ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျွန်တော် လူအ - ဒေါ်လာ ၂ သိန်းခွဲတန် မေတ္တာ
ဗြိတိသျှ ပရဟိတ သမားတစ်ဦးဟာ ယူကရိန်း အမျိုးသမီးငယ်တစ်ဦးနဲ စေ့စပ်ခဲ့ပါတယ်။ သူဟာ အိုဒက်ဆာမှာ ဘဝသစ် တည်ဆောက်ဖို့ ရည်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူအမှားကြီး မှားခဲ့ပါတယ်။
၅၂ နှစ် အရွယ် ဗြိတိသျှ ပရဟိတ သမား ဂျိမ်းစ် စီးလာတဲ့ ကားဟာ Villa Otrada ကို စားသောက်ဆိုင်ရှေ့ကို ရောက်လာပါတယ်။ ဒီနေ့ ဒီအချိန်ကို ရောက်လာဖို့ သူ စောင့်မျှော်နေခဲ့တာ လပေါင်းများစွာ ရှိပြီ ဖြစ်ပါတယ်။
ယူကရိန်းက ပင်လယ်နက် ကမ်းခြေမှာ ရှိတဲ့ အဲဒီ စားသောက်ဆိုင်ရဲ့ အဝမှာ သူ့ ချစ်သူ အိုင်ရီနာက သူ့ကို စောင့်ကြိုနေပါတယ်။ အိုင်ရီနာဟာ သူ့ထက် အသက် ၂၀ ငယ်ပါတယ်၊ ရွှေရောင်ဆံနွယ်တွေကို ပြင်ဆင်ထုံးဖွဲ့ထားတဲ့ အိုင်ရီနာဟာ အလှကြီး လှလို့ နေပါတယ်။
သူ့အနားမှာလည်း အိုင်ရီနာရဲ့ မိဘတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည် ၆၀ ဟာ ဝတ်ကောင်းစားလှတွေနဲ့ တင့်တယ်လို့ နေပါတယ်။ ဂျိမ်းစ် ကားပေါ်က ဆင်းတာနဲ့ ဒီလူတွေက လက်ခုပ်သြဘာပေးပြီး ကြိုဆိုကြပါတယ်။ ခဏအကြာမှာတော့ ဂျိမ်းစ်နဲ့ အိုင်ရီနာတို့ ပန်းပေါင်းမိုးအောက်မှာ လက်ထပ် ထိမ်းမြားခဲ့ကြပါတယ်။
အချိန်က အိုဒက်ဆာရဲ့ ပူနွေးတဲ့ နွေဥတု အစ ၂၀၁၇ ဇူလိုင်လ ဖြစ်ပြီး ပင်လယ်ပြင်ကြီးကို စီးမြင်နေရတဲ့ Villa Otrada မှာ သူတို့ရဲ့ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်၊၊
ဂျိမ်းစ်အတွက် အပျော်ဆုံး နေ့တစ်နေ့ ဖြစ်သင့်ပေမယ့် ည သန်းခေါင်ယံမှာတော့ သူဟာ ဆေးရုံ ကုတင်ပေါ် ရောက်နေပါပြီ။ သူ့သောက်ခဲ့တဲ့ ယမကာထဲမှာ ဆေးခတ်ခံခဲ့ရတယ်လို့ ယူဆရပါတယ်။ သူ လက်ထပ်ခဲ့သူ ဆိုတာကလည်း တကယ်တမ်းမှာ သူ့ချစ်သူ မိန်းကလေး မဟုတ်ခဲ့ဘဲ မင်္ဂလာ အခမ်းအနား စီစဥ်ပေးသူ ဖြစ်နေပြန်ပါတယ်။
ဗြိတိသျှအမျိုးသားတစ်ယောက်ရဲ့ စုဆောင်းထားသမျှ ငွေတော်တော်များများ ဆုံးရှုံးခဲ့ရသလို ဂုဏ်သိက္ခာပါ ထိခိုက်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါ။ ဒါတင်မက ယူကရိန်း တရားရေးစနစ်ရဲ့ လှောင်ပြောင်တာကိုပါ သူခံခဲ့ရပါတယ်။
ဂျိမ်းဆိုတာ သူ့နာမည်အရင်းတော့ မဟုတ်ပါဘူး။ ဒီအဖြစ်ကို ရှက်လွန်းလို့ ယူကေက ဘယ်သူ့ကိုမှ သူမပြောခဲ့ပါဘူး။ သူ့မိသားစုကိုတောင်မှ မပြောခဲ့ပါဘူး။ သူ့ရဲ့ ဘဏ်စာရင်း၊ တရားဝင် အချက်အလက်တွေနဲ့ မက်ဆေ့ချ် တွေ နောက် ဒီကိစ္စမှာ ပါဝင် ပတ်သက်ခဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီဖြစ်ရပ်ကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။
ရှားလော့ဟုမ်းလေလား
နက်စိုနေတဲ့ ဘိုကေနဲ့ Robert Papinyan ဟာ အလွတ်စုံထောက် တစ်ယောက် ဖြစ်ပါတယ်၊ အဝါနဲ့ အနက်ကြား မြားတွေ အတိုင်း လိုက်လာရင်သူ့ ရဲ့ ရုံးခန်းကို ရောက်မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်လည်း ဖြစ်ပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။
သူ့ဆီမှာ Sherlock Holmes မှတ်စုစာအုပ်၊ Sherlock Holmes လုပ်ငန်းအမည်ကတ်ပြား၊ နောက်သူ့ဖုန်းခေါ်သံကအစ ဆိုဗီယက်ခေတ်က တီဗီ မှာ ပြတဲ့ Sherlock Holmes ဇာတ်လမ်းရဲ့ ဇာတ်ဝင်ဂီတသံနဲ့ ဖြစ်ပါတယ်။ Sherlock Holmes ဇာတ်လမ်းတွေထဲမှာ အဲဒီ ခေတ်က ဇာတ်လမ်းက အကောင်းဆုံးလို့ ဆိုဗီယက် ဟောင်းတွေက ပြောလေ့ ရှိပါတယ်။
Mr Papinyan ရဲ့ စုံထောက်နည်းတွေက စိတ်ကူးယဉ် စုံထောက် ဇာတ်လမ်းတွေထဲက Baker Street မှာ နေတဲ့ သူ့ သူရဲကောင်း စုံထောက်ကြီးနဲ့ သိပ်မတူပါဘူး။
