ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာကွယ်ဆေး ထိုးထားသူ ခရီးသွားတချို့ကို နိုဝင်ဘာလ ၁ ရက်နေ့က စလို့ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ပြုတော့မယ်
ကိုဗစ်ကူးစက်မှုအန္တရာယ် နည်းပါးတဲ့ နိုင်ငံ အနည်းဆုံး ၁၀ နိုင်ငံကနေ ထိုင်းနိုင်ငံထဲ လာရောက်တဲ့ ကာကွယ်ဆေး အပြည့်ထိုးထားသူ ခရီးသွားတွေ ကွာရန်တင်း ဝင်ဖို့ စည်းကမ်း သတ်မှတ်ထားတာကို နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ ပယ်ဖျက်ပေးဖို့ ထိုင်းအစိုးရက စီစဉ်နေတယ်လို့ ထိုင်းတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
အန္တရာယ်တချို့ ရှိလာနိုင်တဲ့ကြားက စွန့်စားပြီး ဒီလို ဆုံးဖြတ်ခဲ့ရတယ် ဆိုတာကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ထုတ်ဖော်ဝန်ခံခဲ့ပေမယ့် ပြိုလဲနေတဲ့ ထိုင်းခရီးသွားလုပ်ငန်းကဏ္ဍ ပြန်ထူထောင်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်ထားပါတယ်။
ကိုဗစ်ကူးစက်မှု အန္တရာယ် နည်းပါးတဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ ယူကေ၊ တရုတ်၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံမှာ ဇူလိုင်လကစလို့ ကိုဗစ်ရောဂါ အတည်ပြုလူနာ နေ့စဉ် တစ်သောင်းကျော် ရှိခဲ့ပါတယ်။
အခုအခါ လူဦးရေ သန်း ၇၀ နီးပါးထဲက ၃၃ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့် ထိုးပြီး ဖြစ်ပြီး လူဦးရေ တစ်ဝက်လောက်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးထားပြီး ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ ဖျော်ဖြေရေး နေရာတွေကိုလည်း ပြန်ဖွင့်ခွင့်ပြုတော့မှာဖြစ်ပြီး အရက် ရောင်းချခွင့် ပြန်ပြုတော့မယ်လို့ ဝန်ကြီးချုပ် ပရာယွတ် က ပြောပါတယ်။
နောက်ထပ်နိုင်ငံက လူတွေ ထိုင်းနိုင်ငံထဲ လာခွင့်ပြုဖို့ အဲဒီနေ့ကျရင် ထိုင်းအစိုးရက ထုတ်ဖော်ကြေညာဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
မနေ့က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောစဉ် ဝန်ကြီးချုပ် ပရာယွတ်က အခုလို ပြောသွားခဲ့တာပါ။
ကိုဗစ်ကူးစက်မှု အန္တရာယ်နည်းတဲ့ နိုင်ငံ ၁၀ နိုင်ငံက ခရီးသွားတွေ ရောက်လာတဲ့အခါ သူတို့မှာ ကိုဗစ်ရောဂါ မရှိကြောင်း ဆေးစစ်ထားချက်ကို ပြရမှာ ဖြစ်ပြီး ရောက်ရောက်ချင်းမှာလည်း ကိုဗစ်ရှိမရှိ ဆေးစစ်တာ ထပ်လုပ်ရမယ်လို့ ဆိုပါတယ်။
တကယ်လို့ ရောက်ရောက်ချင်း ဆေးစစ်တဲ့အခါ ပိုးမရှိဘူးလို့ တွေ့ရင် အဲဒီခရီးသွားတွေဟာ ထိုင်းပြည်သူတွေလိုပဲ ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်က ပြောပါတယ်။
ဒါပေမဲ့လည်း တကယ်လို့ ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာတာမျိုး ဒါမှမဟုတ် ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ပိုးသစ်တစ်မျိုး ပေါ်လာခဲ့ရင်တော့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်တာမျိုး လုပ်ရလိမ့်မယ်လို့ သူက သတိပေး ပြောသွားခဲ့ပါတယ်။
