ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒိုင်ယာနာ မင်းသမီးနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ဟောင်းက မင်းသားဝီလျံနဲ့ ဟယ်ရီကို တောင်းပန်စကားဆို
လွန်ခဲ့တဲ့ ၂၅ နှစ်က လုပ်ခဲ့တဲ့ အဲဒီအင်တာဗျူးဟာ ဗြိတိသျှ တော်ဝင်မိသားစုရဲ့ အတွင်းရေးကို တော်ဝင်မိသားစုဝင် တစ်ဦးကိုယ်တိုင်က ပထမဆုံးအကြိမ် ဖွင့်ချ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အင်တာဗျူးထဲမှာ ဒိုင်ယာနာမင်းသမီးက ချားလ်စ်မင်းသားနဲ့ သူ့ရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု အကြောင်းတွေ၊ သူတို့ဇနီးမောင်နှံ တခြားသူတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အကြောင်းတွေ၊ သူခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကြောင်းတွေကို ထုတ်ပြောသွားခဲ့ပါတယ်။
အခုတော့ အဲဒီအင်တာဗျူး လုပ်ခဲ့သူ သတင်းထောက် မာတင် ဘရှီးယား က သူအကြီးအကျယ် ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်လို့ ဒိုင်ယာနာ မင်းသမီးရဲ့ သားတော်နှစ်ဦး ဖြစ်တဲ့ ကိန်းဘရစ်ချ်မြို့စား မင်းသားဝီလျံနဲ့ ဆပ်ဆက်စ်မြို့စား မင်းသားဟယ်ရီ တို့ကို တောင်းပန်စကား ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း The Sunday Times သတင်းစာကြီးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မာတင် ဘရှီးယားက ဒိုင်ယာနာ မင်းသမီးကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒ သူ့မှာဘယ်တုန်းကမှ မရှိခဲ့ကြောင်းနဲ့ ထိခိုက်နစ်နာအောင် လုပ်ခဲ့ကြတယ်လို့လည်း သူမယူဆကြောင်း ပြောသွားခဲ့ပါတယ်။
သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုအရတော့ ဘီဘီစီ သတင်းထောက်ဟောင်း မာတင် ဘရှီးယားဟာ ဒိုင်ယာနာ မင်းသမီးနဲ့ အင်တာဗျူးရဖို့ လိမ်ညာလှည့်ဖျားတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်လို့ ကောက်ချက်ချ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအင်တာဗျူးရဖို့ လိမ်ညာလှည့်ဖျားတဲ့ နည်းတွေသုံးပြီး စီစဉ်ခဲ့တာ ဖြစ်တယ်၊ ဘီဘီစီအနေနဲ့ ချမှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို မလိုက်နာခဲ့ဘူးလို့ အဲဒီ စုံစမ်းစစ်ဆေးမှုက ဖော်ထုတ် တွေ့ခဲ့ပါတယ်။
