အစ္စရေးနဲ့ ပါလက်စတိုင်း အပစ်ရပ်ပြီးနောက် နှစ်ဖက်စလုံးက အောင်ပွဲရတယ်လို့ပြော

ရေးသားခဲ့သည်။

အစ္စရေးနဲ့ ဂါဇာ ကမ်းမြောင်က ဟားမတ်စ် လက်နက်ကိုင်အဖွဲ့အကြား အပစ်အခတ် ရပ်စဲမှု စတင်ပြီ ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းမှာ အပစ်ရပ်စတင်ခဲ့ကြတာ ဖြစ်ပြီး ၁၁ ရက်ကြာ တိုက်ပွဲတွေလည်း ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ လူ ၂၄၀ ထက်မနည်း သေဆုံးခဲ့ရပြီး အများစုဟာ ဂါဇာက ဖြစ်ကြပါတယ်။

အပစ်ရပ် စတင်ပြီး မကြာခင်အတွင်းမှာပဲ ဂါဇာရဲ့ လမ်းတွေပေါ်မှာ ပါလက်စတိုင်းတွေ ထွက်လာပြီး အပစ်ရပ်ခြင်းကို အောင်ပွဲခံ ကြိုဆိုခဲ့ကြပါတယ်။ ဟားမတ်စ် အရာရှိတယောက်ကတော့ သူတို့ အဖွဲ့က သတိကြီးစွာ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အပစ်ရပ်ပြီးခဲ့နောက်မှာ အစ္စရေးရဲတွေနဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေကြား သောကြာနေ့မှာ အနောက်ဘက်ကမ်းတစ်လျှောက်က နေရာတွေမှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပါတယ်။

အခုတကြိမ်မှာလည်း အစ္စရေးရော ဟာမတ်စ်ရောက သူတို့ အနိုင်ရတယ်လို့ ပြောနေကြပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အပစ်ရပ်စဲ နိုင်တာဟာ ရှေ့ကို ခရီးဆက်နိုင်ဖို့ အခွင့်ကောင်းတခုပဲ ဖြစ်တယ်လို့ ပြောပါတယ်။

အပစ်ရပ် သဘောတူညီမှုဟာ သောကြာနေ့ မနက် ၂ နာရီမှာ စတင်ခဲ့တာ ဖြစ်ပြီး ဂါဇာရဲ့ လမ်းတွေပေါ်ကို ပါလက်စတိုင်းလူမျိုး အများအပြား ကားတွေနဲ့ တမျိုး ခြေလျင်နဲ့ တဖုံ ထွက်လာပြီးအောင်ပွဲခံခဲ့ကြပါတယ်။ ယာဥ်မောင်းသူတွေက ကားဟွန်းတွေကို တီး၊ ဗလီတွေက အသံချဲ့စက်တွေနဲ့ အောင်ပွဲရကြောင်း ကြေညာပြီး ဆင်နွှဲခဲ့ကြပါတယ်။

တဖက်မှာ အစ္စရေး စစ်တပ်က နိုင်ငံအနှံ့ ချမှတ်ထားတဲ့ အရေးပေါ် ခရီးသွားလာရေး ကန့်သတ်ချက် အားလုံးနီးပါးကို ရုပ်သိမ်းပေးနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

အစ္စရေးက သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်မှာ အစ္စရေးနဲ့ ပါလက်စတိုင်း တွေကြား တင်းမာမှုတွေရှိနေရာက ဂျူးဘာသာ ဝင်တွေရော အစ္စလာမ် ဘာသာဝင်တွေပါ ဘာသာရေးအရ အထွတ်အမြတ် ထားတဲ့ နေရာမှာ ထိပ်တိုက်တွေခဲ့ကြပြီး မေလ ၁၀ ရက်နေ့မှာတော့ တိုက်ပွဲတွေ စခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်က အဲဒီနေရာကနေ အစ္စရေးတွေ ပြန်လည် ဆုတ်ခွာကြဖို့ သတိပေးခဲ့ပြီးနောက်မှာ ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အစ္စရေးကလည်း လေကြောင်းကနေ တုံ့ပြန်ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။

ဂါဇာ ဘက်မှာ ကလေးတွေနဲ့ အမျိုးသမီး ၁၀၀ ကျော် အပါအဝင် လူ ၂၄၃ ယောက် ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။ အစ္စရေးဘက်ကတော့ စစ်သွေးကြွ ၂၂၅ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြောပေမယ့် ဟားမတ်စ်ဘက်က သူတို့ အသေအပျောက် ဘယ်လောက် ရှိလဲ ဆိုတာ မပြောပါဘူး။

အစ္စရေး ဘက်မှာတော့ ကလေး ၂ ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဌာနတွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်သွေးကြွတွေဘက်က ဒုံးကျည် ၄,၃၀၀ ကျော်နဲ့ အစ္စရေးဘက်ကို ပစ်ခတ်ခဲ့ပြီး အစ္စရေး ဘက်ကလည်း ဂါဇာထဲက စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ ပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အပစ်ရပ်စဲမှုကို နှစ်ဖက် ဘယ်လို ကြေညာ

