ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှု ရှိတဲ့ အံ့သြစရာ အချက် ၅ ချက်
ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ဖို့အတွက် လူတွေအနေနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာကို သိသင့်သလောက် သိနေကြပြီး ဖြစ်ပါတယ်။
လေကြောင်း ခရီးသွားလာမှုတွေ လျှော့၊ လျှပ်စစ်ကားတွေ ပြောင်းသုံး၊ အသီးအရွက်ကို ပိုစားတာမျိုးတွေကတော့ သိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ သိပ်သတိမပြုမိကြတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ် တနည်းတဖုံ အကျိုးသက်ရောက်စေတဲ့ အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆန်၊ စပါး
ကုလသမဂ္ဂရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆန် စားကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် တဖက်မှာ အဲဒီ ဆန်ကို ရဖို့အတွက် စပါးစိုက်ရတာက ပြဿနာ ရှိပါတယ်။
စပါးခင်းတွေ စိုက်ပျိုးဖို့ ရေအများအပြား လိုအပ်ပါတယ်။ နောက်ပြီး လယ်ကွင်းတွေ၊ စိုစွတ်နေတဲ့ စိုက်ပျိုးမြေထဲမှာ နေထိုင်ကြတဲ့ အင်မတန်သေးငယ်တဲ့ သက်ရှိ ဇီဝရုပ် အကောင်ငယ်လေးတွေ ဆီကနေ ထုတ်တဲ့ မီသိန်းဓာတ်ငွေ့တွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့ ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ထက် အများကြီးပိုပြီး ပြင်းထန်တဲ့ ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။
အဲဒီ စပါးစိုက်ပျိုးခြင်းဆီက ထွက်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေဟာ လူတွေဆီက ထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ၁ ကနေ ၂ ရာခိုင်နှုန်း ရှိပါတယ်။ နောက်ပြီး စိုက်ပျိုးမြေသစ် ဖော်ထုတ်နိုင်ဖို့ အတွက် သစ်တောတွေကို ခုတ်ထွင် မီးရှို့ ရှင်းလင်း ခြင်းတွေကနေလည်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ကမ္ဘာ့လေထုထဲကို ရောက်ရှိနေပါတယ်။
ကမ္ဘာတဝန်းက စိုက်ပျိုးရေး ပညာရှင်တွေကတော့ စပါးစိုက်ပျိုးခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ဖို့ အတွက် ရေအများကြီး မသွင်းဘဲ စိုက်ပျိုးနိုင်ပြီး အထွက်လည်း ပိုကောင်းမယ့် စပါးမျိုးတွေကို စိုက်ပျိုးနိုင်ဖို့ ကြိုးစားနေကြပါတယ်။
၂။ အင်တာနက် အသုံးပြုမှု
အင်တာနက် အသုံးပြုမှုတွေလည်း ကာဗွန်ဒိုင်အောက်ဆိုက် ဂရမ်အနည်းငယ်မျှ ထွက်စေပါတယ်။ စက်ပစ္စည်းတွေနဲ့ အင်တာနက် ကွန်ရက်တွေကို အသုံးပြုနိုင်ဖို့ အတွက် စွမ်းအင် လိုအပ်တာကြောင့် ဖြစ်ပါတယ်။
အပေါ်ယံကြည့်ရင်တော့ ဘာမှ မရှိဘူးလို့ ထင်စရာ ရှိပေမယ့် တကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုသူပေါင်း ၄.၆၆ ဘီလျံ ရှိတော့ အားလုံးပေါင်းရင် ဘယ်လောက် များမလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။