အခုလို လှည့်ဖျားခံခဲ့ရတယ်ဆိုတာကို ကွယ်လွန်သူမိခင် ဒိုင်ယာနာမင်းသမီး သိမသွားခဲ့ရတာကို သူ့အနေနဲ့ ဝမ်းအနည်းဆုံးပဲလို့ ကိန်းဘရစ်ချ်မြို့စား မင်းသား ဝီလျံက ပြောပါတယ်။ သူ့မိခင်ဟာ ဆိုးညစ်တဲ့ သတင်းထောက် တစ်ယောက်တင်မက၊ ဘီဘီစီ အကြီးအကဲတွေရဲ့ လှည့်ဖျားတာကိုပါ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဘီဘီစီက မင်းသားဝီလျံနဲ့ မင်းသား ဟယ်ရီကိုရော၊ ဝေလမင်းသား ချားလ်စ်၊ ဒိုင်ယာနာ မင်းသမီးရဲ့ မောင် အားလ် ချားလ်စ် စပန်ဆာ ကိုပါ စာနဲ့ ရေးသား တောင်းပန်ခဲ့ပါတယ်။
ဘာတွေ ဖြစ်ခဲ့သလဲ
ကမ္ဘာကျော်သွားခဲ့တဲ့ ၁၉၉၅ ခုနှစ်က ဒိုင်ယာနာမင်းသမီးနဲ့ အင်တာဗျူးကို ဘီဘီစီက ဘယ်လို ရခဲ့သလဲ ဆိုတာကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခဲ့အပြီး မေလ ၂၀ ရက် ကြာသပတေးနေ့က အစီရင်ခံစာ ထွက်လာခဲ့ပါတယ်။
မင်းသားဝီလျံနဲ့ မင်းသားဟယ်ရီတို့ရဲ့ မိခင် ဒိုင်ယာနာမင်းသမီးဟာ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။
အင်တာဗျူးလုပ်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ဟောင်း မာတင် ဘရှီးယား ဟာ စာရွက်စာတမ်းအတုတွေနဲ့ လှည့်ကွက်သုံးပြီး အင်တာဗျူး ရအောင် လုပ်ခဲ့တယ် ဆိုတာကို စုံစမ်းစစ်ဆေးမှုအရ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
ဘရှီးယားဟာ ဘဏ်က ငွေပေးမှတ်တမ်း စာရွက်အတုတွေ လုပ်ပြီး ဒိုင်ယာနာရဲ့ မောင် ချားလ်စ် စပန်ဆာကို ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီ ငွေပေးမှတ်တမ်းတွေဟာ ဒိုင်ယာနာရဲ့ အကြောင်းတွေကို ထောက်လှမ်း ဖော်ထုတ်ပေးအောင် သူ့အနီးကပ်မှာ ရှိနေတဲ့ အတွင်းလူတွေကို ပေးထားတာ ဆိုပြီးလည်း အယုံသွင်းခဲ့ပါတယ်။ ဒီလိုနဲ့ စပန်ဆာရဲ့ မိတ်ဆက်ပေးမှုနဲ့ ဘရှီးယားတစ်ယောက် ဒိုင်ယာနာကို တွေ့ခွင့်ရ၊ နောက်ပြီး သီးသန့် တွေ့ဆုံမေးမြန်းခွင့်ပါ ရလာခဲ့တာပါ။
၁၉၉၆ ခုနှစ်အစပိုင်းလောက်မှာ ဘီဘီစီက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခဲ့ပေမဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူ တစ်စုံတစ်ယောက်မှ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
အငြိမ်းစား တရားသူကြီး လော့ဒ် ဒိုင်ဆန် ဦးဆောင်တဲ့ အခု နောက်ဆုံး စုံစမ်းစစ်ဆေးမှုမှာတော့ အဲဒီ အင်တာဗျူး ရအောင် လှည့်ကွက်သုံးခဲ့တာကို ဘီဘီစီက ဖုံးကွယ်ခဲ့တယ် ဆိုတာကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ဘီဘီစီဟာ ကိုယ်ပိုင်အမှတ်သင်္ကေတ ဖြစ်တဲ့ သမာဓိရှိမှု၊ ပွင့်လင်းမြင်သာမှု စံချိန်စံညွှန်း တွေကို မလိုက်နာခဲ့ဘူးဆိုတာကို ဖော်ထုတ်တွေ့ခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် ဘီဘီစီရဲ့ လက်ရှိအကြီးအကဲ တင်မ် ဒေးဗီး က "ဒီကိစ္စနဲ့ ပတ်သက်လို့ အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဘီဘီစီဘက်က ချို့ယွင်းပျက်ကွက်မှုတွေကို လော့ဒ် ဒိုင်ဆန်က ဖော်ထုတ်နိုင်ခဲ့ပါတယ်"လို့ ပြောပါတယ်။
