ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရှနိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဘာ့ကြောင့် ကြန့်ကြာခဲ့တာလဲ
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး သန်း ၁၆၀ လောက်ကို ကမ္ဘာတဝန်းမှာ လောလောဆယ် ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးအများစုက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ထိုးပေးခဲ့တာပါ။
အာရှဒေသမှာတော့ အိန္ဒိယလို နိုင်ငံမျိုးမှာ ကာကွယ်ဆေးထိုးရေး စီမံကိန်းကို တဖြည်းဖြည်း ရှေ့တိုးဆောင်ရွက်လာနေပြီး အိန္ဒိယမှာ ဇန်နဝါရီကတည်းက စလို့ ကာကွယ်ဆေး ၁၄ သန်းလောက် ထိုးပေးခဲ့ပြီး ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
ဒါပေမဲ့ တခြား အာရှနိုင်ငံတချို့မှာတော့ ကိုဗစ်ကာကွယ်ဆေး စီမံကိန်းတွေ စတောင် မစရသေးသလို တချို့လည်း အခုမှ ကနဦးအဆင့် စလုပ်ကြရဆဲ ဖြစ်ပါတယ်။ ဒါဟာ သတိကြီးကြီးနဲ့ စောင့်ကြည့်တာမျိုးကစလို့ ကာကွယ်ဆေးအပေါ် အကြီးအကျယ် မယုံသင်္ကာစိတ် ဖြစ်နေတာမျိုးအထိ အကြောင်းရင်းတွေ အမျိုးမျိုး ရှိနေလို့ပါ။
ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့ အာရှနိုင်ငံတချို့က နောက်ကွယ်က ကွဲပြားခြားနားတဲ့အကြောင်းရင်းတွေ ကိုဗစ်ကာကွယ်ဆေး စီမံကိန်းတွေအကြောင်း ကြည့်ကြရအောင်ပါ။
ကြောက်ရွံ့စိုးရိမ်မှုနဲ့ သတင်းမှားများ
ဖိလစ်ပိုင်နိုင်ငံမှာ လူအတော်များများက သွေးလွန်တုပ်ကွေးရောဂါ တားဆီးဖို့ ၂၀၁၆ ခုနှစ်တုန်းက ထိုးပေးခဲ့တဲ့ ဒန်ဗာဆီးယား ဆိုတဲ့ ဆေးနဲ့ ပတ်သက်လို့ ထိတ်လန့်တကြား ဖြစ်ခဲ့ကြတာကို ခုချိန်ထိ ပြန်အမှတ်ရနေကြဆဲပါ။
အဲဒီကာကွယ်ဆေး ထိုးခဲ့တဲ့ ကလေးတချို့ သေဆုံးခဲ့တာကြောင့် တန်ပြန်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုပြီး နောက်နှစ်နှစ်အကြာမှာ ဒီကာကွယ်ဆေးကို ရုတ်တရက် ရပ်ဆိုင်းလိုက်တာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး တရားစွဲခံခဲ့ရပြီး အချေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မယုံသင်္ကာစိတ်တွေ တိုးမြင့်လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တားဆီးရေး အစိုးရရဲ့ ကာကွယ်ဆေးစီမံကိန်းတွေကို ဖျက်လိုဖျက်ဆီး လုပ်မယ့် အန္တရာယ်တွေ ရှိလာခဲ့ပါတယ်။
လတ်တလော စစ်တမ်းတစ်ခုအရ ဖိလစ်ပိုင်ပြည်သူ ၁၉ ရာခိုင်နှုန်း ဒါမှမဟုတ် အရွယ်ရောက်သူ ၅ ဦးမှာ ၁ ဦးလောက်ကပဲ ကာကွယ်ဆေး ထိုးဖို့ စိတ်ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးတွေကတော့ ဖိလစ်ပိုင်နိုင်ငံကို အစုလိုက်အပြုံလိုက် ရောက်လာဖို့ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ကာကွယ်ဆေးတွေ ပထမဆုံးအသုတ်အဖြစ် သင်္ဘောနဲ့ ရောက်လာခဲ့ပါတယ်။ ဒီဆေးတွေ ရောက်မလာခင် ရက်ပိုင်းမှာပဲ ဖိလစ်ပိုင်အစိုးရက ဒီဆေးတွေကို အရေးပေါ်အနေနဲ့ အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။
ကာကွယ်ဆေးထိုးမှု စီမံကိန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်ဖို့ ရှိပေမဲ့ အရေးပေါ် သုံးဖို့ ခွင့်ပြုထားပြီး ဖြစ်တဲ့ ဖိုင်ဇာ-ဘိုင်အွန်တက် နဲ့ အက်စ်ထရာဇန်နကာ ကာကွယ်ဆေးတွေ သင်္ဘောနဲ့ အချိန်မီ ရောက်မလာခဲ့တဲ့အတွက် မစဖြစ်ခဲ့တာလို့ မနီလာအခြေစိုက် ဘီဘီစီသတင်းထောက် ဗီယာမာ ဆီမွန်နက် က ပြောပါတယ်။
နောက်ဆုံးမှာတော့ မတ်လ ၄ ရက်မှာ အက်စ်ထရာဇန်နကာ ဆေး ရောက်လာခဲ့ပါတယ်။