သူဟာ ရဲနဲ့ တွဲမလုပ်သလို စိတ္တဗေဒနည်းတွေကို အခြေခံတယ်လို့ ရယ်သွမ်းသွေးရင်း ပြောပါတယ်၊ ဒီငွေတွေက တရားမဝင်နည်းနဲ့ ယူသွားခဲ့တာ ဆိုတော့ သူတို့ဘက်ကလည်း ပြန်ရဖို့အတွက် တရားမဝင်နည်းတွေ သုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အိုဒက်ဆာက Mr Papinyan ရဲ့ ရုံးခန်းနဲ့ မလှမ်းမကမ်းမှာ Deribasovskaya Street ဆိုတဲ့ လမ်းရှိပါတယ်။ အဲဒီလမ်းဟာ မြို့ရဲ့ အချက်အခြာ ဖြစ်သလို စားသောက်ဆိုင်တွေ အရက်ဘားတွေလည်း ရှိပါတယ်။ ညနေချမ်းတွေမှာ အဲဒီလမ်းတလျှောက်က ဆိုင်တွေမှာ အနောက်နိုင်ငံတွေက အမျိုးသားတွေဟာ ငယ်ရွယ်နုပျိုတဲ့ ယူကရိန်း အမျိုးသမီးတွေနဲ့ အတူထိုင်က စားသောက်နေကြတာကို တွေ့ရဖို့ များပါတယ်၊ သူတို့ရဲ့ နံဘေးခုံတွေပေါ်မှာလည်း စျေးကြီးတဲ့ ဖက်ရှင် ဒီဇိုင်နာတွေရဲ့ လက်ရာ လက်ဆောင်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ယူကရိန်းဟာ ဥရောပတိုက်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး လူတစ်ဦးချင်း ဝင်ငွေဟာ တစ်လကို အမေရိကန် ဒေါ်လာ ၃၅၀ ပဲ ရှိပါတယ်။ ယူကရိန်းမှာ အောင်သွယ်လုပ်ငန်း တွေကလည်း အလုပ်ဖြစ်နေပါတယ်။ အခကြေးငွေနဲ့ အီးမေးလ် ပို့ပေးတာမျိုးကအစ လူချင်း တွေ့ဆုံပြီး လည်ပတ်ဖို့ အတွက် အချစ် ခရီးစဥ်တွေပါ ရှိပါတယ်။ အနောက်တိုင်းက အမျိုးသားတွေက တစ်ချိန်မှာ အိမ်သူဇနီး ဖြစ်လာနိုင်လောက်မယ့် ငယ်ရွယ်တဲ့ ယူကရိန်းသူလေးတွေကို ရှာဖွေပေးဖို့ အဲဒီလုပ်ငန်းတွေကို ဒေါ်လာငွေ ထောင်သောင်းချီပေးနေကြတာ ဖြစ်ပါတယ်။
ဂျိမ်းစ်ကတော့ မိန်းမလိုချင်လို့ အိုဒက်ဆာကို လာခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ယူကေက ပရဟိတ လုပ်သားတစ်ယောက် ဖြစ်တဲ့ ဂျိမ်းစ်ကို မိတ်ဆွေတစ်ဦးက ၂၀၁၅ ခုနှစ်မှာ ယူကရိန်း အရှေ့ပိုင်းက စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသအတွင်းမှာ ကလေးသူငယ်တွေကို စောင့်ရှောက်ကူညီပေးမယ့် ပရဟိတ လုပ်ငန်း တစ်ခု တည်ထောင်ဖို့ အကူအညီ တောင်းလာပါတယ်။
ဥရောပမှာ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်တဲ့ ယူကရိန်းမှာ အဲဒီ အချိန်က တော်လှန်ရေး ပြီးကာစ ဖြစ်ပါတယ်။ ရုရှားဘက်ကလည်း သူပုန်တွေဘက်ကို ထောက်ပံ့ပြီး တုံ့ပြန်လာပါတယ်။ ဂျိမ်းစ် အတွက်လည်း ပြည်ပထွက်ပြီး ပထမဆုံး အလုပ် လုပ်တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဂျူလီယာလို့ ခေါ်တဲ့ စကားပြန်ရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သူဟာ ယူကေမှာ ရှိတဲ့ အချိန်ပြည့်အလုပ်နဲ့ အိုဒက်ဆာက ပရဟိတ အလုပ်တွေအကြာ လအနည်းငယ် လူးလာခေါက်တုန့် သွားပြန်လုပ်နေခဲ့ရပါတယ်။
အဲဒီနှစ်က ဆောင်းတွင်းမှာ နှင်းတွေတော်တော် ကျခဲ့ပြီး အိုဒက်ဆာမှာ လုပ်ငန်း တော်တော်များများကို ရပ်နားထားခဲ့ကြရပါတယ်။ ဘာမှ သိပ်လုပ်စရာ မရှိတာကြောင့် ဂျူလီယာက ဂျိမ်းစ်ကို သူ့သူငယ်ချင်း တွေထဲက တစ်ယောက်ယောက်နဲ့များ တွေ့ဆုံပြီး ဒိတ် လုပ်ချင်မလားလို့ စကားကမ်းလာခဲ့ပါတယ်။
အဲဒီ သူငယ်ချင်း ဆိုသူက အိုင်ရီနာပဲ ဖြစ်ပါတယ်။ ၃၂ နှစ်ရှိပြီဖြစ်ပြီး ယူကရိန်း အရှေ့ပိုင်းက မြို့ကြီး တစ်မြို့ ဖြစ်တဲ့ အခုတော့ ရုရှား ထောက်ခံတဲ့ ခွဲထွက်ရေး သမားတွေ သိမ်းပိုက်ထားတဲ့ Donetsk မြို့က ဖြစ်ပါတယ်။ သူဟာ စစ်ဘေးက ပြေးလာခဲ့တာသာမက အတိတ်ဆိုး တစ်ခုကပါ ပြေးခဲ့သူ တစ်ယောက် ဖြစ်လို့ နေပါတယ်။
သူအရင်က အိမ်ထောင် ၂ ခါ ကျခဲ့ဖူးပြီး နောက်ထပ် ယူကရိန်း ယောကျာ်း တစ်ယောက်နဲ့ ထပ်အိမ်ထောင်မပြုချင်တော့ဘူးလို့ အိုင်ရီနာက ပြောခဲ့ကြောင်း ဂျိမ်းစ်က ပြောပါတယ်။
