ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ကြင်ရာတော် မင်သားကြီး ဖိလစ်ရဲ့ နောက်ဆုံးခရီးကျင်းပ

ရေးသားခဲ့သည်။

ယူကေ ဘုရင်မ အဲလိဇဘက် (၂) ရဲ့ ကြင်ရာတော် မင်းသားကြီး ဖိလစ်ရဲ့ ဈာပန အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့မှာ ကျင်းပရာမှာ သူ့ရဲ့ အခေါင်းကို စိန့်ဂျော့(ဂျ်) ဘုရားကျောင်းကို မင်းသားကြီး ဖိလစ် ကိုယ်တိုင် ကူညီ ပုံစံထုတ်တဲ့ လန်ရိုဗာ အသုဘယာဉ်ပေါ် စတင် တင်ဆောင်ခဲ့ပြီး အဲဒီ ကားနောက်က တော်ဝင်မိသားစု လမ်းလျှောက် လိုက်ပါခဲ့ပြီး အဲဒီနောက်ကမှ မင်းကြီးသားနဲ့ အနီးကပ် ရှိခဲ့သူ ဝန်ထမ်းနဲ့တကွ အိမ်တော်သားတွေ လိုက်ပါခဲ့ကြပါတယ်။

စိန့်ဂျော့(ဂျ်) ဘုရားကျောင်းကို သွားကြတဲ့နောက်ကိုတော့ ဝင်ဆာ ရဲတိုက်က ထွက်လာတဲ့ ဘုရင်မကြီး အဲလိဇဘက် (၂) က ဘန်တလေ ကားနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။

ဒါဟာ မင်းသားကြီး ဖိလစ် ကွယ်လွန်သွားကြောင်း ဘုရင်မကြီးကိုယ်တိုင် ကြေညာခဲ့ပြီးနောက်ပိုင်း သူ့ကို လူမြင်ကွင်းမှာ ပထမဆုံး ပြန်မြင်ရတာလည်း ဖြစ်ပါတယ်။

အခုလို အသုဘလိုက်ပို့ကြရာမှာ အသုဘ ယာဉ်နောက်က အရင်ဆုံး ဦးဆောင်လာကြသူတွေကတော့ မင်းသားကြီးရဲ့ သားတော် ဝေလမင်းသား၊ တော်ဝင် မင်းသမီး အန်းန် တို့ဖြစ်ပြီး အဲဒီနောက်ကနေမှ သူတို့ရဲ့ ဝမ်းကွဲတွေ ဖြစ်ကြတဲ့ Earl of Wessex နဲ့ Duke of York တို့ လိုက်ပါခဲ့ပါတယ်။

အဲဒီနောက်က တတိယမြောက် အုပ်စုမှာတော့ Duke of Sussex၊ Duke of Cambridge တို့နဲ့ အတူ တော်ဝင်မင်းသမီးရဲ့ သားတော် ပီတာ ဖိလစ် တို့ လိုက်ပါလာကြပါတယ်။

Duke of Sussex ဖြစ်တဲ့ မင်းသား ဟယ်ရီရဲ့ ဇနီးဖြစ်သူ မက်ဂန် ကတော့ တက်ရောက်ဖို့ ဆန္ဒ ရှိပေမဲ့ ကိုယ်ဝန်ရင့်မာနေလို့ ဆရာဝန်ရဲ့ အကြံပေးချက်ကြောင့် ဒီအခမ်းအနားကို မတက်ခဲ့ပါဘူး။

နောက်ဆုံး အုပ်စုမှာ အသုဘ ပို့ဆောင်တဲ့ တော်ဝင်မိသားစုဝင်တွေကတော့ တော်ဝင် မင်းသမီးရဲ့ ကြင်ရာတော်နဲ့ ဘုရင်မကြီးရဲ့ တူတော် Earl of Snowden တို့ ဖြစ်ပါတယ်။

မင်းသားကြီး ဖိလစ်ရဲ့ အခေါင်းက ဘုရားကျောင်းကို ရောက်ရှိပြီး တမိနစ် ငြိမ်သက်မှု မလုပ်ခင်မှာ ယူကေ နိုင်ငံတော်သီချင်း နောက်ခံနဲ့အတူ ဘုရင်မကြီးက ဘုရားကျောင်းထဲကို အရင်ဝင်ခဲ့ပါတယ်။

