ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်ကျေးရွာအချို့မှာ ကိုဗစ်ရောဂါဖြစ်ပွားနေ
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားမှု ကျဆင်းသွားပြီလို့ဆိုပေမဲ့ မြို့ပေါ်တွေမှာကူးစက်မှု ကျဆင်းတဲ့အခြအနေသာရှိပြီး ကျေးလက်ဒေသတွေမှာတော့ ကိုဗစ် ကူးစက်မှုတွေဆက်လက်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အခုလို ကျေးလက်ဒေသတွေမှာ လူတွေ ဖျားနာပြီး အနံ့ပျောက်တဲ့ဝေဒနာတွေကိုရင်ဆိုင်နေကြရတာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်က ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့က ရွာတွေမှာ စတင်ဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ ကိုဗစ် ၁၉ ကူးစက်ခံရမှုလက္ခဏာဖြစ်တဲ့အတွက် သက်ဆိုင်ရာကျန်းမာရေးဌာနတွေအနေနဲ့ ကျေးရွာတွေမှာ စစ်ဆေးမှုတွေပြုလုပ်ပေးဖို့လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုကြပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးဌာနတွေဟာ မြို့ပေါ်တွေမှာသာ လူတွေ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှုရှိမရှိ၊ ကူးစက်ခံရမှုရှိမရှိ ရှောင်တခင် စစ်ဆေးမှုတွေကိုပြုလုပ်နေပြီး ကျေးလက်တောရွာတွေကိုတော့ အခုလိုမျိုး သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်တာမတွေ့ရပါဘူးလို့ သိရပါတယ်။
အမ်းမြို့နယ် ညောင်ချောင်းကျေးရွာမှာဆိုရင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကစလို့ ဖျားပြီးအနံ့ပျောက်နေကြသလို တစ်ရွာလုံးနီးပါး အဲ့ဒီရောဂါ ဖြစ်ပွားနေတယ်လို့ ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်သန်းဝင်း ဘီဘီစီကို ပြောဆိုထားပါတယ်။
ကျန်းမာရေးဌာနတွေဟာ မြို့ပေါ်မှာသာရှိတဲ့အတွက် ကျေးရွာတွေမှာကိုဗစ်ဖြစ်ပွားနေသူတွေကို သွားရောက်ကုသပေးဖို့မဖြစ်နိုင်သလို ဆေးရုံတွေကိုရောက်ရှိလာတဲ့လူနာတွေကိုတော့ ကုသမှုတွေပြလုပ်ပေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်း အပြင်းအထန် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေခဲ့တဲ့အချိန် လူတွေကို မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ရက္ခိုင့်တပ်တော် အေအေဘက်ကနေပြီး ရက်သတ္တပတ်နှစ်ပတ် နှစ်ကြိမ်နဲ့ တစ်ပတ်တစ်ကြိမ် ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။
"တစ်ရွာလုံး ဖြစ်ခဲ့တဲ့ရွာတွေလည်း ရှိတယ်။ နောက်ကျပြီးမှဖြစ်တဲ့ရွာ စောပြီးဖြစ်ခဲ့တဲ့ရွာရှိတယ်။ ဒါပေမဲ့ အားလုံးကိုဗစ်လို့ တော့ ပြောလို့မရဘူး။ တစ်ခါတစ်ခါ ရာသီတုပ်ကွေးလို့လည်း ပြောလို့ရတယ်။ စစ်ဆေးမှသိရမှာပါ။ ပိုးတွေ့ရင် ဆေးရုံပို့ ဆေးအဖွဲ့တွေ လွှတ်၊ ပြီးတော့ ရွာကိုပိတ်ထားလိုက်တော့ ကောင်းသွားတာပေါ့။"လို့ မြောက်ဦးမြို့နယ် ကျန်းမာရေးဌာနမှူး ဦးမျိုးလှိုင်က ပြောပါတယ်။
ကျေးရွာတွေမှာ ပိုးကူးစက်ခံရမှုတွေ ဖြစ်ပွားတာကို တွေ့ရှိလို့ရှိရင် ဆေးဝါးကုသမှုတွေ၊ အသွားအလာ ကန့်သတ်မှုတွေအပြင် အဲ့ဒီကျေးရွာတွေမှာ ဆေးအဖွဲ့တွေထားရှိပြီး ပိုးတွေ့သူတွေကို ရွာသားတွေနဲ့ ခွဲခြားထားပြီး လိုအပ်တဲ့ အကာကွယ်ပစ္စည်းတွေ၊ လက်သန့်ဆေးရည် စတာတွေကို မြို့နယ်ကျန်းမာရေးဌာနက ထောက်ပံ့တာတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆက်လက်ပြော ဆိုပါတယ်။
အခုလအတွင်းကစတင်ပြီးတော့ စစ်တွေမြို့ရဲ့ လူစည်ကားတဲ့နေရာတွေ မြို့အဝင်အထွက်နေရာတွေဖြစ်တဲ့ ကားဂိတ်၊ လေဆိပ်နဲ့ လှေဆိပ်တွေမှာ ခရီးသည်တွေကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး ပိုးတွေ့သူတွေကိုတော့ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှု ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ်ပိုး မျိုးဗီစသစ်တစ်ခုဖြစ်တဲ့ Lambda အမျိုးအစားဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စပြီးပြန့်ပွားနေပြီဖြစ်လို့ အဲ့ဒီမျိုးကွဲဗီစပိုးကူးစက်မှုရှိမရှိ စစ်ဆေးဖို့ ပြည်ထောင်စုအဆင့်ကနေ အကြောင်းထားတဲ့အတွက် နယ်စပ်အဝင်အထွက်ရှိတဲ့ မြို့တွေဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ စစ်တွေမြို့နယ်တွေမှာ စစ်ဆေးမှုတွေကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။