သူတို့ ၂ ဦးကြားမှာ အသက်ကနှစ်ပေါင်း ၂၀ ကွာပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ မိုးမမြင် လေမမြင် ဖြစ်ခဲ့ကြပါတယ်၊ ညစဥ် ရက်ဆက်ဆိုသလို ဆုံတွေ့ကြပြီး အိုဒက်ဆာရဲ့ ညချမ်းတွေကို ဖြတ်သန်းခဲ့ကြပါတယ်။
ဂျိမ်းစ်အတွက်လည်း အိုင်ရီနာနဲ့ အတူရှိနေချိန်တွေဟာ ပျော်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုင်ရီနာက အင်္ဂလိပ် စကား အနည်းအကျဥ်းမျှသာ ပြောနိုင်ပြီး ဂျိမ်းစ်ကလည်း ရုရှားလိုရော ယူကရိန်းလိုပါ မတတ်ပါဘူး။
အဲဒါကြောင့်လည်း အိုဒက်ဆာရဲ့ ဒိတ် လုပ်ကြတဲ့ အတွဲတွေမှာ အမြဲလို တွေ့ရတတ်တဲ့ စကားပြန် တစ်ယောက် အမြဲပါလေ့ ရှိပါတယ်။ သူတို့ အတွက်ကတော့ ဂျူလီယာက အမြဲရှိနေတတ်ပြီး သူ့အတွက် တစ်ရက်ကို ဒေါ်လာ ၁၅၀ စကားပြန်ခ ပေးရပါတယ်။
သူတို့ နှစ်ယောက်အကြား ပြောသမျှ စကားကို ကြားလူ တစ်ယောက်က ပြန်ပြီး ပြောပြပေးနေရတာ တော်တော် ကတ်သီးကတ်သပ် နိုင်တဲ့ အတွေ့အကြုံတစ်မျိုး ပဲလို့ ဂျိမ်းစ်က ပြောပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်အကြား အပေးအယူမျှတယ်လို့ လည်း သူက ဆိုပါတယ်။
သူတို့ နှစ်ယောက် တကွဲစီ ဖြစ်နေချိန်မှာ ဆက်သွယ်ရတာ ပိုအဆင်ပြေပါတယ်။ ဘာသာပြန်ပေးနိုင်တဲ့ Viber ကနေ မက်ဆေ့ချ်တွေ ပို့ကြပါတယ်။ တကယ့် ပုံပြင်တစ်ပုဒ်လိုပဲ အဲဒီအတွက် ကျေးဇူးတင်ပါတယ်၊ သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာ သူ တစ်ယောက်ပဲ ရှိလို့ ချစ်တယ်ဆိုပြီး အိုင်ရီနာက မက်ဆေ့ချ် ပို့လာခဲ့တယ်လို့ ဂျိမ်းစ်က ပြောပါတယ်။
နောက်ထပ် ၆ လ လောက်အတွင်း အိုဒက်ဆာကို ဂျိမ်းစ်ရောက်လာတိုင်း အိုင်ရီနာလည်း လာတွေ့လေ့ ရှိပါတယ်။ အော်ပရာ သံစုံ ကပွဲတွေ ကြည့်ရင်း စျေးကြီးတဲ့ ညနေစာတွေ စားရင်း ညနေချိန်တွေကို အတူဖြတ်သန်းခဲ့ကြပါတယ်။
ဒါပေမယ့် ထုံးစံအတိုင်း စကားပြန် ဂျူလီယာက အမြဲဆိုသလို အနားမှာ ရှိနေတာကြောင့် လက်ပွန်းတတီး နေတာ ဖက်ရမ်းနမ်းရှုံ့တာမျိုးတွေတော့ မလုပ်နိုင်ခဲ့ကြပါဘူး။ အိုင်ရီနာကလည်း အိမ်ထောင် မပြုခင်မှာ လိင်ကိစ္စတွေကို သူလက်မခံကြောင်း ပြောထားပါတယ်။ ဂျိမ်းစ်က အိုင်ရီနာဟာ ကိုယ်ကျင့်သိက္ခာ မြင့်မားတဲ့ မိန်းကလေး၊ မိကောင်းဖခင် သမီးပဲလို့ သူထင်ခဲ့မိကြောင်း ပြောပါတယ်။
အိုင်ရီနာနဲ့ စေ့စပ်
မင်္ဂလာပွဲ မကျင်းပမီ ၈ လ အလိုမှာ သူတို့ စေ့စပ်ကြောင်းလမ်းခဲ့ကြပါတယ်။ Villa Otrada မှာပဲ စေ့စပ်ပွဲကို ကျင်းပခဲ့ကြပါတယ်။ ဗီဒီယိုတစ်ခုထဲမှာ ဂျိမ်းစ်နဲ့ အိုင်ရီနာတို့ အတူတွဲဖက်ပြီး ညင်ညင်သာသာ ကနေကြတာကို တွေ့ရပါတယ်။ သူက ခပ်တောင့်တောင့်ကြီးလို ဖြစ်နေပေမယ့် အိုင်ရီနာကတော့ ပြုံးပန်း တဝေဝေနဲ့ ကင်မရာကိုတောင် လက်ပြနှုတ်ဆက်နေခဲ့ပါတယ်။
ပွဲကျင်းပရာ ခန်းမထဲမှာ ရွှေမှုန် ငွေမှုန် ပြောင်ပြောင် လက်လက် ပျံဝဲ ကျလာချိန်မှာ နာမည်ကျော် အဆိုတော် Whitney Houston ရဲ့ Could I Have This Kiss Forever ဆိုတဲ့ အချစ်သီချင်းသံ ငြိမ့်ငြိမ့်လေးကလွင့်ပျံလို့ နေပါတယ်။
အဲဒီနေ့ဟာ ၂၀၁၆ နိုဝင်ဘာလ ထဲမှာ ဖြစ်ပြီး သူတို့ နှစ်ဦး ပထမဆုံး ဒိတ် လုပ်ခဲ့ကြ ဆုံခဲ့ကြတာ ၁၁ လ ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။
ဂျူလီယာရဲ့ တိုက်တွန်းမှု အိုင်ရီနာ ရဲ့ ရေလာမြောင်းပေး မီးစိမ်းပြမှုတွေကြောင့် ဂျိမ်းစ်ကလည်း အိုင်ရီနာကို လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ အိုင်ရီနာရဲ့ မေတ္တာအပေါ် သိပ်ပြီး မျှော်လင့်ထားခဲ့တာမျိုး မရှိခဲ့ပေမယ့် သူ အိုင်ရီနာ့ အပေါ် ချစ်သွားမိခဲ့တယ်လို့ ဆိုပါတယ်။
