ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမှာ တောက်တဲ့မုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လူ ၉၀ ပျောက်ဆုံးနေ
အင်အားပြင်း တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ကမ်းရိုးတန်းသွား သင်္ဘောပေါ်က လူ ၉၀ ကျော် ပျောက်ဆုံးနေပါတယ်။
အဲဒီသင်္ဘောပေါ်ပါလာတဲ့ လူ ၂၇၀ ထဲက ၁၇၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ အိန္ဒိယရေတပ်က ပြောပါတယ်။
လူ ၇၀၀ လောက် တင်ဆောင်လာတဲ့ နောက်ခရီးသည်တင် တွဲသင်္ဘော ၃ စင်းလည်း မုန်တိုင်းအတွင်း ပင်လယ်ပြင်ထဲ မျောပါနေတယ်။
အိန္ဒိယနိုင်ငံ အနောက်ကမ်းရိုးတန်းတစ်လျှောက် ဝင်မွှေသွားခဲ့တဲ့ တောက်တဲ့ မုန်တိုင်းဟာ အခုအခါ အင်အားလျော့သွားပြီ ဖြစ်ပေမဲ့ မုန်တိုင်းအတွင်း အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
အခု မြုပ်သွားတဲ့ အိန္ဒိယရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်းပိုင် တွဲသင်္ဘောပေါ် ပါလာသူတွေဟာ ကမ်းလွန်ရေနံတူးလုပ်ငန်းလုပ်တဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ မုန်တိုင်းဝင်တဲ့အချိန်မှာ ကျောက်ဆူးပြုတ်သွားပြီး ပင်လယ်ထဲ မျောသွားခဲ့တာပါ။
တခြားခရီးသည်တင် တွဲသင်္ဘော ၃ စင်းပေါ် ပါလာတဲ့သူတွေကို ကယ်ဖို့ ရေတပ် စစ်သင်္ဘော ၃ စင်းကို စေလွှတ်ထားတယ်လို့ အိန္ဒိယရေတပ်ပြောခွင့်ရသူက ဘီဘီစီကိုပြောပါတယ်။
အဲဒီထဲက ခရီးသည်တင် တွဲသင်္ဘော နှစ်စင်း ဟာ မွန်ဘိုင်းမြို့တော်နားက ကမ်းရိုးတန်းမှာ ရောက်နေပြီး နောက်တစ်စင်းကတော့ ဂူဂျာရတ် ကမ်းရိုးတန်းမှာ ရောက်နေတာ ဖြစ်ပါတယ်။
အိန္ဒိယ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းကလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို ကယ်ဖို့ မော်တော်ဘုတ်တွေ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ တွဲသင်္ဘောတွေထဲက တစ်စင်းဟာ ကုန်သေတ္တာတွေ တင်လာတယ်လို့ သိရပြီး မွန်ဘိုင်း ကမ်းရိုးတန်းကနေ ၁၄ ကီလိုမီတာ အကွာလောက်မှာ ကျောက်ချ ရပ်နားနေစဉ် မနေ့တုန်းက ပင်လယ်ထဲ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။
ပင်လယ်ပြင်မှာ ကျောက်ဆောင်တွေ ရှိတဲ့ အတွက် ကျောက်ဆောင်တွေနဲ့ တိုက်မိပြီး မြုပ်သွားခဲ့တာလို့ အိန္ဒိယရေတပ်က ပြောပါတယ်။ သင်္ဘောပေါ်ပါလာသူတွေအားလုံး ဘေးကင်းလုံခြုံတယ်လို့ သိရပါတယ်။
ဂူဂျာရတ်ကမ်းရိုးတန်း ကနေ ၉၂ ကီလိုမီတာအကွာမှာ ရှိတဲ့ တတိယ တွဲသင်္ဘောကတော့ ရေနံတွင်းတစ်ခုနဲ့ တွဲထားတာ ဖြစ်ပါတယ်။ အဲဒီတွဲသင်္ဘောပေါ်မှာ လူ ၁၉၆ ဦးပါလာတယ်လို့ သိရပြီး နောက်လူ ၁၀၀ လောက်ကတော့ ရေနံတွင်းမှာ ပိတ်မိနေပါတယ်။
ဆိုင်ကလုန်းဒဏ်က ဘယ်လောက်ပြင်းသလဲ
အကြီးအကျယ် ပြင်းထန်တယ်လို့ ကနဦး သတ်မှတ်ထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီကို ကီလိုမီတာ ၁၆၀ နှုန်းနဲ့ တနင်္လာနေ့က ဂူဂျာရတ်ပြည်နယ်ကို ဝင်တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းက မွန်ဘိုင်းမြို့ကို ကပ်လွတ်သွားခဲ့ပေမဲ့ အဲဒီတွဲသင်္ဘောကတော့ မွန်ဘိုင်း ကမ်းရိုးတန်းနား မျောပါသွားခဲ့ပြီး ဆိပ်ကမ်းကို အချိန်မီ ပြန်မကပ်နိုင်ခဲ့ပါဘူး။ နိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာလည်း လေပြင်းတွေ ကျရောက်ခဲ့ပြီး သစ်ပင်တွေ၊ မီးတိုင်တွေ ပြိုလဲကုန်ပါတယ်။ ဆော်ရက်ရှ်ထရာခရိုင်မှာတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပါတယ်။