အခုတော့ အဲဒီအင်တာဗျူး ထုတ်လွှင့်တုန်းက ဘီဘီစီ သတင်းရေးရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တိုနီ ဟောလ်လည်း သူ့ရဲ့ လက်ရှိအလုပ်တာဝန်ကနေ နုတ်ထွက်သွားခဲ့ရပါပြီ။
နောက်ပိုင်းမှာ ဘီဘီစီ အသံလွှင့်ဌာနကြီးရဲ့ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သူ လော့ဒ် တိုနီ ဟောလ် ဟာ လက်ရှိ တာဝန်ယူနေတဲ့ National Gallery အမျိုးသား ပြခန်းဌာန ဥက္ကဋ္ဌ ရာထူးကနေ စနေနေ့က နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီရာထူးမှာ သူဆက်နေနေရင် လူတွေက ဒီကိစ္စအပေါ်ပဲ အာရုံစိုက်မိနေကြလိမ့်မယ်လို့ သူက ပြောပါတယ်။
၁၉၉၆ ခုနှစ်က လော့ဒ် တိုနီ ဟောလ် ဦးဆောင်လုပ်ခဲ့တဲ့ ဘီဘီစီ ဌာနတွင်း စုံစမ်းစစ်ဆေးမှုဟာ အကြီးအကျယ် စိတ်ပျက်စရာ ကောင်းလောက်အောင် ထိရောက်မှု မရှိတဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒိုင်ယာနာမင်းသမီးနဲ့ အင်တာဗျူးမှာ ဘာတွေပါသလဲ
အဲဒီအင်တာဗျူးဟာ တော်ဝင်မိသားစုရဲ့ အတွင်းရေးတွေကို တော်ဝင်မိသားစု၀င်တစ်ဦးက ပထမဆုံးအကြိမ် ကိုယ်တိုင် ဖွင့်ချပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။ ဒိုင်ယာနာမင်းသမီးက ခင်ပွန်းသည် ချားလ်စ်မင်းသားနဲ့ အိမ်ထောင်ရေးအကြောင်း၊ အစားအသောက်စားရမှာ ကြောက်တဲ့ စိတ်ဝေဒနာကို သူခံစားနေရတဲ့ အကြောင်းတွေကို ထုတ်ပြောသွားခဲ့ပါတယ်။
အဲဒီအင်တာဗျူးကို ဘီဘီစီရဲ့ Panorama သတင်းအစီအစဉ်မှာ ထုတ်လွှင့် ခဲ့တာ ဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ သမိုင်းမှာ အကျော်ကြားဆုံး အင်တာဗျူး တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီအင်တာဗျူးကို လူ ၂၃ သန်းကျော် ကြည့်ခဲ့ကြပါတယ်။
မင်းသားဝီလျံက ဘာပြောသလဲ
မင်းသားဝီလျံဟာ ဘီဘီစီကို အခုလိုမျိုး ထုတ်ဖော် ဝေဖန်တာ မရှိသလောက် ရှားပါတယ်။ အခုဒီလိုဝေဖန် ပြောဆိုလိုက်တာက အတော်လေးကို ကြီးကျယ်တဲ့ ကိစ္စကြီးပါ။
အဲဒီအင်တာဗျူးဟာ သူ့မိဘနှစ်ပါးရဲ့ ဆက်ဆံရေးကို ပိုဆိုးသွားစေဖို့ အဓိက အချက်ကြီးတစ်ခု ဖြစ်တယ်လို့ မင်းသားဝီလျံက ပြောပါတယ်။ ဒီအင်တာဗျူးကြောင့် နောက်ထပ် မရေတွက်နိုင်လောက်တဲ့ တခြားသူတွေကိုလည်း အကြီးအကျယ် ထိခိုက်နာကျင်မှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒီအင်တာဗျူးရဖို့ လှည့်စားပြောဆိုခဲ့မှုတွေက သူ့မိခင်ရဲ့ ခေါင်းထဲဝင်သွားပြီး ဒါတွေကို အင်တာဗျူးမှာ ပြောသွားခဲ့တာလို့ သူ့အနေနဲ့ ယူဆမိတယ်လို့ မင်းသားဝီလျံက ပြောပါတယ်။ ဒီအင်တာဗျူးကို နောက်ဘယ်တော့မှ ပြန်မလွှင့်သင့်ဘူးလို့လည်း သူက ပြောသွားပါတယ်။