ကမ္ဘာတဝန်းမှာ နေ့စဥ် ယူကျု ဗီဒီယိုတွေ ကြည့်ရှုကြတဲ့ အချိန်ကလည်း နာရီပေါင်း ၁ ဘီလျံ ရှိပါတယ်။ အဲဒီ ဗီဒီယိုတွေ လွှင့်ပေးနေတဲ့ ပလက်ဖောင်းပိုင်ရှင် ဂူဂယ်လ်ကတော့ သူတို့ ဆာဗာတွေကို ပြည့်ဖြိုးမြဲ စွမ်းအင်သုံးပြီး လည်ပတ်စေကာ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။
ဒီဗီဒီယိုတွေကို ကြည့်ရှုကြသူတွေ ဘက်မှာလည်း ကာဗွန်ထုတ်လွှတ်မှုတွေ ရှိပါတယ်။
ယူကေက ဘရစ္စတဲလ် တက္ကသိုလ်ရဲ့ လေ့လာချက်အရ ပြီးခဲ့တဲ့ ၂၀၁၆ အတွင်း ယူကျု ကြည့်ရှုသူတွေကြောင့် လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၁၁.၁၃ သန်း ထွက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ အခု COP26 ရာသီဥတုပြောင်းလဲမှု ညီလာခံကြီး ကျင်းပနေတဲ့ ဂလပ်စဂိုမြို့ဆီက ထုတ်လွှတ်တဲ့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ ပမာဏနဲ့ မတိမ်းမယိမ်း ရှိပါတယ်။
၃။ ဆည်၊ ရေကာတာများ
ရေကာတာတွေ တည်ဆောက်ကြတဲ့ အခါ ရေအောက် ရောက်သွားတဲ့ မြေပြင်ပေါ်က အပင်နဲ့ တခြား အော်ဂန်းနစ် ဇီဝအခြေခံ ပစ္စည်းတွေဟာ ပျက်စီးယိုယွင်း ပြိုကွဲပြီးနောက် စပါးခင်းတွေက မီသိန်းဓာတ်ငွေ့တွေ ထွက်သလိုပဲ မီသိန်းဓတ်ငွေ့တွေ ထွက်လာပါတယ်။
ဝါရှင်တန် ပြည်နယ် တက္ကသိုလ်-ဗန်ကူးဗားက သုတေသီတွေက ကမ္ဘာတဝန်းမှာ ရေကာတာတွေ ဆည်တွေကနေ ထွက်နေတဲ့ ဖန်လုံအိမ်ဓတ်ငွေ့တွေက နှစ်စဥ် လူကြောင့်ထွက်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ၁.၃ ရာခိုင်နှုန်း ရှိပြီး ဒါဟာ ကနေဒါ နိုင်ငံရဲ့ ထုတ်လွှတ်မှုနဲ့ အတူတူလောက် ရှိပါတယ်။
တဘက်မှာတော့ ဒီရေကာတာနဲ့ ဆည်တွေကို ရေအားလျှပ်စစ် ထုတ်လွှတ်ရေးအတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲ စွမ်းအင်လည်း ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုလည်းနည်းတဲ့ လျှပ်စစ်ဟာ တွင်းထွက် ရုပ်ကြွင်း လောင်စာနေရာမှာ အစားထိုးသုံးစွဲနိုင်ပါတယ်။ ဒါကြောင့်လည်း တချိန်မှာ ရေကာတာတွေက ထွက်နေတဲ့ မီသိန်းဓာတ်ငွေ့ တွေကို ဒီပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ ပြန်လည်ချေဖျက်ပြီးသား ဖြစ်လာမှာ ဖြစ်ပါတယ်။
၄။ ဒိန်ခဲ
သားငါးလုပ်ငန်းတွေက ကာဘွန်ုထုတ်လွှတ်မှုတွေမှာ အမဲသားနဲ့ သိုးသားတွေ ပြီးရင် ဒိန်ခဲဟာ တတိယ ကာဗွန်ထုတ်လွှတ်မှု အများဆုံး ဆိုရင် အံ့သြသွားနိုင်ပါတယ်။
ဒီဒိန်ခဲတွေဟာ ၁ ကီလိုစားသုံးဖို့ ကာဗွန်ဒိုင် အောက်ဆိုက် ၁၃.၅ ကီလိုဂရမ် ပြန်ထွက်နေပါတယ်။
ဒါကြောင့် ကြက်၊ ဝက်၊ ကြက်ဆင်နဲ့ ဆယ်လမွန်ငါးတို့ကို ကျော်တက်ပြီး ကာဗွန် ထုတ်လွှတ်မှု ဇယားရဲ့ ထိပ်ပိုင်းနားကို ရောက်နေတာ ဖြစ်ပါတယ်။
