ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားက ပြေးလာသူတွေ ယူကေ ရွေးကောက်ပွဲတွေမှာ ယှဥ်ပြိုင်မယ်
တင်မိုသီချိုနဲ့ ဂျီဟျွန်ပါတ်ခ် တို့ဟာ မြောက်ကိုရီးယားက ငတ်မွတ်မှု၊ အိမ်ခြေမဲ့ဘဝ နဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းတွေနဲ့ ဝေးဖို့ ပြေးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခုဆို သူတို့ ၂ ယောက်စလုံး နောက်လထဲမှာ ကျင်းပမယ့် ယူကေ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဖြစ်နေကြပါပြီ။ သူတို့ နှစ်ဦးစလုံးဟာ သမိုင်းမှာ ပထမဆုံး တောင်ကိုရီးယားအပြင် ပြင်ပ နိုင်ငံတခုမှာ ဒီမိုကရေစီနည်းကျ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ရတဲ့ မြောက်ကိုရီးယား ကပြေးလာသူတွေ ဖြစ်ပါတယ်။
သူတို့ ယူကေဆီကို ရောက်လာခဲ့ကြပုံ လွတ်မြောက်ရေး ခရီးကြမ်းတွေနဲ့ ဘယ်လိုဘယ်ပုံ ဗြိတိသျှ နိုင်ငံရေး လောကထဲ ရောက်လာခဲ့ကြတယ်ဆိုတာကို ဘီဘီစီကို ပြောပြခဲ့ကြပါတယ်။
သေမြေကြီး ရှင်ရွှေထီး
ဂျီဟျွန်ပါတ်ခ်ဟာ သူ့မောင်ငယ်နဲ့ အတူ နယ်စပ်မျဥ်းရဲ့ တဖက်ဆီက တရုတ်ပြည်ထဲ လှမ်းမျှော်ကြည့်ရင်းက သူ့မှာ ရွေးစရာလမ်း မရှိကြောင်းကို သဘောပေါက်လာခဲ့ပါတယ်။ သူ့ ဖခင်ရဲ့ ကျန်းမာရေးအခြေအနေက တော်တော် ဆိုးနေသလို ဦးလေးတယောက်ကလည်း ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ သူလည်းပဲ ဒီက မထွက်သွားရင် သေဖို့ပဲ ရှိတော့တာကို သိလာပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်အတွင်းက မြောက်ကိုရီးယားမှာ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုလဲခဲ့ရပြီး ဖြစ်လို့ အရေးပေါ် အကူအညီရဖို့လည်း မမျှော်လင့်နိုင်ပါဘူး။ အဲဒီတုန်းက ငတ်မွတ်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံသား ဘယ်လောက် သေဆုံးခဲ့ရသလဲ အတိအကျ ပြောဖို့ ခက်ပေမယ့် ၃ သန်းနဲ့ အထက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
သူ ပြဿနာတွေက ပထမဆုံးအကြိမ် ထွက်ပြေးခဲ့ချိန်မှာ ပြီးမသွားခဲ့ပါဘူး။
တရုတ်ပြည်ကို ရောက်သွားချိန်မှာပဲ လူကုန်ကူးသူက သူ့ကို တရုတ်လယ်သမား တယောက်ဆီမှာ ဒေါ်လာ ၇၀၀ နဲ့ ရောင်းချသွားခဲ့ပြီး အဲဒီလူကို အတင်းအကြပ်လက်ထပ်ဖို့ စေခိုင်းခံခဲ့ရပါတယ်။
ပါတ်ခ်လိုပဲ မြောက်ကိုရီးယား အမျိုးသမီးတော်တော်များများ သွေးဆောင် ခေါ်ယူခံရပြီး တရုတ်အမျိုးသားတွေနဲ့ အတင်းအကြပ် လက်ထပ်ဖို့ ခိုင်းစေခံခဲ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ တရုတ်အာဏာပိုင် တွေက သူတို့ကို မိသွားရင် မြောက်ကိုရီးယားကို ပြန်ပို့တာကြောင့် တော်တော်များများဟာ အဲဒီဘဝအခြေအနေမှာပဲ ပိတ်မိနေတတ်ကြပါတယ်။
