ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ဟဲနန်ရေကြီးမှု - မြေအောက်ရထားတွေထဲ ရေတွေဝင်လာ၊ လူအများအပြားကို ကယ်ထုတ်ရ
တရုတ်နိုင်ငံအလယ်ပိုင်းက ဟဲနန်ပြည်နယ်မှာ စံချိန်တင် မိုးကြီးခဲ့ပြီး ရေကြီးနေကာ မြေအောက်ရထား လှိုဏ်ခေါင်းတွေထဲ ရေတွေဝင်လာခဲ့ပြီးတဲ့နောက် အနည်းဆုံး လူ ၁၂ ယောက်သေဆုံးသွားပါတယ်။ ခရီးသည်အများအပြားလည်း ဝင်လာတဲ့ ရေတွေ ကြားမှာ ပိတ်မိ ကြပါတယ်။
ဗုဒ္ဓဟူးနေ့ ဒေသအချိန် ညနေပိုင်းမှာ မြေအောက်ရထားတစီးပေါ်က ခရီးသည်တွေ ရေတွေထဲမှာ မတ်တပ်ရပ်နေရပြီး တချို့အရပ်နဲ့ဆိုရင် ရေက လည်ပင်းလောက်အထိ မြင့်တက်နေတာကို လူမှုမီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုတခုထဲမှာ တွေ့ရပါတယ်။
တာဝန်ရှိအစိုးရအရာရှိတွေက ဟဲနန်ပြည်နယ်အတွင်း မြေအောက် ရထားလှိုဏ်ခေါင်း တွေထဲက “တဖြည်းဖြည်း ကယ်ထုတ်လာနိုင်ခဲ့တဲ့ လူ ၅၀၀ ကျော်ရှိပြီ”လို့ ပြောပါတယ်။
မိုးတွေက အဲဒီဒေသမှာ ရက်အတော်ကြာကြာကြီးနေခဲ့ပြီး ရေကြီးမှုကြောင့် အပျက်အစီးတွေ အများအပြားဖြစ်နေပါတယ်။ လူ ၂ သိန်းလောက်လည်း ဘေးလွတ် ရာကို ရွှေ့ပြောင်းထွက်ခဲ့ရပါတယ်။
မြေပြင်ပေါ်မှာ လမ်းတွေက မြစ်ချောင်းတွေလို ဖြစ်နေပြီး ကားတွေ၊ အပျက်အစီး အမှိုက်သရိုက်တွေဟာ ရေစီးပြင်းပြင်းနဲ့ မျောပါနေကြပါတယ်။ လမ်းသွား လမ်းလာ တချို့ကိုလည်းကယ်တင်ဖို့ လုပ်နေကြရပါတယ်။
ဟဲနန်ပြည်နယ်ထဲက မြို့ပေါင်း ၁၀ မြို့ကျော်မှာ ရေကြီးတဲ့ ဘေးဆိုက်နေတာဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်က အဲဒီမှာ အသက်တွေ အတော်များများဆုံးရှုံးနေရသလို၊ အိမ်တွေ လည်းတော်တော့်ကို ထိခိုက်နေတယ် လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဆည်တွေ၊ ရေလှောင်တာတမံတွေ အများအပြားမှာလည်း စိုးရိမ်ရတဲ့ ရေမှတ်ကို ရေမျက်နှာပြင်က ကျော်တက်လာနေပါတယ်။ ကမ်းနားတွေ ပြိုဆင်းသွားအောင် ရေတွေကြီးနေတဲ့ မြစ်တွေကို ရေလမ်းကြောင်းလွှဲနိုင်ဖို့အတွက် စစ်သားတွေကို တာဝန်ချထားကြပါတယ်။ ဟဲနန်မှာ လေကြောင်းခရီးစဉ်တွေ၊ ရထားခရီးစဥ်တွေ လည်း ရွှေ့ဆိုင်းထားလိုက်ကြပါပြီ။
ဟဲနန်ပြည်နယ်မြို့တော် ကျန့်ကျိုး မှာဆိုရင် တနှစ်လုံးပျှမ်းမျှမိုးရေချိန်က ၃ ရက် အတွင်းမှာ ရွာချခဲ့တာပါ။
အင်္ဂါနေ့မှာတော့ မြို့မှာတည်ဆောက်ထားတဲ့ ရေကြီးမယ့်ဘေး အရံအတားတချို့မှာ ရေတွေက မနိုင်တော့တဲ့နောက် မြေအောက်ရထားလမ်းတွေဆီကို ရေတွေက ဆင်း သွားခဲ့ပါတယ်။
မြေအောက်လှိုဏ်ခေါင်းထဲက ရထားပေါ်မှာ ရေကြီးတာကြုံခဲ့ရပြီး လွတ်မြောက် လာကြသူတွေက “ရေတွေက ရထား တံခါးကြားကနေ စိမ့်ဝင်လာတယ်၊ တဖြည်းဖြည်းနဲ့ ခြေမျက်စိ ကနေ ဒူးလောက် ၊ နောက်တော့ လည်ပင်းအထိ တက်လာရော။” “ထိုင်ခုံတွေပေါ်မှာ မတ်တတ်ရပ်နေရတယ်” လို့ တရုတ် လူမှုကွန်ရက် ဝေဘိုမှာ ရေးကြပါတယ်။
မိဘတွေဟာ ရထားတွဲထဲမှာ ကလေးတွေကို ရေနဲ့လွတ်အောင် အပေါ်ကို ချီမြှောက် ထားရပါတယ်။
