စစ်အင်အားတိုးချဲ့မှုတွေ လျင်လျင်မြန်မြန် လုပ်နေတယ်လို့ အမေရိကန်ကလည်း သတိပေးထားတာ ရှိပါတယ်။
တာကလာမခန် သဲကန္တာရထဲမှာတွေ့ရတဲ့ အရာဝတ္ထုတွေရဲ့ ပုံဟာ လက်နက်တွေနဲ့ အခြားအသေး စိတ်ပစ္စည်းတွေမပါတဲ့ အမေရိကန်စစ်သင်္ဘောပုံစံ ဖြစ်တယ်လို့ USNI သတင်းဌာနက တနင်္ဂနွေကထုတ်ပြန်ခဲ့တဲ့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ပုံတွေထဲမှာ လေယာဉ်တင် သင်္ဘောပုံစံတစ်ခုနဲ့ အမေရိကန်ရေတပ်ဖျက်သင်္ဘော၂ စင်းပုံစံတွေကို တွေ့ ရတယ်လို့ သတင်းထဲမှာ ဖော်ပြထားတာပါ။
ဒီလို တည်ဆောက်မှုတွေ လုပ်နေတာဟာ " လေယာဉ်တင် သင်္ဘောတွေ တွေ၊ အထူးသဖြင့် အမေရိကန် စစ်သင်္ဘာတွေကို တိုက်ခိုက်နိုင်စွမ်းရှိအောင် တရုတ်က အာရုံစိုက်ဆက်လုပ်နေတယ်ဆိုတာ ပြနေတယ်" လို့ အဲဒီ သတင်းဝက်ဘ်ဆိုက်က ပြောပါတယ်။
ဒီနှစ်အစောပိုင်းကလည်း အာကာသထဲကတဆင့် ပစ်လွှတ်နိုင်တဲ့ အသံထက် ၅ ဆမြန်တဲ့ နျူကလီးယား ဒုံးကျည်စမ်းသပ်မှုတစ်ခု လုပ်တယ်လို့ ယူဆရတဲ့ သတင်းတွေထွက်လာလို့ အမေရိကန် အစိုးရကို စိုးရိမ်မှုတွေ ဖြစ်လာစေခဲ့ပါသေးတယ်။
အဲ့ဒီသတင်းကို တရုတ်ဘက်က မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီးအာကာသယာဉ်ပုံမှန် စမ်းသပ်မှု လုပ်နေတာလို့ ဆိုပါတယ်။
ကမ္ဘာ့နယ်မြေပိုင်ဆိုင်မှု အငြင်းအပွားဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်ရေတပ်က ပုံမှန် စစ်ရေးလေ့ကျင့်မှုတွေလို့ ဆိုတဲ့ စစ်သင်္ဘောတွေ ပုံမှန် သွားလေ့ရှိပါတယ်။
တောင်တရုတ်ပင်လယ်ထဲက နေရာအများစုကို သူတို့ပိုင်တယ်လို့ တရုတ်က ပြောနေပေမဲ့ ဒေသတွင်းကတိုင်းပြည်တွေနဲ့ အမေရိကန်က အဲ့ဒါကို လက်မခံပါဘူး။
ဆယ်စုနှစ်တွေအတွင်း တရုတ်က တောင်တရုတ်ပင်လယ်ထဲက နေရာအများစုကို သူတို့ပိုင်တယ်လို့ ပြောနေတာကို ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ဘရူနိုင်း၊ တိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ကန့်ကွက်ကြတဲ့အတွက် အခုနှစ်ပိုင်းမှာ ဆက်ဆံရေးတင်းမာမှုတွေက တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
ဒီနယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စမှာ တရုတ်နဲ့ ဆန့်ကျင်ဘက် နိုင်ငံအများအပြားဘက်ကို အမေရိကန်က ရပ်တည်ထားပါတယ်။