အစ္စရေး နိုင်ငံရေး လုံခြုံမှု ကက်ဘိနက်က ကြာသပတေးနေ့က အပစ်ရပ်စဲမှုအတွက် တင်ပြလာတဲ့ အဆိုကို တညီတညွတ်တည်း လက်ခံတဲ့ အကြောင်း ပြောခဲ့ပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေက အနာဂတ် အခြေအနေတွေဟာ လက်ရှိမြေပြင်အခြေအနေတွေပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။ တဲလ်အဗစ်မြို့ခံ တဦးကတော့ အခုတိုက်ပွဲတွေ ပြီးသွားတာ ကောင်းတဲ့အကြောင်း၊ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နောက်တခါ ထပ်ပြီး ဖြစ်လာနိုင်တယ်လို့ ထင်ကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟားမတ်စ် အဖွဲ့က တာဝန်ရှိသူတယောက်ကတော့ အစ္စရေးဘက်က အခုလို အပစ်ရပ် ကြေညာခဲ့တာဟာ ပါလက်စတိုင်း လူထုရဲ့ အောင်ပွဲပဲဖြစ်တယ်လို့ အေပီ သတင်းဌာနကို ပြောပါတယ်။ ဂါဇာက လမ်းတွေပေါ်မှာ အောင်ပွဲခံနေကြတဲ့ လူတွေကလည်း ဒီလိုပဲ ယူဆကြပါတယ်။ ဒေသခံ တယောက်က သူတို့ ကြုံခဲ့ရသမျှထဲ ဒီနေ့ဟာ အောင်ပွဲရတဲ့ နေ့၊ လွတ်လပ်တဲ့ နေ့ နဲ့ အလှဆုံး နေ့တနေ့ပါပဲလို့ ပြောပါတယ်။

ဒါပေမယ့် ဟားမတ်စ် ကောင်စီရဲ့ နိုင်ငံတကာ ဆက်ဆံရေး ဌာနက Basem Naim ကတော့ ဒီအပစ်ရပ် သဘောတူညီမှုဟာ ပါလက်စတိုင်းတွေအတွက် တရားမျှတမှုနဲ့ အစ္စရေးတွေရဲ့ ရန်လိုမှု ရက်စက်မှုတွေ မရပ်နိုင်ရင် ရေရှည်ခံပါ့မလား ဆိုတာအတွက် သံသယ ဖြစ်မိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဟားမတ်စ်ရဲ့ နိုင်ငံခြားရေး ဗျူရို အဖွဲ့ဝင် Izzat al-Reshiq ကတော့ အစ္စရေးကို သတိပေးလိုက်ပါတယ်။ သူက ဒီနေ့ တိုက်ပွဲ ပြီးသွားတာ မှန်ပေမယ့် သူတို့ရဲ့လက်က သေနတ်ခလုတ်ပေါ်မှာ တင်ထားဆဲ ဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ ဆက်လုပ်နေမှာ ဖြစ်တယ်ဆိုတာကို အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တကမ္ဘာလုံး သိစေချင်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

ရှင်ကျန်သူတွေ အောင်ပွဲ မခံကြ

ဟားမတ်စ်က ဂါဇာကို ထိန်းချုပ်ခဲ့တဲ့ ၂၀၀၇ နောက်ပိုင်း ဖြစ်ခဲ့တဲ့ အရင်တိုက်ပွဲတွေမှာလိုပဲ အခုလည်း နှစ်ဖက်စလုံးက အနိုင်ရတယ်လို့ ပြောကြပါတယ်။

ဟားမတ်စ် အကြီးတန်း ခေါင်းဆောင် တယောက်က ဘီဘီစီကို ပြောကြားရာမှာ အစ္စရေးဘက်က ဂျေရုဆလင်ထဲက ပါလက်စတိုင်း မိသားစုတွေကို နှင်ထုတ်နေတဲ့ အရပ်ဒေသတခုနဲ့ အစ္စလာမ် ဘာသာရဲ့ အထွတ်အမြတ် ဗလီတခုတို့ ဖြစ်တဲ့ Sheikh Jarrah နဲ့ Al-Aqsa Mosque ကနေ ဆုတ်ခွာပေးမယ်လို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။

