ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အိမ်မှာတွေ့တဲ့ စကားပြောစက်တွေအကြောင်း စရဖ အရာရှိတစ်ဦးထွက်ဆို
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဇွန် ၂၁ ရက် မှာ လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး နှစ်ဦးပေါင်း အမှု ၄ မှု အတွက် တရားလိုပြသက်သေ ၃ ဦး ကို စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ ဇွန် ၂၁ ရက် ရုံးချိန်မှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့က အတိုင်ပင်ခံရဲ့အိမ်ကို နေအိမ်ခြံဝင်းထဲ ဝင်ရောက်ရှာဖွေရာမှာ တွေ့ရှိခဲ့တဲ့ စကားပြောစက်တွေကို လက်ခံရရှိခဲ့တဲ့ ဗိုလ်ကြီးအာကာမင်းနိုင် လည်းပါဝင်ခဲ့ပါတယ်။
မြနန်းဘုံသာလမ်းက နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လုံခြုံရေးအဖွဲ့ထံက စကားပြောစက် ၁၀ လုံးနဲ့ Jammer စက်ကို ဖမ်းမိခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရဲမှူးကြည်လင်း တရားလိုလုပ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့အတွက် တရားလိုပြသက်သေအဖြစ်ထွက်ဆိုခဲ့တာပါ။
'' သူရောက်တဲ့အချိန်မှာ ဖမ်းမိထားတဲ့ စကားပြောစက်တွေ၊ Icom တွေ ပေးအပ်တဲ့အကြောင်း ထွက်ဆိုသွားတာပါ'' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။
အဓိကစစ်မေးချက်ကော အပြန်အလှန်စစ်မေးချက်တွေပါ ပြီးစီးခဲ့တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပြီး အသေးစိတ်ကိုထုတ်ဖော်မပြောပါဘူး။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတ ဦးဝင်းမြင့်ကိုပါ စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ၂ မှုလုံးအတွက် တရားလိုပြသက်သေအဖြစ် ဒုရဲအုပ်လှိုင်ဝင်းကို စစ်မေးပါတယ်။
ဦးဝင်းမြင့်အမှုမှာ နိုင်ငံတော်အကြီးအကဲတွေနေတဲ့ရပ်ကွက်ဖြစ်တဲ့ ဇေယျသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းဇော်ကိုပါ ဒီကနေ့စစ်မေးခဲ့ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ပါ ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း ရှေ့နေတွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားလိုပြသက်သေတွေရဲ့ထွက်ဆို ချက်တွေကို အာရုံစိုက်နားထောင်ပြီး လွဲချော်နေတဲ့အချက်အလက်တွေရှိရင် ထောက်ပြတဲ့အကြောင်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်မြောက် မွေးနေ့ကို နိုင်ငံတစ်ဝန်းမှာ ကျင်းပပေးခဲ့တဲ့အကြောင်း ရှေ့နေတွေကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် သိခွင့်ရခဲ့ပါတယ်။ မွေးနေ့ကျင်းပပေးတဲ့ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်တယ်လို့ပြောပြီး ပြည်သူတွေကျန်းမာပါစေလို့ ပြန်ဆုတောင်းပေးတဲ့အကြောင်း ရှေ့နေတွေက ပြောပါတယ်။
ထိန်းသိမ်းခံထားရစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူနေသူတွေအတွက် လိုအပ်တာတွေကို ရှေ့နေတွေကတစ်ဆင့်အကူအညီတွေ ပေးနေပြီဖြစ်ပါတယ်။
ဆေးဝါးနဲ့တခြားလိုအပ်တာတွေ ထပ်ပို့ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ရှေ့နေတွေ ဒီကနေ့ရုံးချိန်းမှာ ထပ်ပြောခဲ့ကြပါတယ်။
ဇွန်လ ၂၂ ရက် မှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို စွဲထားတဲ့ အမှုကိုလည်း စစ်ဆေးသွားဖို့ ရှိပါတယ်။