အိုင်ရီနာဟာ သူ့တိုင်းပြည်ထဲမှာ ပိတ်မိနေတာမျိုးပါ၊ ထက်ထက်မြက်မြက်လည်း ရှိတော့ ယူကရိန်း အပြင်ထွက်ပြီး ဘဝသစ် စချင်နေတာမျိုး၊ ဒါကြောင့် နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေခဲ့တယ်လို့ ဂျိမ်းစ်က ဆိုပါတယ်။
အိုင်ရီနာ အင်္ဂလိပ်စာသင်ဖို့ အတွက် ဂျိမ်းစ်ကပဲ သင်တန်းကြေးပေးပါတယ်။ သူနဲ့ အတူ ယူကေမှာ ပြောင်းရွှေ့ နေထိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် သံရုံး အရာရှိတချို့နဲ့ ဆက်သွယ်မေးမြန်းပြီး နောက်မှာတော့ ဒီလို လုပ်နိုင်ဖို့ ဗျူရိုကရေစီ စနစ်ကြောင့် တော်တော် ကြီးမားတဲ့ အခက်အခဲတွေ ရှိနေတာကို သိခဲ့ရပါတယ်။
အိုင်ရီနာကို ယူကေကို ခေါ်နိုင်ဖို့ နှစ်နဲ့ ချီပြီး ကြာနိုင်တယ်လို့ ဂျိမ်းစ်က ပြောပါတယ်။
ဒါနဲ့ သူ ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချလိုက်ပါတယ်။ သူပဲယူကရိန်းကို ပြောင်းရွှေ့ပြီး အိုင်ရီနာနဲ့ ဘဝသစ် ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူကေက သူ့ အလုပ်ကနေ ထွက်လိုက်သလို သူ့အိမ်ကိုလည်း ရောင်းပစ်လိုက်ပါတော့တယ်။ အိုင်ရီနာရဲ့ တိုက်တွန်းမှုနဲ့ပဲ အိုဒက်ဆာမှာ သူတို့ နှစ်ဦး အတူနေထိုင်ဖို့ အိမ်ရှာပါတယ်။
သူတို့ နှစ်ဦးအကြား ဆက်ဆံရေးမှာ လေးနက်မှု ခိုင်ကျည်မှုတွေ ရှိတာကို ပြသချင်တာကြောင့် အိမ်ဝယ်ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကေက သူ့မိတ်ဆွေ သူငယ်ချင်းတွေကတော့ အလှမ်းကျယ်လွန်းတယ် ထင်ပေမယ့် သူ့မှာ အနာဂတ် တစ်ခု ရှိလာနေပြီ ဖြစ်တာကြောင့် ဝမ်းသာနေကြပါတယ်။
တကယ်တော့ ဂျိမ်းစ်ရဲ့ ခြေလှမ်းက ကျယ်ရုံတင်မက အသွားမတော် တစ်လှမ်း ဖြစ်လာဖို့ အစပျိုးနေခဲ့ပါပြီ။
အိမ်ခန်းသစ်
ယူကေကနေ ယူကရိန်းကို ငွေလွှဲရတာဟာ လွယ်ကူတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ယူကရိန်းဟာ ဥရောပမှာ အဂတိမှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ငွေကြေး အရှုပ်တော်ပုံကြီးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ ငွေခဝါချမှုတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ငွေကို ဘယ်လောက် ပမဏအထိပဲ လွှဲနိုင်တယ်ဆိုတာကို ကန့်သတ်ထားပါတယ်။ ငွေများများလွှဲပြီ ဆိုတာနဲ့ နောက်က လိုက်လာနိုင်ပါတယ်။
ဆိုတော့ အိုင်ရီနာက အိမ်ခန်းဝယ်ဖို့ လိုမယ့် ငွေဖြစ်တဲ့ ဒေါ်လာ ၂ သိန်းကို အကြံအဖန်နည်းနဲ့ လွှဲဖို့ ပြောလာတော့ သူ သိပ်မအံ့သြမိကြောင်း ဂျိမ်းစ်က ပြောပါတယ်။
အိုင်ရီနာရဲ့ ဘဏ်အကောင့်ထဲကို မထည့်ပေးဘဲ သူ့ မိတ်ဆွေ မင်္ဂလာပွဲ စီစဥ်သူ ခရစ္စတီနာရဲ့ ကုမ္ပဏီ အကောင့်ထဲကို လွှဲပေးဖို့ အတွက် ပြောလာခဲ့တာ ဖြစ်ပါတယ်။
သံသယတွေ ရှိနေခဲ့ပေမယ့် နောက်ဆုံး ဂျိမ်းစ်ဟာ ခရစ္စတီနာရဲ့ အကောင့်ထဲကို ငွေတွေ လွှဲပေးခဲ့ပါတယ်။ ငွေတွေ ယူကရိန်းကို ရောက်လာချိန်မှာ မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုက စလာပါပြီ။
အိုင်ရီနာက ဘဏ်က ငွေတွေ ထုတ်ပေးဖို့ အတွက် ဂျိမ်းစ်အနေနဲ့ ခရစ္စတီနာ့ကို တရားဝင် လက်ထပ်ယူမှ ရမယ်လို့ ဆိုလာပါတယ်။ ဒါကလည်း တရားရုံးမှာ သွားပြီး လက်မှတ်ထိုးလိုက်ရင် ၁၀ မိနစ်လောက်ပဲကြာတယ်၊ ကိုယ့်ကိစ္စ အဆင်ပြေရင် ပြန်ကွာရုံပဲလို့ ဆိုပါတယ်။
ဂျိမ်းစ် အကျပ်ရိုက်ပါပြီ။ မင်္ဂလာ ပွဲကျင်းပဖို့က တရွေ့ရွှေ့နီးကပ်လာနေချိန်မှာ အိုင်ရီနာကလည်း သူတို့ အိမ်ခန်းဝယ်ဖို့ လိုတဲ့ ငွေသူ့ကို လွှဲမပေးနိုင်ရင် လက်မထပ်တော့ဘူးလို့ ခြိမ်းခြောက်လာပါတယ်။