ပိတ်လှောင်ခံ ခေတ်သစ်ကျွန်
ခင်ပွန်းဘက်က မိသားစုမှာ ကျွန်တယောက်လို ဘဝကို ဖြတ်သန်းရင် ပါတ်ခ်ဟာ အရက်သမား ခင်ပွန်းသည်နဲ့ ရတဲ့ သားလေးတယောက် မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ တရားမဝင် နေထိုင်နေရတဲ့ ဘဝအခြေအနေကြောင့် ဖမ်းဆီးခံရရင် မြောက်ကိုရီးယားကို ပြန်ပို့ ခံရမှာစိုးရိမ်တာကြောင့် ပါတ်ခ်ဟာ သားငယ်လေးနဲ့ အတူ ပုန်းရှိုး ကွယ်ရှိုး နေခဲ့ရပါတယ်။
ဒီလို ဘဝကြမ်းကို ဖြတ်သန်းနေခဲ့ရင်း ၅ နှစ်လောက် အကြာမှာ တရုတ် အာဏာပိုင်တွေက သူ့ကို တွေ့သွားပါတယ်။ ပြီးတော့ သားနဲ့ ခွဲပြီး မြောက်ကိုရီးယားကို ပြန်ပို့လိုက်ကြပါတယ်။
ဇာတိမြေမှာ ဖမ်းဆီး နှိပ်စက်ခံရမှာတွေကို စိုးရိမ်လို့ ပြေးလာသူ ဒုက္ခသည်တွေကို ပြန်မပို့ရေး အတွက် ချုပ်ဆိုထားတဲ့ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ သဘောတူညီချက် မှာ လက်မှတ်ထိုးပေမယ့်လည်း တရုတ်ဟာ အဲဒီလို ထွက်ပြေးလာသူတွေကို ဒုက္ခသည်တွေ အဖြစ်ထက် တရားမဝင် ခိုးဝင်နေထိုင်သူတွေ အဖြစ်သာ ရှုမြင်ပါတယ်။ ဒါကြောင့်လည်း မြောက်ကိုရီးယားက လူတွေကို မိတာနဲ့ အတင်းအကြပ် ပြန်ပို့တာတွေ လုပ်ပါတယ်။
သူဟာ မိသားစုနဲ့ ကွေကွင်းရတဲ့ ဒုက္ခကို မြောက်ကိုရီးယားမှာရော တရုတ်မှာပါ ကြုံခဲ့ရပြီး ဒီလိုအဖြစ်မျိုးတွေဟာ ဘယ်လောက် ကြေကွဲဝမ်းနည်းရသလဲ ဆိုတာ သူကောင်းကောင်းသိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ပါတ်ခ်ကို ၂၀၀၄ မှာ မြောက်ကိုရီးယားကို ပြန်ပို့ခံခဲ့ရတာ ဖြစ်ပြီး အလုပ်ကြမ်းစခန်းတခုကို အပို့ခံခဲ့ရပါတယ်။ အဲဒီမှာ သူဟာ နှိပ်စက်ညှဥ်းပန်းမှုတွေလည်း ကြံတွေ့ ခဲ့ရပါတယ်။ စခန်းတွင်းက အခြေအနေတွေကြောင့် သူ့ ခြေတချောင်းမှာ တော်တော် ဆိုးတဲ့ အသားပုပ်နာ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သေလုနီးနီး ဖြစ်ပြီး အလုပ်လည်းမလုပ်နိုင်တော့တဲ့ အချိန်မှာတော့ သူ့ကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့ ကြင်နာသနားတတ်သူ သူစိမ်းတဦးရဲ့ ကျေးဇူးနဲ့ သူ နာလန်ထူလာခဲ့ပါတယ်။ ပါတ်ခ်တယောက် ဇက်ကောင်းလို့ ဓားတောင်းပြန်ပါတယ်။ ခွဲခွားခဲ့ရတဲ့ သားငယ်ကို တွေ့ချင်စိတ်က တားမရဘဲ သားဇောကပ်ပြီး တရုတ် နယ်စပ်ကို ထပ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ သူ ဒုတိယအကြိမ် တရုတ်ပြည်ထဲ ဝင်သွားခဲ့ပြီး မိသားစုရဲ့ ပစ်ပယ်ခံ ဖြစ်နေတဲ့ သားဖြစ်သူနဲ့ ပြန်ဆုံတွေ့ ခဲ့ရပါတယ်။
နေရာသစ် အိမ်သစ် ဘဝသစ်