၂၀၂၀ ခုနှစ်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို တစ်ခုမှာဆိုရင် ပုဂ္ဂလိက စာသင်ကျောင်းက ဆရာတစ်ယောက်က သတိလစ်နေပုံရတဲ့ ကျောင်းသားငယ် အုပ်စုတစ်စုကို လက်ညှိုးညွှန်ပြရင်း ထိတ်လန့်တကြား အော်နေတာကို တွေ့ရပါတယ်။ အဲဒီဆရာက ဒီကလေးတွေ သတိလစ်ကုန်တာ ပိုလီယိုကာကွယ်ဆေး ထိုးလိုက်လို့ ဖြစ်တာလို့ ဆိုပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ဇွတ်အတင်း ကာကွယ်ဆေး ထိုးပေးခဲ့တာလို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆေးခန်းတစ်ခန်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
အဲဒီဗီဒီယိုနဲ့ အလားတူဗီဒီယိုတွေကြောင့် ပါကစ္စတန်နိုင်ငံမှာ ပိုလီယို ကာကွယ်ဆေးထိုးတဲ့ နှုန်းက အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်ပေမဲ့ လူသန်းပေါင်းများစွာကတော့ တွေ့ခဲ့ကြပြီးပါပြီ။
ဒီလို ပိုလီယို ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းမှုဟာ ကိုဗစ်ကာကွယ်ဆေးထိုးရေး စီမံကိန်းတွေပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့တာက အံ့သြစရာမရှိပါဘူး။ ပက်ရှာဝါမြို့မှာ ကိုဗစ်ကာကွယ်ဆေးစီမံကိန်း စတဲ့ ပထမဆုံးနေ့မှာ ကျန်းမာရေးဝန်ထမ်း ၄၀၀ လောက် ဆေးလာထိုးဖို့ ရှိပေမဲ့ တကယ်တမ်း ၁၀ ယောက်ကျော် လောက်ပဲ ရောက်လာခဲ့တယ်လို့ ဆရာဝန်တစ်ယောက်က ပြောကြောင်း သတင်းတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
သတိကြီးကြီးနဲ့ စောင့်ကြည့်ပြီးမှလုပ်တဲ့ ချဉ်းကပ်မှု
တခြားအာရှနိုင်ငံတွေမှာလည်း ကာကွယ်ဆေး စီမံကိန်းတွေ စတင်နေပြီဖြစ်ပေမဲ့ တက်သုတ်ရိုက် လုပ်တာထက်စာရင် သတိကြီးကြီးနဲ့ စောင့်ကြည့်ပြီး လုပ်နေကြတယ်လို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီနိုင်ငံတွေထဲက အတော်များများက ကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိထားပြီး ကာကွယ်ဆေးထိုးဖို့ အချိန်အများအပြား ရှိတယ်လို့ ယူဆနေကြတာပါ။
ကာကွယ်ဆေး ထိုးတဲ့အခါမျိုးမှာ အလုံးရေ ပိုထိုးမိတာမျိုးလို မတော်တဆဖြစ်ရပ်မျိုးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပေါ် ကာကွယ်ဆေးက ဘယ်လို တန်ပြန် ဆိုးကျိုးတွေ ပေးနိုင်သလဲ ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေဆီကနေ အချက်အလက်တွေ စောင့်ကြည့်ရယူတဲ့အတွက် သူတို့ပြည်သူတွေအပေါ် အန္တရာယ်မကျအောင် လုပ်နိုင်စွမ်း ရှိကြတယ်လို့ သြစတြေးလျနိုင်ငံ ဒီကင်တက္ကသိုလ်က ကပ်ရောဂါပညာရှင် ကက်သရင်း ဘက်နက် က ပြောကြာင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အစိုးရရဲ့ ကာကွယ်ဆေးထိုးရေး စီမံကိန်းတွေ နောက်ကျခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဂျန်ဆေကျွန်းက ကာကွယ်ပြောခဲ့စဉ်တုန်းကလည်း အလားတူ ပြောသွားခဲ့တာပါ။ တောင်ကိုရီးယားမှာ ကာကွယ်ဆေးထိုးရေး စီမံကိန်းတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား လူမျိုးတွေဟာ မြန်မြန်ဆန်ဆန် လုပ်တဲ့နေရာမှာ ထိပ်တန်း ဖြစ်ခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ တခြားနိုင်ငံတွေမှာ ကာကွယ်ဆေးကို ဘယ်လို ယူဆကြသလဲဆိုတာကို စောင့်ကြည့်ချင်လို့ တမင် နောက်ကျ လုပ်ခဲ့တာလို့ သူက ပြောပါတယ်။
အာရှဒေသတွင်းက တခြားနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့မှာလည်း ကာကွယ်ဆေးထိုးဖို့ စီမံကိန်းကို စောင့်ကြည့်ပြီးမှ လုပ်ဖို့ တာဝန်ရှိပုဂ္ဂိုလ်တွေက အလားတူ ပြောခဲ့ကြတာကို တွေ့ရပါတယ်။
