ရုရှားတက္ကသိုလ်တစ်ခုမှာ ပစ်ခတ်မှုဖြစ်၊ လူ ၈ ဦးထက်မနည်း သေဆုံး

ရေးသားခဲ့သည်။

ရုရှားနိုင်ငံ ပမ်းမြို့က တက္ကသိုလ်တစ်ခုမှာ သေနတ် သမားတစ်ဦး ဝင်ရောက် ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၈ဦး သေဆုံးသွားတယ်လို့ တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။

အဲ့ဒီသေနတ်သမားဟာ တနင်္လာနေ့က တက္ကသိုလ် ပရဝဏ် နယ်မြေထဲကို လမ်းလျှောက် ဝင်လာပြီး စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ် အဆောက်အအုံတွေအထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေ အကာအကွယ် ယူပုန်းနေခဲ့ရပြီး၊ တခြားလူတွေကတော့ ပြတင်းပေါက်တွေကနေ ခုန်ချနေတာ တွေကို တွေ့ရပါတယ်။

ပစ်ခတ်မှုကြောင့် လူ ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒါပေမဲ့ တက္ကသိုလ်ထဲဝင်ပြီး ပစ်တဲ့ သေနတ်သမားကိုတော့ ထိန်းသိမ်းလိုက်ပြီလို့ ရုရှားရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်တဲ့သူဟာ အဲ့ဒီတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ ရုရှားရဲ့ တရားဝင် စုံစမ်းရေးကော်မတီက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ ပမ်း တက္ကသိုလ်ဟာ မော်စကိုမြို့တော်အရှေ့ဘက် မိုင်ရှစ်ရာ အဝေးမှာတည်ရှိပါတယ်။

သေနတ်သမားရန်က လွတ်မြောက်အောင် ပြတင်းပေါက်တွေကခုန်မချခင် သူတို့ပစ္စည်းတွေ အောက်ကိုပစ်ချနေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။

ကျောင်းသားတွေ ပြတင်းပေါက်က ခုန်ချတဲ့ ဗီဒီယိုတစ်ခုကိုလည်း ရုရှားတီဗီ သတင်းဌာနတစ်ခုက ထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။