၂၀၀၅ ခုနှစ်မှာ တခြား မြောက်ကိုရီးယားက ပြေးလာသူတွေနဲ့ အတူ မွန်ဂိုးလီးယားကို ပြေးကြတဲ့ မအောင်မြင်တဲ့ ခရီးမှာ သူ့ လက်ရှိ ခင်ပွန်းသည်နဲ့ ဆုံတွေ့ခဲ့ပါတယ်။
သဲကန္တာရထဲမှာ ရက်ပေါင်းများစွာ ငတ်မွတ်ခြင်းဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာ သူတို့ ဘေကျင်းကို ပြန်လာခဲ့ပြီး ပုန်းနေခဲ့ကြပါတယ်။ ဒီလို ပုန်းရှောင်နေရင်းမှာ တောင်ကိုရီးယား သင်းအုပ် ဆရာ တဦးနဲ့ ဆုံပြီး သူ့ရဲ့ လမ်းညွှန်မှုကြောင့်ပဲ ကုလသမဂ္ဂဆီ ခိုလှုံနိုင်ခဲ့ကြပါတယ်။
၂၀၀၈ ခုနှစ်မှာ ယူကေက သူတို့ မိသားစုကို အခြေချဖို့ အတွက် ခိုလှုံ ခွင့်ပြုခဲ့ပါတယ်၊ ဒါပေမယ့် ဘဝသစ်ရဲ့ အစက ထင်သလောက် မချောမွေ့ဘဲ ဘာသာစကား အခက်အခဲလိုမျိုး အခက်အခဲ မျိုးစုံကို ရင်ဆိုင် ခဲ့ကြရပါတယ်။
ပါတ်ခ် ဟာ အင်္ဂလန် အနောက်မြောက်ပိုင်း ဘာရီမြို့မှာ ၁၃ နှစ် နေခဲ့ပါတယ်။ အဲဒီက မြို့ခံတွေ တော်တော်များများဟာ အင်္ဂလိပ်လို တလုံးမှ မတတ်တဲ့ သူတို့ကို ဘာမှ မလိုမုန်းထားစိတ် မရှိဘဲ ကူညီခဲ့ကြတယ်၊ သူတို့ရဲ့ ကြိုဆိုပါတယ်ဆိုတဲ့ စကားလေး တခွန်းနဲ့တင် နွေးထွေးမှုတွေကို ခံစားရပြီး မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။ ခွန်အားသတ္တိတွေ ရှိလာခဲ့ရတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားမှာတုန်းက ကျောင်းဆရာမ တဦးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ပါတ်ခ်ဟာ မန်ချက်စတာမြို့က ကိုရီးယား စားသောက်ဆိုင်မှာ အလုပ်ဝင်လုပ်ရင်း သက်ကြီး ပညာသင်ကျောင်းမှာ အင်္ဂလိပ် ဘာသာစကားကို လေ့လာ သင်ယူခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ မြောက်ကိုရီးယား လူ့အခွင့်အရေး လှုပ်ရှားသူ တယောက် ဖြစ်လာသလို ယူကေကို ရောက်လာတဲ့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေ အခြေချနိုင်ရေးတွေမှာ လိုက်လံ ကူညီပေးပါတယ်။
၂၀၁၆ မှာ သူကွန်ဆာဗေးတစ် ပါတီထဲ ဝင်ခဲ့ပါတယ်။ လူတွေက သူ့ကို ဘာလို့ ဒီပါတီကိုမှ ရွေးချယ်ခဲ့တာလဲလို့ မေးကြတော့ သူက လွတ်လပ်မှုကို တန်ဖိုးထားသူ တယောက်ဖြစ်သလို ကွန်ဆာဗေးတစ် ပါတီကလည်း လွတ်လပ်မှုနဲ့ မိသားစုဘဝတွေကို အလေးဂရုပြုတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဖြေပါတယ်။