သဲသောင် အပန်းဖြေကမ်းခြေတွေနဲ့ ညလုံးပေါက် ညကလပ်တွေကြောင့် ခရီးသွားတွေ အလာများတဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဝင်ငွေဟာ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ဘီလျံ ၅၀ လောက် ဆုံးရှုံးခဲ့ရပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဇန်ဝါရီလမှာ တရုတ်နိုင်ငံ ပြင်ပက ကိုဗစ် ကူးစက်ခံရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ကိုဗစ်ကူးစက်မှု တားဆီးဖို့ ဧပြီလမှာ နယ်စပ်တွေကို ပိတ်ပစ်ပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ရာမှာ ပြည်တွင်း ထုတ်ကုန်စုစုပေါင်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း ရနေတဲ့ ခရီးသွားလုပ်ငန်း အကြီးအကျယ် အထိနာခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းဟာ ဆယ်ဂဏန်းအထိ ထိုးကျသွားခဲ့ပြီး ကိုဗစ်ကူးစက်မှု စံချိန်တင်တားဆီးနိုင်တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။
အခုနှစ်မှာတော့ ဒယ်လ်တာ ဗီဇပြောင်း ကိုဗစ်ပိုးသစ် ရောက်လာတဲ့အတွက် ရောဂါကူးစက်မှုတွေ တိုးလာခဲ့ပြီး ၂၀၂၀ ခုနှစ်ကုန်မှာ ရောဂါကူးစက်သူ စုစုပေါင်း ၇၀၀၀ တောင် မရှိရာကနေ အခုဒီကနေ့မှာ ရောဂါကူးစက်သူ ၁ ဒဿမ ၇ သန်းအထိ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ကိုဗစ်ကူးစက်မှု တားဆီးဖို့ နိုင်ငံခြားသား ခရီးသွားတွေ ထိုင်းနိုင်ငံထဲလာခွင့် တာရှည် ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့တော့ လူတွေ သိပ်ဘဝင် မကျတော့ပါဘူး။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက အစိုးရကို ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ ပန်ကြားလာကြပါတယ်။
ထိုင်းနိုင်ငံဟာ မနှစ်တုန်းက ကိုဗစ်ကူးစက်ဖြစ်ပွားမှုကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပေမဲ့ မျှော်လင့်မထားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးတွေ အလျင်စလို မှာစရာမလိုဘူးလို့ ထိုင်းအစိုးရက ယူဆခဲ့မိတဲ့အချက်ပါ။ ရောဂါကူးစက်သူတွေ များလာချိန်မှာ ရုတ်တရက်ထလုပ်ရတဲ့ ကာကွယ်ဆေး စီမံကိန်းကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီး လူထုအကြား ဒေါသအမျက်ထွက်ခဲ့ကြပါတယ်။
လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးမှ နယ်စပ်တွေ ပြန်ဖွင့်မယ်လို့ ထိုင်းအစိုးရကိုယ်တိုင် ထုတ်ဖော်ကြေညာထားခဲ့ပေမဲ့ အခုလို နယ်စပ်တွေ ပြန်ဖွင့်ဖို့ စလုပ်ခဲ့ရတာဟာ စီးပွားရေး ပြန်နာလန် ထူလာရေး လုပ်ဆောင်ဖို့ လိုနေတဲ့အတွက် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ထိုင်းအစိုးရက အခုနှစ်ကုန်အထိ နိုင်ငံ ၁၀ နိုင်ငံကိုပဲ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပြီး သတိကြီးကြီးနဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုရမှာပါ။ အာရှဒေသတွင်းက တခြားနိုင်ငံတွေလိုပဲ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ICU အထူးကြပ်မတ်ကုသနိုင်မှုအားက အကန့်အသတ် ရှိနေတာပါ။ သြဂုတ်လတုန်းက ကိုဗစ် ပြင်းထန်ရောဂါကူးစက်မှုတွေ များပြားခဲ့တဲ့အတွက် ဘန်ကောက်မြို့က ICU အထူးကြပ်မတ်ကုသဆောင်တွေမှာ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်ခဲ့ရပါတယ်။
သီတင်း ၂ ပတ် ကွာရန်တင်းဝင်ဖို့ ကန့်သတ်ချက်ကို အခုအခါ ပယ်ဖျက်လိုက်ပြီ ဆိုတာတောင် ၂၀၁၉ ခုနှစ်တုန်းက ခရီးသွား သန်း ၂၀ လောက် လာသလိုမျိုး နောင်နှစ် ဒါမှမဟုတ် နောင်နှစ်အပြီး နောက်တစ်နှစ်တောင် လာမယ့်ပုံမျိုး မတွေ့ရပါဘူး။
အခုနှစ် ပထမ ၈ လပိုင်းမှာ ထိုင်းနိုင်ငံထဲ ခရီးသွားဧည့်သည် ၇ သောင်းကျော်လောက်ပဲ လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာတော့ ခရီးသွားဧည့်သည်ပေါင်း သန်း ၄၀ ရှိခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကြီး စကတည်းက ကိုဗစ်အတည်ပြုလူနာ ၁ ဒဿမ ၇ သန်းကျော် ရှိခဲ့ပြီး လူ ၁၈၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။