အိုင်ရီနာက သူ့ကို Viber ကနေ မက်ဆေ့ချ် ပို့လာပါတယ်။ ကျွန်မ မခံစားနိုင်တော့ဘူး။ ကျွန်မ အမျိုးတွေရဲ့ အကြားမှာ ပြည့်တန်ဆာ တစ်ယောက်လို အထင်ခံရမှာ စိုးတယ်လို့ အိုင်ရီနာက ပြောပါတယ်။
အိုင်ရီနာ့ကို မျက်နှာငယ်အောင် လုပ်တယ်ဆိုပြီး မင်္ဂလာပွဲကို လာကြမယ့် အိုင်ရီနာ့ ဘက်က အမျိုးတွေ ဧည့်သည်တွေ လူပေါင်း ၆၀ လောက်က တော်တော် ဒေါသထွက်နေကြမလား ဆိုတဲ့ အတွေးက ကျွန်တော့်ကို ခြောက်လှန့် နေပါတော့တယ်လို့ ဂျိမ်းစ်က ပြောပါတယ်။
ခရစ္စတီနာနဲ့ ပြန်ကွာရှင်းပြီး အိုင်ရီနာနဲ့ လက်ထပ်ဖို့က သိပ်မခက်ဘူးလို့လည်း သူ့ကို ပြောကြပါတယ်။
ဒါနဲ့ ၂၀၁၇ ခုနှစ် ဇူးလိုင်လ ၁၀ရက် သောကြာနေ့မှာ သူနဲ့ စေ့စပ်ထားတဲ့ သူ့ချစ်သူ အိုင်ရီနာရဲ့ တိုက်တွန်းမှုကြောင့် ဂျိမ်းစ်ဟာ တခြားတပါးသော မိန်းမ ဖြစ်တဲ့ မင်္ဂလာပွဲ စီစဥ်သူ ခရစ္စတီနာနဲ့ လက်ထပ်ခဲ့ပါတယ်။
အိုင်ရီနာတစ်ယောက် ပျော်နေလိုက်တာမှ ခုန်ပေါက်နေတာပဲလို့ ဂျိမ်းစ်က ဆိုပါတယ်။
ဒါကလည်း အကြောင်းရှိပါတယ်။ ဘဏ်က ငွေတွေကို လွှဲပေးလို့ အဆင်ပြေသွားပြီး ဒေါ်လာ ၂ သိန်းတန်တဲ့ တိုက်ခန်းကို ဝယ်လိုက်ပြီလို့ ခရစ္စတီနာနဲ့ အိုင်ရီနာတို့က ပြောလာပါတယ်။ သူနောက်ပိုင်းမှ သိရတာက အဲဒီတိုက်ခန်းဟာ တကယ်တန်းမှာ ဒေါ်လာ ၆ သောင်းပဲ ပေးခဲ့ရတာဆိုတာပါ။ နောက်ပြီး သူတ်စဦးတည်း ပိုင်ဆိုင်တာမျိုး မဟုတ်ဘဲ သူ့ရဲ့ တရားဝင် ဇနီးသည် ခရစ္စတီနာနဲ့ ပူးတွဲ ပိုင်ဆိုင်ရတာ ဖြစ်ပါတယ်။
ကျွန်တော် တော်တော်ကို အ ခဲ့တာပါလို့ ဂျိမ်းစ်က ပြောပါတယ်။
မင်္ဂလာ ဧည့်ခံပွဲ
ခရစ္စတီနာနဲ့ လက်ထပ်ပြီး နောက်တစ်ရက်မှာ အိုင်ရီနာနဲ့ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပမယ့် Villa Otrada ကို ဂျိမ်းစ် တစ်ယောက် အငှားယာဥ်နဲ့ ရောက်လာခဲ့ပါတယ်။ သူက ခရစ္စတီနာနဲ့ ခပ်မြန်မြန် ကွာရှင်းပြီး အိုင်ရီနာ့ကို တရားဝင် လက်ထပ်မယ့် ကိစ္စကို မလုပ်ခင်မှာ ဧည့်ခံပွဲကို အရင်လုပ်တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ကုန်ကျစရိတ် မှန်သမျှ ဂျိမ်းစ်ကပဲ ကျခံပါတယ်။
ဥရောပသားတွေအတွက် ယူကရိန်းဟာ စျေးပေါပါတယ်။ ဒါကြောင့်လည်း ခရစ္စတီနာ့ ဆီက မင်္ဂလာပွဲ ကျင်းပစရိတ် ဒေါ်လာ ၂ သောင်းလောက် ကျမယ်လို့ တွေးမိခဲ့ကြမှာ မဟုတ်ပါဘူး။
အဆိုးထဲက အကောင်းလို ဖြစ်လာတာက ဒီ မင်္ဂလာပွဲဟာ လုပ်ပွဲကြီး ဖြစ်နေတယ်ဆိုတာကို ဂျိမ်းစ် စတင် ရိပ်မိလာတာပဲ ဖြစ်ပါတယ်။
စျေးတွေက မတရား မြင့်နေသလို ဧည့်သည် ၆၀ ဆိုတာကလည်း ငွေပေးပြီး ခေါ်ထားတဲ့ပုံ ဖြစ်နေပါတယ်။ ယုတ်စွအဆုံး အိုင်ရီနာရဲ့ မိခင်ဆိုသူတောင်မှ တကယ်တန်းက စကားပြန်ဂျူလီယာ့ အမေ ဖြစ်နေပါတယ်။ ဒီ မင်္ဂလာပွဲကို တကယ် စစ်မှန်တယ်လို့ ထင်နေသူ ဆိုလို့ ဂျိမ်းစ်တစ်ယောက်ပဲ ရှိပါလိမ့်မယ်။
အဲဒီအချိန်တုန်းက ဂျိမ်းစ်မသိခဲ့တာ တစ်ခုက သူနဲ့ စေ့စပ်ခဲ့တဲ့ အိုင်ရီနာဟာ အိမ်ထောင်သည် တစ်ယောက် ဆိုတာပါ။ ဘီဘီစီက တွေ့ခဲ့ရတဲ့ တရားဝင် မှတ်တမ်း အချက်အလက်တွေအရ အိုင်ရီနာဟာ အောန်ဒရေ ဆစ်ကော့ဗ် ဆိုသူနဲ့ ၂၀၁၅ သြဂုတ်လကတည်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူနဲ့ မဆုံခင် ၃ လ အလိုက ဖြစ်ပါတယ်။
ခရစ္စတီနာ ဆိုတဲ့ မင်္ဂလာပွဲ စီစဥ်သူ ကလည်း အိမ်ထောင်သည်ပဲ ဖြစ်ပြီး သူ့ခင်ပွန်းသည်က Denys လို့ ခေါ်ပါတယ်။ သူကလည်း လိုလိုလားလားပဲ ဒီဇာတ်ထဲမှာ ဝင်က ပေးခဲ့ပါတယ်။ မှတ်တမ်းတွေအရ ခရစ္စတီနာက ဂျိမ်းစ်နဲ့ လက်မထပ်ခင် သီတင်း ၃ ပတ် အလိုမှာ Denys နဲ့ ကွဲထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အလိမ်အညာ လုပ်ကြံ မင်္ဂလာပွဲကြီး ပြီးမှ Denys နဲ့ ပြန်လက်ထပ်ခဲ့ပါတယ်။