အခု အဲဒီပါတီပဲ ပါတ်ခ်ကို လာမယ့် လထဲ ကျင်းပမယ့် ဒေသန္တရ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဥ်ပြိုင်ဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတယောက်အဖြစ် ကျွန်မမှာ ဘာအားသာချက် ရှိသလဲ ဆိုရင် လွတ်လပ်မှုကို နားလည်တာပါ။ လူတွေက လွတ်လပ်မှုနဲ့ပတ်သက်လို့ တော်တော် ပြောကြပေမယ့် တကယ့်လွတ်လပ်မှုဆိုတာ ဘာလဲ ဆိုတာ သိပ်မသိကြပါဘူး။ ကျွန်မက မြောက်ကိုရီးယားနဲ့ တရုတ်ပြည်မှာ နေခဲ့ဖူးသူဆိုတော့ လွတ်လပ်မှုဟာ ဘာလဲ ကောင်းကောင်း သိပါတယ်။ ကျွန်မအတွက် လွတ်လပ်မှုဆိုတာက ကိုယ့်အကြောင်းကိုယ်သိတာမျိုး ကိုယ့်ကိုယ်ကို ဘယ်သူလဲ၊ ဘာလဲ၊ ဘာလိုချင်တာလဲ ဆိုတာ သိနားလည်ထားတာမျိုးပါ။ အဲဒီအရာဟာ ကျွန်မ တန်ဖိုး အထားဆုံး အရာတခုပါ။
ကလေး သူတောင်းစား
တင်မိုသီ ချိုဟာ အသက် ၃၃ နှစ် ရှိပါပြီ။ တချိန်က မြောက်ကိုရီးယားမှာ ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရချိန် လမ်းတွေပေါ်မှာ တွေ့ရတတ်တဲ့ kotjeb လို့ ခေါ်ကြတဲ့ အိမ်ခြေမဲ့တဲ့ ကလေးတယောက် ဖြစ်ပါတယ်။ မိဘမဲ့ ဘဝနဲ့ လမ်းတကာပေါ် လျှောက်သွား နေစရာနဲ့ အစာရှာရင်း ဖြတ်သန်းခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သူလည်း တရုတ်ပြည်ဘက် ထွက်ပြေးခဲ့ပါတယ်။
"ကျွန်တော် ကလေးအရွယ်မှာပဲ မိဘတွေနဲ့ ကွဲသွားခဲ့ပါတယ်။ ကျွန်တော့် မိဘတွေက ကျောင်းဆရာတွေပါ။ အဖေက သမိုင်းသင်တဲ့ ဆရာ ဖြစ်ပါတယ်။ သမိုင်းလိမ် သမိုင်းမှားတွေကို သင်ရင်းနဲ့ အဖေ ရှက်လာခဲ့တာကနေ ပြဿနာတွေ စခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ ကျွန်တော့်ကို ထားပြီး တိုင်းပြည်ထဲက ထွက်ပြေးခဲ့ရပါတယ်" လို့ ချိုက ပြောပါတယ်။
၁၉၉၀ ပြည့်နှစ်တွေ အတွင်းက မြောက်ကိုရီးယားမှာ ကြုံခဲ့ရတဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ အတွင်း လူအများအပြား သေဆုံးခဲ့ရပါတယ်။ ချိုကိုယ်တိုင်လည်း သူ့ကို ကယ်နိုင်မယ့် ဆွေမျိုးတွေကို လိုက်ရှာခဲ့ပါတယ်။ လမ်းမပေါ်မှာ နှစ်များစွာ ဖြတ်သန်းအပြီးမှာ သူ့ အဘွားအိမ်ကို ရောက်သွားခဲ့ပြီး လယ်ယာအလုပ်မှာ ဝင်ကူပေးနေခဲ့ပါတယ်။ အဲဒီမှာ သူ သိလာတာက သူ့အတွက် မျှော်လင့်ချက် သိပ်မရှိဘူး၊ အမြဲတစေ သစ္စာဖောက်ရဲ့ သားအဖြစ် သတ်မှတ် ခံထားရမယ် ဆိုတာပဲဖြစ်ပါတယ်။
"ကျွန်တော်ဟာ အဖေ့ကြောင့် မြောက်ကိုရီးယားရဲ့ အမုန်းခံရဆုံး လူသားတွေထဲက တယောက် ဖြစ်နေခဲ့ပါတယ်။ တကြိမ်မှာဆို ကျွန်တော်က အဖေ သစ္စာဖောက်တာနဲ့ သားကသစ္စာဖောက် ဖြစ်ရောလားလို့ ကျွန်တော့်ဆရာကို ငိုယိုပြီး မေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့က နားတောင် မထောင်ခဲ့ပါဘူး။"
ချိုလည်း မြောက်ကိုရီးယားက လွတ်အောင်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြန်ရောက်နိုင်ဖို့ လမ်းကမရှိသလောက် ဖြစ်တဲ့ အတွက် နာနာကျင်ကျင်နဲ့ပဲ ဆုံးဖြတ်ခဲ့ရတာပါ။
