၁၉၈၈ တုန်းက အကျဥ်းသားတွေကို အစုလိုက်သတ်ဖြတ်မှုနဲ့ အီရန်တယောက်ကို ဆွီဒင် တရားစွဲတင်

ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ်တုန်းက အီရန်မှာ အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန် လူမျိုးတယောက်ကို စစ်ရာဇဝတ်မှုနဲ့ ဆွီဒင်က တရားလိုရှေ့နေတွေက တရားစွဲတင်လိုက်ပါတယ်။

တရားစွဲခံရသူဟာ ဘယ်သူဘယ်ဝါဆိုတာ ဆွီဒင်က ထုတ်မပြောပေမယ့် အဲဒီသူဟာ အသက် ၆၀ အရွယ် အမျိုးသား ဟာမစ် နိုရီဖြစ်တယ်လို့ လူအများက မှတ်ယူကြပါတယ်။

အီရန်ဟာ ၁၉၈ဝ နှစ်တွေ တဝိုက်မှာ အီရတ်နဲ့ စစ်ဖြစ်နေတာပါ။ အီရတ်နဲ့ မဟာမိတ်ပြုတဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တဲ့ အကျဥ်းသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်စီရင်ဖို့ အီရန်ရဲ့ ထိပ်တန်း ဘာသာရေးခေါင်းဆောင်က အမိန့်ပေးခဲ့ပါတယ်။

အခု တရားစွဲခံရသူက အီရန်မြို့တော် တဟီရန်နဲ့နီးတဲ့ မြို့တမြို့က အကျဥ်းထောင်မှာ တာဝန်ရှိတဲ့သူတယောက်လို့ တရားလိုရှေ့နေတွေက ပြောပါတယ်။ အဲဒီ သူရဲ့ ရှေ့နေကတော့ စွဲထားတဲ့အမှုတွေကို သူ့အမှုသည်က ငြင်းဆိုထားတဲ့အကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

အီရန်နိုင်ငံတလွှား အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ လူ ၅, ၀၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ဆိုကြပြီး လူ့အခွင့်အရေးအဖွဲ့တွေက သူတို့အတွက် တရားမျှတမှုရရှိစေဖို့ ကာလရှည်ကြာ လှုံ့ဆော်စည်းရုံးလာခဲ့ကြတာပါ။

ရာဇဝတ်မှု အကြီးအမားကိုလုပ်ထားတဲ့အတွက် "လူသားအားလုံးနဲ့ဆိုင်တဲ့ တရား စီရင်ပိုင်ခွင့်"အခြေခံမူနဲ့ လုပ်ဆောင်နိုင်အောင် တရားလိုရှေ့နေတွေက ဆောင်ရွက် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက အီရန်မှာ အီဗရာဟင် ယီဇီက သမ္မတအဖြစ်အရွေးခံရပြီးတဲ့နောက် အဲဒီ သတ်ဖြတ်မှုအရေးကိစ္စက အများအတွက် အာရုံစိုက်စရာ ပြန်ဖြစ်လာခဲ့ပါတယ်။

လာမယ့် သြဂုတ်လ ကျရင် အီရန်သမ္မတ တာဝန်ယူတော့မယ့် မစ္စတာ ယီဇီဟာ ၁၉၈၈ တုန်းက ထောင်ပေါင်းများစွာသော အကျဥ်းသားတွေကို သူတို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး လျှို့ဝှက်တရားခွင်တွေမှာ ဆုံးဖြတ်စီရင်ခဲ့ကြတဲ့ တရားသူကြီး ၄ ယောက်ထဲက တယောက်ပါ။

သူက သေဒဏ်စီရင်တဲ့ ဆုံးဖြတ်ချက်တွေမှာ သူ မပါဝင်ခဲ့ကြောင်း အကြိမ်များစွာ ငြင်းဆိုခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ထိပ်တန်း ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ ခိုမေနီရဲ့ ဘာသာရေးဆိုင်ရာ ဆုံးဖြတ်ချက် ဖဿဝါ fatwaနဲ့ အညီဖြစ်တာကြောင့် ဒီလို သေဒဏ်ချတဲ့ ဆုံးဖြတ်ချက်တွေက တရားတယ် လို့လည်း သူက ဆိုပါတယ်။

အခု တရားစီရင်ခံရမယ့် မစ္စတာ နိုရီက လွန်ခဲ့တဲ့ ၂နှစ်မှာ သူ စတော့ဟုမ်းကို ရောက်လာပြီးတဲ့နောက်ပိုင်း အဖမ်းခံခဲ့ရကြောင်း ဆွီဒင်နိုင်ငံက သတင်းဌာနတွေက ရေးကြပါတယ်။

၁၉၈၈ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်း လက်ဝဲ အတိုက်အခံအဖွဲ့ မူဂျာဟစ်ဒင် အီး ခါလစ် Mujahedin-e Khalq (MEK) အပေါ် ထောက်ခံ တိမ်းညွတ်တဲ့ အကျဉ်းသား “အရေအတွက် အများအပြား”ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ ပါဝင်ခဲ့သူလို့ သူ့ကို အများက စွပ်စွဲကြပါတယ်။

သူဟာ အကျဥ်းသားတွေကို နှိပ်စက်တာ၊ လူမဆန်တဲ့ ရက်စက်မှုတွေကို လုပ်ခဲ့တဲ့လူ လို့လည်း ပြောကြပါတယ်။

ကာရချ်မြို့က ဂိုဟာဒက်စ် ထောင်မှာ လက်ထောက် တရားလိုရှေ့နေအတွက် အထောက်အကူပေးခဲ့တဲ့ ကာလက လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲတင်တာ ဖြစ်ကြောင်း ဆွီဒင် တရားလိုရှေ့နေတွေက အင်္ဂါနေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

MEK အဖွဲ့ဟာ ၁၉၈၀ နဲ့ ၁၉၈၈ ကြား အီရန် - အီရတ် စစ်ပွဲအတွင်းမှာ အီရတ် စစ်တပ်နဲ့ အတူ တိုက်ခဲ့ကြပါတယ်။ အဲဒီတုန်းက သတ်ဖြတ်မှုအများစုကို စစ်ရာဇဝတ်မှုလို့ သတ်မှတ်ခဲ့ကြပါတယ်။

စစ်က ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပေမယ့် သတ်ဖြတ် စီရင်တာတွေက ဆက်ပြီးရှိခဲ့ပါတယ်။

တရားစီရင်မှုက သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး နောင်နှစ် ဧပြီလအထိ ကြာမြင့်နိုင်ပါတယ်။

အဲဒီတုန်းက သတ်ဖြတ်ခံရသူတွေရဲ့ တရားမျှတမှုရရှိရေး ဆောင်ရွက်နေကြတဲ့ အာရချ် မက်ဒါဟီက ဒီလို တရားစွဲတင်နိုင်တဲ့ အဖြစ်ဟာ “ကြီးမြတ်တဲ့ အောင်ပွဲ”လို့ တွစ်တာက တဆင့် သတင်းစကား ပါးပါတယ်။