အစ္စရေးဘက်က ဒီလို အပေးအယူ လုပ်ခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဘန်နီဂန့်ဇ် က ပြီးခဲ့တဲ့ ၁၁ ရက်အတွင်း အစ္စရေးစစ်တပ်ဟာ ဂါဇာထဲက အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ အရင်က မရခဲ့ဖူးတဲ့ အရေးပါတဲ့ ဗျူဟာမြောက် အောင်မြင်မှုတွေ ကြီးကြီးမားမား ရခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း ဒုံးကျည်နဲ့ ဗုံးဒဏ်တွေအကြား အသက်ဘေးက လွတ်ခဲ့သူတွေနဲ့ ပူဆွေးနေသူတွေကတော့ အောင်ပွဲခံနေကြတာမျိုး မရှိပါဘူး။ ဒါပေမယ့် သေဆုံးနဲ့ ဒဏ်ရ ရရှိသူ အများစုဟာ ဂါဇာက ဖြစ်သလို ပျက်စီး ဆုံးရှုံးမှုတွေရဲ့ တန်ဖိုးကလည်း ဒေါ်လာသန်း ရာပေါင်းများစွာရှိပါတယ်။

နှစ်ဖက်စလုံးက သူတို့ရဲ့ အောင်ပွဲ ရပုံတွေကို စီကာပတ်ကုံး ပြောနိုင်ဖို့ ကြိုးစားနေကြတာတွေလည်း ရှိပါတယ်။

ဒီစစ်ပွဲဟာ အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့အကြား စတုတ္တအကြိမ်မြောက် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပထမအကြိမ် စစ်ပွဲကတော့ ၂၀၀၈ ခုနှစ် ကုန်ခါနီးမှာ ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီးတွေ ကြားမှာလည်း ကြိုကြား ဆိုသလို တိုက်ပွဲ အငယ်စားတွေလည်း ဖြစ်ခဲ့ပါတယ်။ အကြိမ်တိုင်းမှာလည်း နှစ်ဖက်စလုံးက အောင်ပွဲရတယ်ပဲ ပြောကြတာတွေကြောင့် နောက်တပွဲ ထပ်နွှဲဖို့ အတွက် မျိုးစေ့ ချပေးသလို ဖြစ်နေခဲ့ပါတယ်။ အခုတခါလည်း ဘာမှ သိပ်အပြောင်းအလဲ မရှိဘဲ အရင်လိုပဲ ဆိုရင်တော့ နောက်တပွဲထပ်လာဦးမယ့် သဘော ရှိနေပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဘယ်အခန်းကဏ္ဍက ပါခဲ့သလဲ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အပစ်ရပ်ကြေညာပြီးနောက်မှာပဲ မစ္စတာ နေတန်ယာဟုကို ဖုန်းနဲ့ ဆက်သွယ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သမ္မတက အမေရိကန်ဟာ အစ္စရေးရဲ့ အနီးကပ်ဆုံးနဲ့ အရေးအပါဆုံး မဟာမိတ် ဖြစ်လို့ အစ္စရေးရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေအတွက် မိမိဘာသာ ခုခံကာကွယ်မှုတွေကို အပြည့်အဝ ထောက်ခံတဲ့ အကြောင်း ပြောပါတယ်။

နောက်ပြီး အီဂျစ် သမ္မတ အဗ္ဗဒူလ် ဖာတာ အဲလ်ဆီဆီကိုလည်း အပစ်ရပ် သဘောတူညီချက် ရဖို့ ဝင်ရောက် စေ့စပ်ညှိနှိုင်းပေးခဲ့တာအတွက် ဂုဏ်ပြုခဲ့ပါတယ်။ နောက် အစ္စရေးရော ပါလက်စတိုင်းဘက်ကပါ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ ဝမ်းနည်းကြေကွဲကြောင်း ပြောခဲ့သလို ဒဏ်ရာ ရသူတွေ အမြန်နာလန်ထစေဖို့လည်း မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

နောက်ပြီး သမ္မတက အမေရိကန် ပြည်ထောင်စု အနေနဲ့ ကုလသမဂ္ဂနဲ့ အတူ ဂါဇာကမ်းမြှောင်ဒေသ ပြန်လည် တည်ထောင်ရေးတွေ အတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက အစ္စရေး သိမ်းပိုက်နယ်မြေ အနောက်ဘက်ကမ်းမှာ အခြေစိုက်တဲ့ ဟားမတ်စ်ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ မာမုဒ် အာဘတ်စ်ရဲ့ ပါလက်စတိုင်း အာဏာပိုင် တွေနဲ့ ပူးတွဲ ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အီဂျစ်သမ္မတက မစ္စတာ ဘိုင်ဒန်က သူ့ဆီကို ဝမ်းမြောက်ဝမ်းသာနဲ့ ဖုန်းဆက်လာခဲ့ကြောင်း၊ သူတို့ အကြားမှာ အစ္စရေးနဲ့ ဂါဇာအကြား လက်ရှိ တင်းမာမှုတွေကို လျှော့ချပေးနိုင်မယ့် အဖြေတခု ထွက်လာဖို့ အတွက် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်ကလည်း အပစ်ရပ်စဲမှုကိုကြိုဆိုလိုက်ပြီး တိုက်ပွဲတွေ ရပ်နိုင်ရေး ခိုင်မာတဲ့ အဖြေတခု ရအောင် ရှာကြဖို့ အတွက် နှစ်ဖက်စလုံးကို တိုက်တွန်းလိုက်ပါတယ်။