ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
COP26 -၂၀၇၀ မှာ အိန္ဒိယကာဗွန်ထုတ်လုပ်မှု သုညဖြစ်ရေး ကတိပေး
၂၀၇၀ ပြည့်နှစ်မှာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညအဆင့်ထိ ရောက်အောင် လုပ်ဆောင်သွားမယ်လို့ အိန္ဒိယက ကတိပေးလိုက်ပါတယ်။ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ COP26 မှာ ၂၀၅၀ မှာ ကာဗွန်ထုတ်လုပ်မှုကို သုညအဆင့်လျှော့ချရေး ကတိပြုကြရေး ရည်မှန်းချက်ကိုတော့ မမီခဲ့ပါဘူး။
ဂလက်စ်ကိုမှာ လုပ်နေတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါမိုဒီက ကတိပေးလိုက်တာ ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု သုညအဆင့်ရောက်အောင်လုပ်မယ်လို့ သူ့နိုင်ငံအနေနဲ့ ပထမဆုံး ကတိပေးခဲ့ပါတယ်။
ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညအဆင့်ရောက်အောင်လုပ်မယ်လို့ ကတိပေးတဲ့ Net zeroဆို တာက ကမ္ဘာ့လေထုကိုညစ်ညမ်းစေပြီး အပူချိန်မြင့်တက် စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တွေ လုံးဝမထွက်တော့တာအောင် လုပ်တာကို ပြောတာပါ။
တရုတ်က ၂၀၆၀ ကို ရည်မှန်းတယ်လို့ ကြေညာထားပြီး အမေရိကန်နဲ့ ဥရောပတို့က ၂၀၅၀ မှာ ပြည့်မီအောင်လုပ်ဖို့ ရည်မှန်းထားကြပါတယ်။
၂ ပတ်ကြာ ကျင်းပနေတဲ့ COP26 ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်းစုံက ခေါင်းဆောင် ၁၂၀ ကျော် တက်ရောက်နေကြပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုကို တားဆီးနိုင်ဖို့ သူတို့ရဲ့ ရည်မှန်းချက်အသီးသီးကို တနင်္လာနေ့က ပြောခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင် ဒါဇင်နဲ့ချီထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်တို့လည်း ပါပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ရာသီဥတုအပြောင်းအလဲကိုတားဆီးရေးနေ့စဥ် လုပ်ဆောင်ချက် နှေး ကွေးလေးလံနေတဲ့အတွက် သက်ရောက်မှုတွေ ပိုတိုးလာနေတာလို့ သမ္မတဂျိုး ဘိုင်ဒန်က ပြောပါတယ်။
ဒါပေမယ့် ကမ္ဘာ့ပူနွေးလာမှုကို တိုက်ဖျက်တဲ့ကိစ္စဟာ ကမ္ဘာ့စီးပွားရေးကို အခွင့်အလမ်းကောင်းတွေ ဆောင်ကျဥ်းပေးနိုင်တယ်လို့လည်း မစ္စတာဘိုင်ဒန်က အခြားနိုင်ငံက တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။
အိန္ဒိယရဲ့ ကာဗွန်ကင်းစင်ရေး ကတိ
တကယ်တော့ အိန္ဒိယဟာ တရုတ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ပြီးရင် ကာဗွန်ဒိုင်အောက်ဆိုက် စတုတ္ထ အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံပါ။
ဒါပေမယ့် သူ့တိုင်းပြည်က လူဦးရေများတဲ့အတွက် တစ်ဦးချင်း ကာဗွန်ထုတ်လုပ်မှုဟာ အခြားကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံတွေထက် အများကြီးနည်းနေတာကို တွေ့ရပါတယ်။
၂၀၁၉ ခုနှစ် တိုင်းတာမှုအရ အိန္ဒိယရဲ့ လူတစ်ဦးချင်းစီရဲ့ တစ်နှစ် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လုပ်မှုက ၁.၉ တန် နှုန်း ရှိပြီး ၊ အဲ့ဒီနှစ်တုန်းက ရုရှားရဲ့ လူတစ်ဦးချင်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုက ၁၂.၅ တန်၊ ၁၅.၅ တန်ထုတ်နေတဲ့ အမေရိကန်တို့ထက်တော့ အများကြီး နည်းနေပါတယ်။