မင်္ဂလာ ဧည့်ခံပွဲရဲ့ ညနေခင်း တစ်နည်းအားဖြင့် ဂျိမ်းစ်အနေနဲ့ အိုင်ရီနာနဲ့ ပထမဆုံး ချစ်ရည်လူးနိုင်မယ့် အချိန်နီးကပ်လာချိန်မှာပဲ အဖြစ်ဆိုး တစ်ခုကို ကြုံခဲ့ရပါတယ်။ အိုင်ရီနာ့ အမေလို့ သူထင်နေခဲ့တဲ့ အမျိုးသမီးကြီးက သူ့ကို ယမကာထဲ ဆေးခတ်ခဲ့တယ်လို့ ထင်ကြောင်း ဂျိမ်းစ်က ပြောပါတယ်။
သူက တစ်ခွက်ပြီး တစ်ခွက် လာတိုက်နေတာလေ၊ ဆေးခပ်ထားတာ သေချာပါတယ်လို့ ဂျိမ်းစ် က ဆိုပါတယ်။ နောက် သူတော်တော်မူးပြီး သွေးဆိုးသလို ဖြစ်လာတာကြောင့် သူ့ကို ခေါ်ထုတ်သွားခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီနောက် သူ ဆေးရုံ ရောက်သွားပါတယ်၊ အိုင်ရီနာက သူ့ကို လူရှေ့သူရှေ့မှာ သူ့မိသားစု ရှေ့မှာ အရှက်ခွဲတယ်ဆိုပြီး ဆေးရုံလိုက်ဖို့ ငြင်းပါတယ်။
နောက်သီတင်းပတ် အနည်းငယ် ကြာတဲ့ အထိ အိုင်ရီနာက ခွာနေပါတယ်။ သူ့မှာ ကျန်းမာရေး ပြဿနာ တွေရှိတယ်လို့ အကြောင်းပြပေမယ့် သူ့ဆေးရုံကို ဂျိမ်းစ်ကို ပေးမလာပါဘူး။ Viber ကနေ မက်ဆေ့ချ် ပို့တော့ ကျွန်မ ဆေးရုံမှာပါ။ ဒါပေမယ့် ရှင်က ကျွန်မရဲ့ ခင်ပွန်းသည် မဟုတ်တော့ လာလို့ မရပါဘူး။ ရှင့် တရားဝင် ဇနီးက ခရစ္စတီနာလေ၊ ဒါကြောင့် ကျွန်မအနားကို ကျွန်မ အမေပဲ လာလို့ ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဂျိမ်းစ်ကတော့ အိုင်ရီနာ ဆေးကုဖို့ အတွက် နောက်ထပ် ဒေါ်လာ ၁၂,၀၀၀ ကျော် လွှဲပေးခဲ့ပါသေးတယ်။
အဆုံးမတော့ ယူကရိန်း မိတ်ဆွေကောင်း တစ်ယောက်ကပဲ ဝင်ပြီး ဇာတ်လမ်းကို ဖြတ်ပေးခဲ့ရပါတယ်။ သူက ဂျိမ်းစ်ကို တိုက်ခန်း တန်ဖိုးဟာ ဒေါ်လာ ၆၃,၀၀၀ ပဲ တန်တယ် သူ ဒေါ်လာ ၁၄,၀၀၀၀ ပိုပေးခဲ့ရတယ်ဆိုတာကို ပြောလာပါတယ်။
သူ အလိမ်ခံရပြီ ဆိုတာ ဂျိမ်းစ်သိလိုက်ပါပြီ။
ဒီမိန်းမတွေက သူ့စုဆောင်းငွေ စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံ ဖြစ်တဲ့ ဒေါ်လာ ၂၅၀,၀၀၀ ကို လိမ်သွားခဲ့ပြီလို့ သူနားလည် လိုက်ပါတယ်။
ကျွန်တော် ပြိုလဲ ကျမတတ်ပါပဲလို့ ဂျိမ်းစ်က ပြောပါတယ်။ ဒီလူတွေ အားလုံးက တစ်ဖက်သားအပေါ် စာနာမှု မထားဘဲ ဒီလို လုပ်ရပ်မျိုးကို လုပ်ကြမယ်လို့ ဘယ်လိုမှ တွေးမထားခဲ့မိဘူးလို့ ဆိုပါတယ်။
ဒီအလိမ်ဇာတ်လမ်းကို ဂျိမ်းစ် အစဖော်နိုင်အောင် ကူညီပေးသူကတော့ တရားဝင် စကားပြန်အဖြစ် အသက်မွေးနေတဲ့ တတ်တီယာနာ ပဲ ဖြစ်ပါတယ်။ အိုဒက်ဆာမှာ နှစ်စဥ်နှစ်တိုင်း ဒီလို အလိမ်အညာ ဇာတ်လမ်းတွေကို ကြားနေရတာ၊ အနည်းအများတော့ ကွာတာပေါ့လို့ သူက ဆိုပါတယ်။
တရားမျှတမှု မရ
ဂျိမ်းစ်ဟာ စိတ်ကျရောဂါတွေနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်မသွားအောင်တော့ ထိန်းနိုင်ခဲ့ပါတယ်။ အဲဒီလို ဖြစ်မယ့်အစား တရားဥပဒေအတိုင်း ဖြစ်ဖို့နဲ့ သူ့ငွေတွေ ပြန်ရဖို့ သူအားထုတ်ခဲ့ပါတယ်။
ကျွန်တော့်မှာ ဘဏ်ကို ငွေလွှဲခဲ့တဲ့ အထောက်အထားတွေနဲ့ Viber ကနေ ကျွန်တော်တို့ အကြား ဆက်သွယ်ပြောဆိုထားတာတွေ အကုန်ရှိပါတယ်။ ဒါတွေ ပြနိုင်ရင် လုံလောက်မယ်လို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် သူရခဲ့တာက ယူကရိန်း တရားစီရင်ရေး စနစ်ရဲ့ အားနည်းချက်တွေအကြောင်း လက်ပူတိုက် သင်ခန်းစာတွေသာ ဖြစ်လို့နေပါတယ်။
အထောက်အထားတွေ ယူပြီး အိုဒက်ဆာက ယူကရိန်း ရဲ တပ်ဖွဲ့ကို ၄ ကြိမ် တိုင်တိုင် သွားရောက် တိုင်တန်းခဲ့ပါတယ်။ တစ်ခါတလေဆို သူကိုကြည့်ပြီး လှေင်သလိုလို တွေတောင် ရှိခဲ့ကြောင်း ပြောပါတယ်။