သူဆယ်ကျော်သက် အရွယ်မှာပဲ တရုတ်နယ်စပ်ကို ဖြတ်ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟိုတဖက်ခြမ်းမှာ ဘာတွေ စောင့်ကြိုနေသလဲဆိုတာ သူမသိခဲ့ပါဘူး။
မွန်ဂိုလီးယားနယ်စပ်ကို ဖြတ်ဖို့ ကြိုးစားနေတုန်း ရဲက ဖမ်းမိသွားခဲ့ပါတယ်။ မြောက်ကိုရီးယားကို ပြန်ပို့ ခံခဲ့ရပြီး ထောင်ကျသွားခဲ့ပါတယ်။ ဒီ အချိန်တွေက သူ့ကို ကာလရှည်ကြာစွာ ခြောက်လှန့်နေခဲ့ပါတယ်။
ထောင်ကျနေတုန်းက ကြောက်စရာ အကောင်းဆုံးက ဘာလဲ ဆိုရင် တခြားအခန်းတွေက ထွက်လာတဲ့ အော်သံကြီးတွေပါ။ သေအောင် ရိုက်သတ်ခံရတာထက် ငတ်ပြီး သေတာကမှ တော်ပါသေးတယ်။ အဲဒီ အိပ်မက်ဆိုးတွေက ကျွန်တော် ယူကေမှာ အခြေချပြီးသည်အထိ နှိပ်စက်နေတုန်းပါ။ ညလယ်မှာလန့်နိုးပြီး ကိုယ်ဘယ်ရောက်နေလဲ ပြန်စဥ်းစားရတာမျိုးက အကြိမ်ကြိမ်ပါ။ ထောင်ထဲမှာ နှိပ်စက်ခံရသူတွေရဲ့ အော်သံကြီးတွေ ကြားနေခဲ့ပါတယ်။
သူ ထောင်က လွတ်တော့ တရုတ် ပြည်ကို တခါထပ်ပြေးပါတယ်။ ဒီတခါလည်း ထပ် အဖမ်းခံရပါတယ်။
ဒါပေမယ့် သူအပါအဝင် မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို တရုတ်က ဖမ်းပြီး အတင်းအကြပ် ပြန်ပို့ဖို့ လုပ်နေတယ်ဆိုပြီး ပြည်ပသတင်းဌာနတခုက ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ တရုတ်အာဏာပိုင်တွေက ပြန်မပို့တော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီတုန်းက ဆုတောင်းရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး၊ တကယ်ကို ဘုရားမတယ်လို့ ထင်မိကြောင်း ချိုက ပြောပါတယ်။
နိုင်ငံရေး လောကသို့
၂၀၀၈ ခုနှစ်မှာတော့ ချိုဟာ ယူကမှာ ခိုလှုံခွင့် ရခဲ့ပြီး ဘဝသစ် စနိုင်ခဲ့ပါတယ်၊ ပါတ်ခ်လိုပဲ သူလည်း ရောက်စမှာ လူ့အသိုင်းအဝိုင်းသစ်ထဲ ဝင်နိုင်ဖို့ တော်တော် ရုန်းကန်ခဲ့ရပါတယ်။ ကျောင်းတက်ခွင့် ရဖို့ စောင့်နေတုန်းမှာပဲ ချိုဟာ အိမ်ခြေမဲ့သူတွေကို ကူညီနေတဲ့ ပရဟိတ စေတနာ့ဝန်ထမ်းအဖွဲ့တခုထဲ ဝင်ခဲ့ပါတယ်။
"ကျွန်တော် အင်္ဂလိပ်စကားကို အဲဒီမှာ စသင်ခဲ့တာ၊ ကျွန်တော့်လိုပဲ အိမ်ခြေမဲ့ ဘဝကို ဖြတ်သန်းနေရသူတွေကို ကူညီပေးရင်း သင်ခဲ့တာ" လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ချိုဟာ သူ့ရဲ့ ပညာရေး ခရီးကို စခဲ့ပါတယ်။ နိုင်ငံရေး ဘာသာရပ်တွေကို သင်ယူခဲ့ပြီး လစ်ဗာပူးလ် တက္ကသိုလ်ကနေ နိင်ငံတကာ ဆက်ဆံရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဘာသာရပ်နဲ့ မဟာဘွဲ့ပါ ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ မှာသူဟာ ယူကေ ပါလီမန် အမတ်တယောက်ရဲ့ ပံ့ပိုးကူညီသူ တယောက်ဘဝနဲ့ နိုင်ငံရေး လောကထဲ ခြေချခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ ချိုဟာ ပါလီမန် ရဲ့ မြောက်ကိုရီးယားဆိုင်ရာအဖွဲ့က စုံစမ်းရေးဌာနမှာ စာရေးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။