နောက်ထပ် နာရီဝက်လောက်ကြာလာတဲ့အခါမှာတော့ ခရီးသည် တယောက်က သူ အသက်ရှူခက်လာပြီ လို့ ပြောပါတယ်။
ရထားလိုင်းကို ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်မှာ ရပ်ဆိုင်းလိုက်ပြီး အထဲလှိုဏ်ခေါင်းထဲမှာ “ပိတ်မိသူတွေကို ကယ်တင်ဖို့အတွက် စခဲ့ကြတယ်”လို့ ကျန်းကျို့မြို့ဆိုင်ရာ အစိုးရအရာရှိတွေက ကြေညာချက်ထဲမှာ ထုတ်ပြန်ပြောပါတယ်။ လူ ၁၂ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက် ဒဏ်ရာတွေရခဲ့တယ်လို့လည်း ဆိုပါတယ်။
မြို့ထဲက မူကြိုကျောင်းတခုမှာလည်း ရေတွေကြီးလာလို့ ကလေးတွေကို ကယ်ထုတ်ခဲ့ ရပါတယ်။
ဆေးရုံမှာလည်း ညက မီးတွေပြတ်၊ လူနာ ၆၀၀ ကျော်ကို ရွှေ့ပြောင်းရနဲ့ ဒုက္ခတွေ များခဲ့ရပါတယ်။
ရေကြီးတာက ကျန်းကျို့မြို့တင် မဟုတ်ပါဘူး။
လောင်ယန်း မြို့မှာဆိုရင် မီတာ ၂၀ မြင့်တဲ့ ဆည်ရဲ့ တာဘောင်ဟာ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စစ်သားတွေကို အဲဒီဧရိယာမှာ နေရာချထားပေးထားပြီး၊ “ဆည်က အချိန်မရွေး ကျိုးသွားနိုင်တယ်”လို့ စစ်တပ်က ပြောပါတယ်။
ရေကြီးတာက ဘာကြောင့်ဖြစ်လာတာလဲ
တရုတ်နိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနက ဟဲနန်မှာ စနေနေ့ကစလို့ “မဖြစ်ဖူး သလောက် ရှားပါးတဲ့ မိုးကြီးတာမျိုးဖြစ်နေတယ်” လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒီရေကြီးမှုက “အနှစ် ၁၀၀၀ မှာ ၁ခါ ကြုံရတဲ့ အဖြစ်”လို့ ဆိုကြပါတယ်။
ကျန်းကျို့မှာ အင်္ဂါနေ့က မိုးရေချိန်က ၆၂၄ မီလီမီတာ ရှိခဲ့ပြီး ညနေ ၄ နာရီနဲ့ ၅ နာရီကြား တနာရီအတွင်းမှာပဲ အဲဒီ မိုးရေချိန် ၃ ပုံ ၁ ပုံ လောက် ရွာချခဲ့တာဖြစ် ပါတယ်။ ဒီတနေ့တာ မိုးရေချိန်ဟာ သူ့သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်ပါ။
ဒေသအတွင်းမှာ ပြင်းထန်တဲ့မုန်တိုင်းတွေ ဆက်ဖြစ်နေဦးမယ်လို့လည်း သတိပေးထား ပါတယ်။
ဒီရေကြီးဖို့ ဖြစ်လာတာက အကြောင်းအရင်းအတော်များများရှိမှာပါ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုပူလာတဲ့ ဝန်းကျင်အနေအထားဟာ မိုးရွာများတာမျိုး ပိုဖြစ် နိုင်ပါတယ်။
မြစ်ဝါ မြစ်ဝှမ်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ဟဲနန်ပြည်နယ်မှာ အတော်ကျယ်တဲ့ မြစ်တွေရှိပြီး ဒီမြစ်တွေက ရေကြီးဖို့ ဖြစ်နေစေပါတယ်။
လူဦးရေ ၁၂ သန်းရှိတဲ့ ကျန့်ကျိုးမြို့ဟာလည်း မြစ်ဝါမြစ်ကမ်းဘေးမှာ တည်ရှိတာပါ။
တရုတ်နိုင်ငံမှာ ဆည်တွေ အများအပြားတည်ဆောက်တာ ကလည်း ရေကြီးတတ်တဲ့ ဇုန်တွေမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ပိုဆိုးစေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားတဲ့အကြောင်း ဘီဘီစီ တရုတ်ရေးရာ သတင်းထောက် စတက်ဖန် မက်ဒေါ်နယ်က ပြောပါတယ်။
မြစ်တွေ၊ ကန်တွေအကြားက ဆက်နေတဲ့ အရာ တွေကို ဖြတ်ပစ်လိုက်တာ၊ ရေကြီး တာကို ခံထားတဲ့ ကွင်းပြင်တွေကို ဖျက်ဆီးလိုက်တာတွေကြောင့် နှစ်စဉ် တောင်ကျရေ ဆင်းလာတာကို စုပ်ထားနိုင်တဲ့ မြေနေရာတွေ ဒေသ အတွင်းမှာ နည်းပါးလာနေ ပါတယ်။