တကယ်တော့ ယူကရိန်း ရဲတပ်ဖွဲ့ အထူးသဖြင့် အိုဒက်ဆာက ရဲတပ်ဖွဲ့ဟာ ဒုစရိုက် နှိမ်နင်းရေးမှာ တော်တော် နာမည်ပျက်နေတာ ဖြစ်ပါတယ်။ သူကြုံခဲ့ရတဲ့ အယောင်ဆောင် လိမ်ညာ လက်ထပ်တာမျိုးတွေက ဦးစားပေး စနစ်မှာ ဟိုး အောက်ဆုံး လောက်မှာပဲ ရှိနေပါတယ်။
တချို့ ကိစ္စတွေမှာ ရဲက ဘာမှ လုပ်တာ လှုပ်ရှားတာမျိုး မရှိဘူးလို့ ဂျိမ်းစ်ရဲ့ ရှေ့နေ Anna Kozerg က ပြောပါတယ်၊ သူတို့ အရေးယူပေးဖို့ အတွက် တစ်ချိန်လုံး တွန်းနေရတယ်လို့ သူက ဆိုပါတယ်။
ရဲ ဘက်က အရေးယူပေးဖို့ အတွက် မကြာခဏဆိုသလို လာဘ်ပေးရတာမျိုးတွေ ရှိပေမယ့် ဂျိမ်းစ်ကတော့ ဒါမျိုးတွေ လုပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဂျိမ်းစ်ရဲ့ အထောက်အထားတွေနဲ့ Anna Kozerg ရဲ့ တောင်းဆိုမှုတွေကြောင့် အိုင်ရီနာနဲ့ ခရစ္စတီနာတို့ကို ရဲက ခေါ်မေးခဲ့ပါတယ်။ ဒါပေမယ့် အရေးယူ တာမျိုး မလုပ်ခဲ့ပါဘူး။
ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက အိုဒက်ဆာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားဖို့ကို ငြင်းဆိုခဲ့ပါတယ်။
အဆိုးထဲက အကောင်းပြစရာ ဆိုလို့ တစ်ခုတော့ရှိပါတယ်။ ခရစ္စတီနာနဲ့ လက်ထပ်ခဲ့ရတဲ့ အမှုမှာတော့ ဒါဟာ အလိမ်ခံရတာ ဖြစ်တယ်လို့ ဆိုပြီး ဒီ ဒေါ်လာ ၆၃,၀၀၀ တန် အခန်းရဲ့ တစ်ဦးတည်းသော ပိုင်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဂျိမ်းစ်က ကိုဗစ်ပြီးရင် တိုက်ခန်းစျေးပြန်တက်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီတိုက်ခန်းကို ဆက်ပြီး ကိုင်ထားပေမယ့် သူပေးခဲ့ရတဲ့ ဒေါ်လာ ၂ သိန်း နားအထိ ရဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကစားပွဲ တစ်ခု
ရဲက ကူညီဖို့ စိတ်မဝင်စားတာကြောင့် ဂျိမ်းစ်လည်း အိုဒက်ဆာရဲ့ Sherlock Holmes ဆိုတဲ့ အလွတ်စုံထောက် Robert Papinyan ဆီ ရောက်လာခဲ့ပါတယ်။
ရဲရော ကျန်တဲ့ တရားဝင်နည်းလမ်း မှန်သမျှ ကြိုးစားပြီးပြီ။ ဒီနည်းနဲ့ ဆက်ကစားရတော့ မှာပေါ့လို့ ဂျိမ်းစ်က ဆိုပါတယ်။
သူက စုံထောက်ကိုအရင်ဆုံး ဒေါ်လာ ၃၀၀၀ ပေးပြီး အမှုအပ်ရပါတယ်။ နောက် ပြန်ရမယ့် ငွေရဲ့ ၃၀ ရာခိုင်နှုန်းလည်း ပေးရမှာ ဖြစ်ပါတယ်။
Mr Papinyan ကတော့ သူ့နည်းတွေကို မကွယ်မဝှက်ထားပါဘူး၊ လိုအပ်ရင် ခြိမ်းခြောက်တဲ့ နည်းကို သုံးဖို့လည်း ဝန်မလေးဘူးလို့ သူက ပြောပါတယ်။
Mr Papinyan ရဲ့ ရုံးခန်းကို ရောက်သွားချိန်မှာ အပေါက်ဝမှာ ခပ်တောင့်တောင် လူ ၃ ယောက်ကိုလည်း သတိပြုမိခဲ့ပါတယ်။ Mr Papinyan က အခုကိစ္စမှာ အမျိုးသမီးတွေက အဓိက ကြိုးကိုင်တာလို့ ဆိုပေမယ့် သူတို့ ခင်ပွန်းသည်တွေဆီကနေ တစ်ဆင့် ဆက်သွယ်နေကြောင်း ပြောပါတယ်။
Mr Papinyan က သူတို့ကို ဆက်သွယ်နိုင်မယ့် နည်းတွေကို ပြောပြခဲ့လို့ သူတို့ဆီလည်း ဆက်သွယ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ သိလာရတာက ခရစ္စတီနာရဲ့ ၂ ကြိမ် ခင်ပွန်းသည် ဖြစ်တဲ့ Denysက သူ့ကို တစ်ချိန်လုံး နောက်ယောင်ခံ လိုက်နေတဲ့ကားတစင်းရဲ့ ပုံတွေကို ပို့ပေးလာပြီး Mr Papinyan လူတွေက ခြိမ်းခြောက် ငွေညှစ်တဲ့ လူတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။
အိုင်ရီနာရဲ့ ခင်ပွန်း အောန်ဒရေကတော့ တစ်ခုခုလွဲနေပြီ၊ သူ့ ဇနီးဆီကို ဆက်သွယ်ဖို့ ပြောထားတဲ့ အကြောင်း အကြောင်းပြန်လာ ခဲ့ပါတယ်။ ဒါပေမယ့် သူ့ ဇနီးဆီက ဘာမှ ဆက်သွယ်လာတာမျိုး မရှိပါဘူး။
ဒါပေမယ့် အွန်လိုင်းပေါ်မှာတော့ သူ ဒိတ်လုပ်ဖို့ ပရိုဖိုင် တင်ထားတုန်းပဲ ဖြစ်ပါတယ်။ အဲဒီမှာ သူ့ကိုယ်သူ ကွာရှင်းပြတ်စဲထားပြီး ဖြစ်တဲ့ ကလေးထိန်း တစ်ယောက်အဖြစ် ဖော်ပြထားပါတယ်။ နောက်ပြီး တစ်ယောက်ဆို တယောက်ပဲ ချစ်မယ့်သူလို့ ဆိုထားပါတယ်။