သူ ကျောင်းတက်နေတုန်းက နိုင်ငံရေး နဲ့ လူမှု အသိုက်အမြုံ တည်ဆောက်ပုံတွေကို သင်ယူစဥ်မှာ ကိုရီးယားကျွန်းဆွယ်က ဒဏ်ရာတွေကိုပို သိနားလည်ခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး နဲ့ ဝါဒရေးရာ မတူညီမှုတွေကို သိလာတယ်၊ ဘာလို့ နှစ်ခြမ်း ကွဲခဲ့သလဲ။ တောင်ပိုင်းက ဒီမိုကရက်တစ် နိုင်ငံဖြစ်လာပြီး မြောက်ပိုင်းက ဘာလို့ ကွန်မြူနစ် ဖြစ်သွားခဲ့လဲ ဆိုတာတွေကို သိလာခဲ့ရတယ်လို့ ချိုက ပြောပါတယ်။
နိုင်ငံရေး လောကမှာ လုပ်ကိုင်နေရင်းနဲ့ ချိုဟာ ယူကေ နိုင်ငံရေး လောကမှာ ကျင့်သုံး ကြတဲ့ ပြည်သူ့ဆန္ဒကို တောင်းခံပုံ၊ တအိမ်တက်ဆင်း မဲဆွယ်ပုံတွေကို သဘောကျလာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ကစပြီး သူကိုယ်တိုင် တအိမ်တက်ဆင်း မဲဆွယ်ရာမှာ ပါဝင်လာခဲ့ပါတယ်။ အခုတော့ အင်္ဂလန်မြောက်ပိုင်းက ဒေသကောင်စီ တခုမှာ ကွန်ဆာဗေးတစ်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ သူ့ကို ရွေးချယ်ထားပြီ ဖြစ်ပါတယ်။
"ကျွန်တော် အကြိုက်ဆုံး ဆိုရိုးတခု က ကိုယ့်အသိုက်အမြုံ၊ ကိုယ့် အသိုင်းအဝိုင်းက လူတွေအတွက် အလုပ်အကျွေးပြုပါဆိုတာပါ။ အရပ်ထဲက နိုင်ငံရေး သမားဆိုတာဟာ တကယ်တော့ ဆက်သားတယောက်လို ပါပဲ။ ကျွန်တော်က ကိုယ့်ရပ်ကွက် ဝန်းကျင်ထဲက လူတွေကိုယ်စား သူတို့ ဆန္ဒတွေကို ဖော်ဆောင်ပေး လုပ်ပေးချင်ပါတယ်" လို့ ချိုက ပြောပါတတယ်။
ရွေးကောက်ပွဲ မှာ ဘယ်လို ရလဒ်ပဲ ထွက်လာပါစေ ချိုကတော့ သူနဲ့ ဘဝတူ မြောက်ကိုရီးယား လူထုကို နိုင်သမျှ ကူညီပေးသွားဖို့ ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။ သူက ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရအောင်ဆောင်ကျင်းပေးဖို့ အထိ ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် သူ့ကိုယ်ရည်ကိုယ်သွေးလည်း တိုးတက်အောင် နိုင်ငံရေး ဘာသာရပ်တွေကို သင်ယူခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော်ဟာ မိသားစုမရှိဘဲ ကြီးပြင်းလာခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို ဘယ်သူ ဘယ်ဝါ ဘာလဲ ဆိုတာတောင် မသိခဲ့ရသူပါ။ ကျွန်တော့် အထင် လူမှု အသိုက်အမြုံကောင်း တခုရဲ့ အစဟာ ပြည့်စုံတဲ့ နွေးထွေးတဲ့ မိသားစုကောင်းတခုကနေ စလာတာပါ၊ အဲဒီလို လူမှု အသိုက်အမြုံတွေ ကောင်းကောင်းရှိမှ တိုင်းပြည်လည်း ကောင်းနိုင်မှာ ဖြစ်ပါတယ်" လို့ ချိုက ပြောပါတယ်။