မင်္ဂလာပွဲပရိသတ်ကို မိုးကြိုးထိလို့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၁၇ ဦးသေဆုံး

ရေးသားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဥ်နေသူတွေကို မိုးကြိုးပစ်ခဲ့တာကြောင့် လူ ၁၇ ယောက်သေဆုံးသွားပါတယ်။

သတို့သား အပါအဝင် ကျန် လူ ၁၄ ယောက်လည်း ဒဏ်ရာရရှိသွားကြပါတယ်။ သတို့သမီးကတော့ ရှိမနေတဲ့ အတွက် ဘာမှမဖြစ်ခဲ့ပါဘူး။ Shibganj မြို့ရဲ့ မြစ်ဆိပ်မှာ သတို့သမီး အိမ်ဆီ သွားဖို့ ရောက်လာကြတဲ့ သတို့သားနဲ့ အဖွဲ့တွေ လှေပေါ်က အဆင်းမှာ မိုးကြိုးမုန်တိုင်းတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ထဲကို မိုးကြိုးအချက်တော်တော်များများ ပစ်ချလိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တောင်အာရှ ဒေသမှာ နှစ်စဥ် မိုးကြိုးပစ်ခံရလို့ သေဆုံးရသူ ရာပေါင်းများစွာ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ မေလအတွင်း ဘင်္ဂလားဒေ့ရှ်မှာ မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၂၀၀ ကျော်သွားခဲ့ပြီး တရက်တည်းမှာတင် လူ ၈၂ ဦးအထိ သေဆုံးခဲ့ရတာကြောင့် အစိုးရက မိုးကြိုးပစ်တာကို သဘာဝဘေးအန္တရာယ်အဖြစ်တောင် ကြေညာခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ တောပြုန်းလာတာတွေကြောင့်လည်း ပါတယ်လို့ ဆိုကြပါတယ်။ အရင်က မိုးကြိုးအပစ်ခံရလေ့ ရှိတဲ့ အပင်မြင့်ကြီးတွေ ပျောက်ကွယ်သွားတာကြောင့် အခုလို မိုးကြိုးပစ်ခံရတဲ့ လူအသေအပျောက်နှုန်း တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။