ဂျိမ်းစ်ဟာ ယူကေကနေ Viber ရဲ့ ဘာသာပြန် မက်ဆေ့ချ်တွေကို ယူကရိန်းကို ပို့နေရဆဲ ဖြစ်ပါတယ်။ အိုင်ရီနာနဲ့တော့ မဟုတ်တော့ပါဘူး။ Mr Papinyan နဲ့ ပဲဖြစ်ပါတယ်။ သူ့ ငွေတွေထဲက တချို့ကို ပြန်ရလိမ့်မယ်လို့ သူမျှော်လင့်နေဆဲ ဖြစ်ပါတယ်။
အလွတ် စုံထောက်ဆီက နောက်ဆုံး သတင်းအရတော့ သူ့လူတွေက အိုဒက်ဆာ နားမှာ ရှိတ့ Chernomorsk မြို့ကို ရောက်ခဲ့ရမှာ အိုင်ရီနာ့ကို သူ့အိမ်အနီးမှာပဲ တွေ့ခဲ့ရကြောင်း။ ဇွန်လ ၂၀ ရက် မတိုင်ခင်မှ ပိုက်ဆံတွေ ပြန်ပေးဖို့ ပြောထားကြောင်း ဆိုပါတယ်။
ဂျိမ်းစ်ကတော့ သိပ်ပြီး မမျှော်လင့်ထားတော့ပါဘူး။ အခုဆို သူဟာနောက်ထပ် ပရဟိတအလုပ်တစ်ခုမှာ ဝင်ရောက် လုပ်ကိုင်နေပြီဖြစ်ပြီး ရှေ့ကို ဆက်လျှောက်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဒီအကြောင်းတွေကို ထုတ်ပြော လာရတာကလည်း သူ့ အလုပ်ရှင်တွေ သံသယ မဖြစ်ဖို့ အတွက်ပါလို့ ဆိုပါတယ်။
"ဒေါ်လာ ၂ သိန်းခွဲလောက် အလိမ်ခံခဲ့ရတယ်ဆိုတော့လူကြားလို့ မကောင်းဘူးလေ၊ ကျွန်တော့် မိသားစုကိုတောင် စိတ်မကောင်းဖြစ်ကြမှာ စိုးလို့ မပြောထားဘူး"လို့ သူက ပြောပါတယ်။
တကယ်လို့ ဒီဇာတ်လမ်းကို သိခွင့်ရသူ တစ်ယောက်က ခင်ဗျားကို အရူးတစ်ယောက်ပဲလို့ ပြောလာရင် ရော ဆိုတော့ သူက "ဒါအမှန်ပဲလေ"လို့ ပြောရှာပါတယ်။
ဂျိမ်းစ်က သူ့လို ယူကရိန်းမှာ မေတ္တာ ဇာတ်လမ်း စချင်သူတွေ ရှောင်ရှားနိုင်အောင် သတိပေးချင်လို့သာ ဘီဘီစီကို ပြောပြခဲ့တာလို့ ဆိုပါတယ်။
သူ့အတွက် ဖြေသိမ့်စရာက သူ့ရဲ့ အဖြစ်အပျက်တွေကြောင့် ယူကေ အစိုးရရဲ့ ယူကရိန်းကို သွားမယ့် ခရီးသည်တွေအတွက် လမ်းညွှန်မှာ ဒီအချက်ကိုပါ ထည့်သွင်း သတိပေးထားတာ ဖြစ်ပါတယ်။
ပြည်ပကလာတဲ့ လူတွေဆီက ငွေညှစ်ဖို့ အတွက် ရည်ရွယ်ပြီး လိမ်ညာ လက်ထပ်မှုမျိုးတွေ ရှိကြောင်း၊ အလိမ်ခံရပြီ ဆိုရင် ကိုယ်ဆုံးသွားတဲ့ ငွေတွေ ပြန်ရဖို့ မျှော်လင့်ချက် သိပ်မရှိကြောင်း သတိပေးထားပါတယ်။
အလိမ်အညာ မေတ္တာ
Action Fraud ဆိုတဲ့ အလိမ်အညာ ဖော်ထုတ်တဲ့ အဖွဲ့ကတော့ လူလိမ်တွေဟာ သူတို့ လိမ်မယ့် သူတွေအနေနဲ့ တကယ်လို စစ်မှန်တဲ့ မေတ္တာ ဇာတ်လမ်း စနေပြီလို့ ယုံကြည်လာပြီး ငွေတွေ လွှဲစေတဲ့ အထိ အယုံသွင်းတတ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ တောင်းခံမှုတွေကလည်း အရေးပေါ် ဆေးကုသဖို့၊ ပြည်ပရောက်နေတဲ့ ဆွေမျိုးသားချင်းတစ်ယောက်ယောက် ဘေးတွေ့လို့ လိုက်သွားချင်လို့ စသည်ဖြင့် အကြောင်းပြ တောင်းခံကြတာ ဖြစ်ပါတယ်။ နောက် အချိန်ကြာလာတာနဲ့ အမျှ ငွေလိမ်သူတွေဟာ သူတို့ရဲ့ လိမ်နေသူတွေနဲ့ ဆက်ဆံရေး ပိုခိုင်မာလာအောင် လုပ်လာကြပါတယ်။
ဒါကြောင့်လည်း မကြာသေးခင်ကမှ အွန်လိုင်းပေါ်မှာ တွေ့တဲ့ သူမျိုးက ငွေတောင်းလာရင် သတိထားဖို့ လိုပါတယ်။
အဲဒီလို ကြုံလာရင် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တိုင်ပင်သင့်ပါတယ်။
ပရိုဖိုင် ပုံတွေ တင်ထားရင်လည်း အစစ်အမှန် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တခြားနေရာက ပုံတွေကို ယူပြီး တင်ထားသလား ဆိုတာ သိဖို့ စစ်ဆေး ကြည့်သင့်ပါတယ်။ တကယ်လို့ မေတ္တာ ဇာတ်လမ်းနဲ့ အလိမ်ခံရပြီဆိုရင် ဒါမျိုး ကြုံရတာ ကိုယ်တစ်ယောက်တည်း မဟုတ်တာကြောင့် ဒါဟာ ရှက်စရာလို့ မမှတ်ယူသင့်ပါဘူး။ ကိုယ့် ဘဏ်ကို ချက်ခြင်းဆက်သွယ်ပါ ပြီးရင် Action Fraud လို အဖွဲ့အစည်းတွေကို တိုင်ကြားရမှာ ဖြစ်ပါတယ်။