မုန်တိုင်း ချဉ်းကပ်လာချိန်မှာ မိုးကြီး လေပြင်းကျရောက်ခဲ့ပြီး ပြည်နယ်အတော်များများမှာ လူ ၂ သိန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့ ကူးစက်ဖြစ်ပွားနေတာကြောင့် ဆေးရုံတွေမှာ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်နေချိန်မှာပဲ အခုဒီ တောက်တဲ့မုန်တိုင်း ဝင်မွှေသွားခဲ့တာပါ။
တောက်တဲ့မုန်တိုင်းဟာ ၁၉၉၈ ခုနှစ်ကတည်းကဆိုရင် ဂူဂျာရတ်ကမ်းရိုးတန်းကို တိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ အားအကောင်းဆုံး မုန်တိုင်း ဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ အခုအခါ အားပျော့သွားပြီ ဖြစ်ပြီး နောက်ထပ် ၃ နာရီအတွင်း ဖြည်းဖြည်းချင်း ဆက်အားပျော့သွားမယ်လို့ အိန္ဒိယမိုးလေဝသဌာနက ဒီကနေ့ အင်္ဂါနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
ပြည်နယ်နှစ်ခုစလုံးမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ကျလာနေပြီ ဖြစ်ပေမဲ့ ကိုဗစ် ဒုတိယအကျော့ ကူးစက်မှုဒဏ်ကို ခုချိန်ထိ ခံစားနေရဆဲ ဖြစ်ပါတယ်။
မြေနိမ့်ပိုင်းက လူ ၂ သိန်းကျော်လောက်ကို ယာယီစခန်းတွေမှာ ပြောင်းရွှေ့စုပေါင်း ထားထားရတာမို့ လာမယ့် သီတင်းပတ်တွေအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုသစ်တွေ ထပ်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
တခါ ဖယ်ဒရယ်အစိုးရကလည်း မုန်တိုင်းအန္တရာယ် ရှိနိုင်တယ်လို့ ယူဆရတဲ့ ကမ်းရိုးတန်းမြို့အတော်များများမှာ ကိုဗစ်ကာကွယ်ဆေး ထိုးမှုတွေ ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားတာပါ။
တောက်တဲ့ မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံက ဆေးရုံတွေမှာ နောက်ထပ် ဝန်တွေ ထပ်ပိလာခဲ့ရပါတယ်။ မွန်ဘိုင်းမြို့မှာ မုန်တိုင်းဒဏ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အထူးကြပ်မတ်ဆောင်တွေက ကိုဗစ်လူနာ ၅၈၀ လောက်ကို သာမန်ဆေးရုံတွေဆီ ပြောင်းပို့ခဲ့ရပါတယ်။
သဘာဝဘေးအန္တရာယ် တုန့်ပြန်ကာကွယ်ရေး တပ်ဖွဲ နဲ့ အိန္ဒိယစစ်တပ်က သူတို့ရဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို ဂူဂျာရတ်ပြည်နယ်နဲ့ ဒီယူဒေသက မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ နေရာတွေဆီ စေလွှတ်ထားပါတယ်။
အနောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ဆိုင်ကလုန်းမုန်တိုင်း ရွေ့သွားခဲ့စဉ် သီတင်းပတ်ကုန်ရက်ပိုင်းက မုန်တိုင်းဒဏ်ကြောင့် မိုးကြီးလေပြင်းကျရောက်ပြီး ကာရာလာ၊ ကာနာတခါနဲ့ ဂိုအာပြည်နယ်မှာ လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီပြည်နယ်တွေမှာ ခရိုင်အတော်များများမှာ အိမ်တွေပျက်စီး၊ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။