အခု အစီရင်ခံစာနဲ့ ပတ်သက်လို့ မင်းသား ဟယ်ရီကလည်း "ကျွန်တော်တို့ရဲ့ မိခင်ဟာ တိုင်းပြည်တာဝန်အတွက် ဘဝကိုမြှုပ်နှံထားခဲ့တဲ့ တမူထူးခြားတဲ့ အမျိုးသမီးတစ်ဦးပါ။ ခံနိုင်ရည်ရှိသူ၊ သတ္တိရှိသူ နောက်ပြီး မေးစရာမလိုလောက်အောင် ရိုးသားသူ ဖြစ်ပါတယ်"လို့ ပြောသွားပါတယ်။
"အခုဒီအစီရင်ခံစာဟာ တရားမျှတမှုနဲ့ အမှန်တရားကို ဦးတည်တဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ ကျွန်တော့်ကို အကြီးအကျယ် စိုးရိမ်မိစေတာက ဒီလို လုပ်ရပ်မျိုးတွေ၊ ဒါ့ထက် ပိုဆိုးတာတွေက ဒီကနေ့ ခေတ်ကာလမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေဆဲပဲ ဆိုတာပါ။ ကျွန်တော့်မိခင်ရဲ့ ဂုဏ်သတင်းကို ကာကွယ်ခြင်းအားဖြင့် ကျန်တဲ့သူ အယောက်တိုင်းကို ကျွန်တော်တို့ ကာကွယ်နိုင်မှာ ဖြစ်ပြီး သူအသက်ရှင်ခဲ့စဉ်က သိက္ခာတရားကို ဆက်ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ သူဘယ်လို အမျိုးသမီးမျိုးလဲ၊ ဘယ်လို ရပ်တည်ခဲ့သလဲ ဆိုတာကို ပြန်အမှတ်ရကြပါစို့"လို့ မင်းသား ဟယ်ရီက ပြောသွားပါတယ်။
ဘီဘီစီက ဘာပြောသလဲ
ဘီဘီစီရဲ့ လက်ရှိအကြီးအကဲ တင်မ် ဒေးဗီး က "အစီရင်ခံစာထဲမှာ ဝေလမင်းသမီး ဒိုင်ယာနာဟာ ဘီဘီစီနဲ့ အင်တာဗျူး ပေးဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့လည်း အင်တာဗျူး ရအောင် လုပ်ခဲ့တဲ့ လုပ်ဆောင်မှုအဆင့်ဆင့်ဟာ ပရိသတ် မျှော်လင့်သင့် မျှော်လင့်ထိုက်တာနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်"လို့ ပြောပါတယ်။
"ဒီ့အတွက် အကြီးအကျယ် စိတ်မကောင်းပါဘူး။ လော့ဒ် ဒိုင်ဆန်က ဒီချို့ယွင်းချက်တွေကို ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ပါတယ်"
"ဒါ့အပြင် ပထမတစ်ကြိမ် ဌာနတွင်း စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တုန်းက ဘီဘီစီအနေနဲ့ အဲဒီအချိန်က ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို အောက်ခြေ ဇစ်မြစ်ကနေ ဖော်ထုတ်နိုင်ဖို့ ပိုအားထုတ်သင့်ခဲ့ပါတယ်။ ဘာတွေ သိခဲ့ရသလဲ ဆိုတာကို ပိုပွင့်လင်းမြင်သာအောင် ပြခဲ့သင့်ပါတယ်" လို့ မစ္စတာ တင်မ် ဒေးဗီးက ပြောပါတယ်။
မာတင် ဘရှီးယားက ဘာပြောသလဲ