သူ့နိုင်ငံက လုပ်မယ်လို့ အာမခံထားတဲ့ အချက် ၅ ချက်ထဲက တစ်ချက်ကို မိုဒီက ဒီညီလာခံမှာ ကတိပေးခဲ့တာပါ။
အိန္ဒိယက လုပ်မယ်လို့ ကတိပေးထားတဲ့ ၅ ချက်ထဲမှာ ၂၀၃၀ ခုနှစ် ကျရင် တိုင်းပြည် စွမ်းအင်လိုချက် ၅၀ ရာခိုင်နှုန်းကို ပြည့်ဖြိုးမြဲစွမ်းအင်ကနေ အသုံးပြုသွားမယ်လို့ ရည်မှန်းထားတာပါပါတယ်။ ပြီးတော့ အဲ့ဒီနှစ်မှာပဲ ကာဗွန်ထုတ်လုပ်မှု တစ်ဘီလျံတန် လျှော့ချသွားဖို့ စီမံချက်လည်း ရှိပါတယ်။
အိန္ဒိယရဲ့ ၂၀၇၀ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လုပ်မှုကင်းစင်ရေး စီမံချက် ကတိကဝတ်တွေကို တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေကတော့ စိတ်ပျက်ကောင်း စိတ်ပျက်နိုင်ဖွယ်ရှိပြီး အိန္ဒိယပြည်သူတွေကတော့ သဘောကျကြဖွယ် ရှိပါတယ်။
အိန္ဒိယက ရုပ်ကြွင်းလောင်စာ မသုံးဘဲ လျှပ်စစ်စွမ်းအင် ၅၀၀ ဂစ်ဂါဝပ်ထုတ်တာ၊ စွမ်းအင်လိုအပ်ချက်ရဲ့ တစ်ဝက်ကို ပြည့်ဖြိုးမြဲစွမ်းအင်ကနေသုံးစွဲတာ၊ ၂၀၃၀ မှာ ကာဗွန်ထုတ်လုပ်မှု တန် တစ်ဘီလျံလျှော့ချမှာနဲ့ ဂျီဒီပီနဲ့ ကာဗွန်ထုတ်လုပ်မှု နှိုင်းယှဥ်ချက်ကို ၄၅ ရာခိုင်နှုန်း လျှော့ချရေး တို့ကို ရည်မှန်းထားတယ်လို့ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေ ဆိုင်ရာ ထိပ်တန်း သုတေသနအဖွဲ့ ရဲ့ အမှုဆောင်အရာရှိချုပ် အရူနာဘာ ဂို့ရှ်ကရဲ့ အဆိုအရ သိရပါတယ်။
"အဲဒါက တကယ်လက်တွေ့ကျတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တားဆီးရေးလှုပ်ရှားမှုပါ။ အခု ရာသီတုပြောင်းလဲမှုဆိုင်ရာလုပ်ဆောင်မှုတွေအတွက် ရန်ပုံငွေတွေ အမြန်ဆုံး ရဖို့ အိန္ဒိယက တောင်းဆို ထားတာက ဒေါ်လာ တစ်ထရီလျံ ရှိပြီး ရာသီဥတု ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ရုံမက ရာသီဥတု ရံပုံငွေတွေကိုပါ စောင့်ကြည်မှာပါ" လို့ ဆိုပါတယ်။
ဘီဘီစီ သတင်းထောက် ဗီကက်စ်ပန်ဒီက အိန္ဒိယဝန်ကြီးချုပ်ဟာ အိန္ဒိယရဲ့ စီးပွားရေး အလားအလာတွေကို ထည့်မတွက်ဘဲ ရာသီဥတုပြောင်းလဲမှုကိစ္စကိုပဲ အသည်း အသန်အာရုံစိုက် ပြောနေတာလို့ ဆိုပါတယ်။
ပြီးတော့ ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး သတင်းတွေရဲ့ ခေါင်းစဥ်တွေမှာ ကြီးမားတဲ့ ၊အဓိကကျတဲ့ ဆိုတဲ့ စကားလုံးတွေသုံးနေကြတယ်လို့လည်း သူက ပြောပါတယ်။
အိန္ဒိယရဲ့ အရေးပါတဲ့ ခြေလှမ်း
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက် မတ်မက်ဂရက်ရဲ့ သုံးသပ်ချက်
ရာသီဥတုပြောင်းလဲမှုကိုတားဆီးဖို့ ကိစ္စတွေမှာ အရေးကြီးဆုံးနည်းလမ်းတစ်ခုအဖြစ် လူတွေရဲ့ နေပုံထိုင်ပုံတွေ ပြောင်းဖို့လိုတာကို အဓိကထားပြီး အခြားကမ္ဘာ့ခေါင်းဆောင်တွေရှေ့မှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက အချိန်တော်တော်များများမှာ ပြောသွားပါတယ်။
ဒါပေမဲ့ အရေးအကြီး သတင်းကိုတော့ နောက်ဆုံးမှ ထုတ်ပြောခဲ့ပါတယ်။