အခုလို မင်းသားကြီး ဖိလစ်ရဲ့ အခေါင်းကို သယ်ဆောင်လာတဲ့ ကားက စိန့်ဂျော့(ဂျ်) ဘုရားကျောင်းရဲ့ အနောက်ဘက် လှေကားကို ရောက်ရှိ သယ်ဆောင်ချိန်မှာတော့ ယူကေ တနိုင်ငံလုံးမှာ တမိနစ် ငြိမ်သက်ပေးဖို့ တိုက်တွန်းထားတဲ့ ဒေသ စံတော်ချိန် မွန်းလွဲပိုင်း ၃ နာရီ ထိုးပြီ ဖြစ်တာကြောင့် သယ်ဆောင်လာချိန်မှာ တီးမှုတ်နေတဲ့ the Band of Grenadier Guards က ရပ်နားလိုက်ပြီး အားလုံး တမိနစ် ငြိမ်သက် လိုက်ကြပါတယ်။

အခုလို ငြိမ်သက်ကြတဲ့ တမိနစ်မှာ လန်ဒန်မြို့က လန်ဒန် ရဲတိုက်ရှေ့က အမြောက်နဲ့ စကော့တလန် အက်ဒင်ဘရာမြို့က အက်ဒင်ဘရာ ရဲတိုက်က အမြာက်တို့ကိုလည်း ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။

ဘုရားကျောင်းထဲကို ဝင်အပြီးမှာတော့ Dean of Windsor နဲ့ Archibishop of Canterbury တို့ဦးစီးပြီး သံပြိုင်ဓမ္မတေးရွတ်တဲ့ အဖွဲ့နဲ့အတူ မင်းသားကြီးရဲ့ ဂုဏ်ပုဒ်တွေကို ခရစ်ယာန်ဘာသာရေး ထုံးစံတွေနဲ့အညီ ရွတ်ဖတ်ကြပါတယ်။

အခုလို ရွတ်ဖတ်ကြတဲ့အခါမှာ ဘုရင်မကြီးက မင်းသားကြီးနဲ့ အနီးဆုံး ထိပ်ဆုံးတန်းက အစွန်ဆုံးခုံမှာ ထိုင်ခဲ့ပြီး သူနဲ့ အနီးဆုံး နှစ်ခုံကျော်မှာတော့ Duke of York ထိုင်ပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ သုံးနာရီခွဲကျော်လာတဲ့ အချိန် ရွတ်ဖတ်မှုတွေ ပြီးစီးသွားတဲ့ အခါမှာတော့ စိန့်ဂျော့(ဂျ်) ဘုရားကျောင်းရဲ့ မြေအောက်က တော်ဝင်တွေအတွက် သီးသန့်ထားတဲ့ အခန်းထဲကို မင်းသားကြီးရဲ့ အခေါင်း ကို လျှပ်စစ်မော်တာသုံးပြီး ချကြပါတယ်။

အခုလို ချအပြီးမှာ သက်ဆိုင်ရာ စစ်တီးဝိုင်းတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ် အသီးသီး တီးမှုတ်ကြပြီး မင်းသားကြီးရဲ့ ဈာပန အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။

အခုလို မပြီးဆုံးခင်ကလေးမှာ ဘုရားကျောင်းထဲက ဓမ္မတေး သံပြိုင်ရွတ်တဲ့အဖွဲ့က ယူကေ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပြီး ပြီးဆုံးချိန်မှာ တော်ဝင် မိသားစုဝင်တွေက စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အခုလို ထွက်ခွာရာမှာ ဘုရားကြီးကို လာစဉ်ကအတိုင်း ဘုရင်မကြီးက အစပြုပြီး အစဉ်လိုက် ပြန်လည် ထွက်ခွာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယူကေနိုင်ငံမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေ ရှိနေသေးတဲ့အတွက် အခုလို မင်းသားကြီး ဖိလစ်ရဲ့ ဈာပန အခမ်းအနား ပြုလုပ်ရာ ဝင်ဆာမြို့ကို အများပြည်သူ မလာရောက်ကြဖို့ နှိုးဆော်ထားပေမယ့်လည်း ဝင်ဆာရဲတိုက်အပြင်ဘက်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် စုဝေးကြတဲ့ အများပြည်သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

လန်ဒန်မြို့လယ်က နာမည်ကျော် ပစ်ကဒလီ အဝိုင်းမှာရှိတဲ့ ရုပ်သံမျက်နှာပြင်ကြီးမှာလည်း ဘုရင်မကြီးနဲ့ မင်းသားကြီးတို့ရဲ့ ဓာတ်ပုံတွေကို ဂုဏ်ပြု ဖော်ပြပေးခဲ့တာကို တွေ့ရပါတယ်။

ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကလည်း သူရောက်ရှိနေတဲ့ လန်ဒန်မြို့ပြင်က ချက်ကာ အိမ်တော်ရှေ့မှာ ဝမ်းနည်းခြင်း အထိန်းအမှတ် ငြိမ်သက်ခဲ့ပုံကို နောက်ပိုင်းမှာ တွစ်တာမှာ တင်ခဲ့ပါတယ်။

ဓာတ်ပုံများအားလုံးတွင် မူပိုင်ခွင့်ရှိပါသည်။