ကနဦး ထုတ်ပြန်တဲ့ တောင်းပန်စာထဲမှာ မစ္စတာ ဘရှီးယားက "စာရွက်စာတမ်းအတုတွေ ထုတ်ခဲ့တာဟာ အတော်လေးကို မိုက်မဲတဲ့ လုပ်ရပ်ဖြစ်ပြီး သူ့အကြီးအကျယ် နောင်တရမိပါတယ်"လို့ ဆိုထားပါတယ်။ ဒီအင်တာဗျူးကိုတော့ သူအရမ်းကို ဂုဏ်ယူနေဆဲပဲလို့လည်း ဆိုပါတယ်။
မစ္စတာ ဘရှီးယားဟာ The Sunday Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒီအင်တာဗျူးနဲ့ ပတ်သက်လို့ သူ့သဘောထားတွေကို ဖြည့်စွက်ပြောခဲ့ပါတယ်။
ဒိုင်ယာနာကို ထိခိုက်နစ်နာအောင်လုပ်ဖို့ သူဘယ်တုန်းကမှ စိတ်ဆန္ဒ မရှိခဲ့ပါဘူး။ ထိခိုက်နစ်နာအောင် လုပ်ခဲ့ကြတယ်လို့လည်း သူမယူဆပါဘူးလို့ မာတင် ဘရှီးယားက ပြောသွားပါတယ်။
မင်းသားဝီလျံနဲ့ မင်းသား ဟယ်ရီကို တောင်းပန်စကား ပြောခဲ့ပေမဲ့လည်း ဒိုင်ယာနာ မင်းသမီးမှာ ထင်ယောင်ထင်မှားစိတ်တွေ ဖြစ်လာအောင် သူလုပ်ခဲ့တယ်ဆိုတဲ့ မင်းသားဝီလျံရဲ့ စွပ်စွဲ ပြောဆိုချက်ကိုတော့ မာတင် ဘရှီးယားက ငြင်းဆိုခဲ့ပါတယ်။ ဒိုင်ယာနာနဲ့ သူဟာ ရင်းနှီးကြပြီး ဒိုင်ယာနာကို သူချစ်ခင်ခဲ့ပါတယ်လို့ ဆိုပါတယ်။
အင်တာဗျူးထဲမှာ ထုတ်လွှင့်သွားခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒိုင်ယာနာ မင်းသမီးဘက်က စိတ်မကျေနပ်တာမျိုး လုံးဝမရှိခဲ့သလို အင်တာဗျူး လွှင့်အပြီးမှာလည်း သူတို့နှစ်ဦး မိတ်ဆွေတွေအဖြစ် ဆက်ရှိခဲ့ကြတယ်လို့ မာတင် ဘရှီးယားက ပြောပါတယ်။
အင်တာဗျူးမှာ လွှင့်ခဲ့တာတွေက ဒိုင်ယာနာ လိုချင်တဲ့ အတိုင်းပါပဲ။ နန်းတော်ကို အသိပေး အကြောင်းကြားဖို့ အချိန်ကအစ၊ ဘယ်အချိန်မှာ လွှင့်မလဲ၊ အထဲမှာ ဘာတွေ လွှင့်မလဲ ဆိုတာကအဆုံး ဒိုင်ယာနာရဲ့ သဘောအတိုင်း လုပ်ခဲ့တာပါ လို့ မာတင် ဘရှီးယားက The Sunday Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့ ဘဏ်စာရင်းအတု လုပ်ခဲ့တာနဲ့ ပတ်သက်လို့တော့ သူက "ဒီကိစ္စအတွက်တော့ နောင်တရတာပေါ့ဗျ။ ဒါက မလုပ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဒီကိစ္စကြောင့်တော့ ဘယ်အပေါ်မှာမှ သက်ရောက်မှုမရှိခဲ့ပါဘူး၊ ဒိုင်ယာနာအပေါ်လည်း သက်ရောက်မှုမရှိခဲ့သလို အင်တာဗျူးအပေါ်လည်း သက်ရောက်မှု မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။
ဘီဘီစီအဖွဲ့အစည်းအနေနဲ့တော့ ဌာနတွင်းမှာ အခုလိုမျိုး ပျက်ကွက်မှု၊ ချို့ယွင်းမှုတွေ ထပ်မဖြစ်အောင် တာဝန်ခံပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေလုပ်ဖို့ ဗြိတိသျှအစိုးရနဲ့ ပါလီမန်က လွှတ်တော်ကိုယ်စားလှယ်တွေက သတိပေးထောက်ပြ တောင်းဆိုမှုတွေ လုပ်ထားပါတယ်။