အိန္ဒိယရဲ့ ရာသီဥတု ထိန်းသိမ်းရေး နည်းလမ်းငါးသွယ်လို့ ပြောခဲ့ပြီး ၂၀၇၀ မှာ သူ့နိုင်ငံက ကာဗွန်ထုတ်လုပ်မှု သုညအဆင့်ထားဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့တာပါ။
ဒါဟာ ကမ္ဘာမှာ ကာဗွန်ဓာတ်ငွေ့တွေ တတိယအများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံအတွက် ထူးခြား အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ ဆိုပေမယ့် သူ့တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအင်လိုချက် ၅၀ ရာခိုင်နှုန်းကျော်က ကျောက်မီးသွေးကနေ ထုတ်ယူနေရဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် အိန္ဒိယက ရည်မှန်းထားတဲ့အချိန်ဟာ သိပ္ပံပညာရှင်တွေပြောနေတဲ့ ကမ္ဘာကြီး ပူနွေးလာမှု အနေအထား အန္တရာယ်အရှိဆုံးအဆင့်ကို မရောက်ခင်တားဆီးဖို့ လုပ်နေတယ်ဆိုတဲ့ ရာစုနှစ်ဝက်ရည်မှန်းချက်နဲ့ လည်း ဝေးကွာလွန်းသလိုဖြစ်နေပါတယ်။
ဒါပေမယ့် အိန္ဒိယရဲ့ ရည်မှန်းချက်ကိုတော့ ယေဘုယျအားဖြင့်တော့ ကြိုဆိုခဲ့ကြတယ်လို့ ပြောရမှာပါ။
ကိုယ့်သေတွင်း ကိုယ်တူးနေတာ
မစ္စတာမိုဒီရဲ့ မိန့်ခွန်းဟာ စကားလုံးပြင်းပြင်းတွေနဲ့ ပြောတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ် မိန့်ခွန်းပြောအပြီးမှာ ပြောခဲ့တာပါ။
မစ္စတာဂူးတားရက်စ်က လူတွေက "ကိုယ့်သေတွင်းကို ကိုယ်တူးနေကြတာ "လို့ ပြောခဲ့ပြီး ရုပ်ကြွင်းလောင်စာတွေကို သုံးတာဟာ "သဘာဝပတ်ဝန်းကျင်ကို အိမ်သာလို အသုံးပြုနေကြတာ "လို့ ပြောခဲ့ပြီး အဲ့ဒီကိစ္စတွေကို ရပ်တန်းက ရပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
ယူကေ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ကျွန်တော်တို့ အခုအချိန်မှာ မလုပ်နိုင်ခဲ့ရင် နောက်မျိုးဆက်က "ကျွန်တော်တို့ကို ခါးခါးသီးသီး အပြစ်တင်ကြလိမ့်မယ်" လို့ ညီလာခံမှာ ပြောခဲ့ပါတယ်။
"အလားတူ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကလည်း ဒီအချိန်ကာလကို အမိအရ ဆုပ်ကိုင်ပြီး မလုပ်နိုင်ခဲ့ရင် နောက်ကြုံရမယ့် အဆိုးဆုံးရင်ဆိုင်ရမှာတွေကို ကျွန်တော်တို့ ဘယ်သူမှလွတ်မှာ မဟုတ်ဘူး"လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ညီလာခံအပြင်ဘက်က စကော့တလန်ရဲ့ အကြီးဆုံးမြို့ရဲ့ လမ်းတွေပေါ်မှာတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြတဲ့သူတွေက ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဒီထက်ပိုတဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံရေးသမားတွေဟာ ကျွန်မတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်ချင်ယောင် ဆောင်နေကြတာလို့ သဘာဝပတ်ဝန်းကျင်အရေး စည်းရုံးလှုံ့ဆော်သူ ဆယ်ကျော်သက် ဂရီတာသွန်းဘက်က ဆန္ဒပြတဲ့ လူအုပ်ကြီးကို ပြောခဲ့ပါတယ်။
"အပြောင်းအလဲက အဲ့ဒီအဆောက်အဦးထဲက လာနေတာမဟုတ်ဘူး။ အဲ့ဒီကလူတွေက ခေါင်းဆောင်ပိုင်း မဟုတ်ဘူး။ ခေါင်းဆောင်မှုဆိုတာမျိုးက ဒီနေရာကို ပြောတာ"လို့ ပြောခဲ့ပြီး သူပြောအပြီးမှာ လူတွေက သူ့ကို အားပးခဲ့ကြပါတယ်။