ဒိန်ခဲ ၁ ကီလိုဂရမ် ထုတ်လုပ်ဖို့ အတွက် နွားနို့ ၁၀ လီတာ သုံးရပါတယ်။ ခပ်ပျော့ပျော့ ဒိန်ခဲ တွေအတွက်တော့ အဲ့လောက် မလိုအပ်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းတယ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာတဝန်းက နို့ထွက်ပစ္စည်း လုပ်ငန်းတွေက ထွက်ရှိနေတဲ့ ပမာဏဟာ လူ့ပယောဂ မကင်းတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ မွေးမြူထားတဲ့ နွားနဲ့ တခြား နို့ထွက် တိရစ္ဆာန်တွေဟာလည်း တစိတ်တပိုင်း တာဝန်ရှိနေကြပါတယ်။ သူတို့ဆီက ထွက်နေတဲ့ မီသိန်းဓာတ်ငွေ့တွေဟာ ကမ္ဘာ့လေထုကို ကာဗွန်ဒိုင်အောက်ဆိုက်ထက်တောင် ပိုပြီး ညစ်ညမ်းစေတာကြောင့် ဖြစ်ပါတယ်။
၅။ မိန်းကလေး ပညာရေး
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ တန်းတူအခွင့်အလမ်းတွေ ရဖို့ အတွက် ကျောင်းတက် ပညာသင်ကြတဲ့ အခါမှာ ကမ္ဘာ့ရာသီဥတုပိုင်း ဆိုင်ရာ မဟာဗျူဟာတွေကိုလည်း တနည်းတဖုံ အကျိုးဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
အလယ်တန်း အဆင့်အထိ ပညာသင်ကြားခဲ့တဲ့ အမျိုးသမီး တယောက်ဟာ သူ့သက်တမ်းတလျှောက်မှာ မူလတန်း အဆင့်အထိပဲ ပညာသင်ကြားခဲ့ရတဲ့ အမျိုးသမီးတယောက်ထက် စာရင် ကလေးတယောက် လျှော့မွေးဖို့ များတယ်လို့ ဆိုပါတယ်။
ဒီလို ကလေးမွေးနှုန်းနည်းသွားရင် လူဦးရေတိုးနှုန်းကလည်း ကျသွားမှာ ဖြစ်တာကြောင့် ကာဗွန်ထုတ်လွှတ်မယ့် လူအရေအတွက်ပါ နည်းလာမှာ ဖြစ်ပြီး ကမ္ဘာကြီးပေါ်မှာ အပြုသဘောအကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။
ပညာရေးဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ရာသီဥတုအရေးမှာ ဦးဆောင်သူတွေလည်း ဖြစ်လာစေဖို့ တွန်းအားပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ ကမ္ဘာ့နိုင်ငံတွေက လွှတ်တော်တွေမှာ အမျိုးသမီး အမတ်တွေ များတယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို ပြင်ဆင်တာ၊ ကာကွယ်ထိန်းသိမ်းတဲ့ မြေဧရိယာတွေ သတ်မှတ်တာနဲ့ ပိုတင်းကြပ်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေကို ပြဌာန်းတာမျိုးတွေ လုပ်လေ့ ရှိကြပါတယ်။
ပြန်လည်ပြည့်ဖြိုးမှု ဆိုင်ရာ သိပ္ပံပညာရှင် ကင်ဘာလေ နစ်ကိုးလ်စ် က လူ့အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေအတွက် ပညာရေးနဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာတွေဟာ ကမ္ဘာကြီးအတွက် အရေးကြီးတယ်၊ ရာသီဥတု ပြောင်းလဲမှုအရေး တခုတည်းမှာတင်မကဘဲ တခြားအရေးကိစ္စတွေမှာပါ ပါဝင်နိုင်ရင် နေချင့်စဖွယ် ကမ္ဘာမြေကြီး ဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။