ကာကွယ်ဆေးထိုးရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပေမဲ့ အဲဒီထဲက နိုင်ငံအတော်များများကတော့ ကာကွယ်ဆေးထိုးရေး စီမံကိန်းတွေ စလုပ်ရေးကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြပါတယ်။ ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံ ဆိုရင် နွေဦးရာသီ မတိုင်ခင် ကိုဗစ်ရောဂါကို ပြည်သူတွေ အုပ်စုလိုက် ခုခံအား ရှိလာနိုင်ဖို့ ရည်ရွယ်ထားတာပါ။
ထိုင်းနိုင်ငံမှာ ဆိုရင်လည်း မတ်လမှာမှ ကာကွယ်ဆေး စီမံကိန်း စတာပါ။ ဒါပေမဲ့ အခုနှစ်လယ်ပိုင်း မတိုင်ခင် ပြည်သူဦးရေ တစ်ဝက်ကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
စင်္ကာပူမှာလည်း ပြည်သူလူထုအားလုံးကို ထိုးပေးဖို့ ကာကွယ်ဆေး အလုံအလောက် ဝယ်ထားပြီးဖြစ်ပေမဲ့ လောလောဆယ်မှာ လူ နှစ်သိန်းခွဲလောက်ပဲ ကာကွယ်ဆေး ထိုးပြီးခဲ့တာပါ။ သူတို့လည်း ဧပြီလမကုန်ခင် နောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးရေး စီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြောနေပါတယ်။
ကာကွယ်ဆေး နှောင့်နှေးကြန့်ကြာမှု
ဂျပန်နိုင်ငံမှာတော့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ အိုလံပစ်အားကစားပွဲတော်ကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးမှာ ဒီကာကွယ်ဆေးထိုးရေးစီမံကိန်း အောင်မြင်ဖို့က အရမ်းကို အရေးပါတယ်လို့ ယူဆထားတဲ့အတွက် ကာကွယ်ဆေးတွေ နှောင့်နှေးကြန့်ကြာနေတာက ပြဿနာကြီးတစ်ရပ် ဖြစ်နေပါတယ်။ ဂျပန်နိုင်ငံဟာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ယုံကြည်စိတ်ချမှု အနည်းဆုံးနိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်ဦးပိုင်းနှစ်တွေတုန်းက ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားမှုနှုန်း တိုးလာတာဟာ ဝက်သက်၊ ပါးကျိတ်ရောင်၊ ဂျိုက်သိုး စတဲ့ ရောဂါ ကာကွယ်ဆေးတွေကြောင့် ဖြစ်တယ်လို့ သံသယ ဖြစ်ခဲ့ကြပါတယ်။ အတိအကျ ဆက်နွှယ်မှု ရှိသလား ဆိုတာကို အတည်မပြုနိုင်ပေမဲ့ အဲဒီကာကွယ်ဆေး ထိုးမှုတွေကိုတော့ ဆက်မလုပ်တော့ပါဘူး။
ကျိုတို ဆေးပညာတက္ကသိုလ်က သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရီကို မူရာနာကာ ကတော့ ပြည်သူတွေအတွက် ကာကွယ်ဆေးက ဘယ်လောက်အရေးပါသလဲ ဆိုတာကို ရှင်းပြဖို့ နည်းဗျူဟာတစ်ခု လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဟိုးတုန်းက ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မှားယွင်း လုပ်ဆောင်မိခဲ့တာတွေကို လူဖတ်များအောင် ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခဲ့ဖူးတာတွေကလည်း ကာကွယ်ဆေး မကောင်းကြောင်း အွန်လိုင်းတွေပေါ်မှာ ခုလက်ရှိ ရေးသားဖော်ပြနေမှုတွေလိုပဲ အလားတူ ရိုက်ခတ်မှုတွေ ရှိထားခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီလို အရေးပါတဲ့ ကာကွယ်ဆေးထိုးရေး စီမံကိန်းမျိုးမှာ ပြည်သူတွေ ယုံကြည်စိတ်ချမှု ရှိလာရေးက အရမ်းကို အရေးကြီးလှတဲ့အတွက်ကြောင့်လည်း ဂျပန်အစိုးရက ဖိုင်ဇာလို ကာကွယ်ဆေးမျိုးကို အတည်ပြုဖို့ အချိန်ဆွဲခဲ့တာ ဖြစ်ပါတယ်။
ဖိုင်ဇာဆေးထုတ်တဲ့ ကုမ္ပဏီက စမ်းသပ်အသုံးပြုမှု အဆင့် ၃ ခုရဲ့ ရလဒ်ကို ရအပြီးမှာ အမေရိကန်နဲ့ ယူကေနိုင်ငံတို့က ဒီဆေးကို ဒီဇင်ဘာလ အစောပိုင်းမှာ အသုံးပြုဖို့ ချက်ချင်းပဲ အတည်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံကတော့ နောက်ထပ် စမ်းသပ်မှု ထပ်လုပ်ပေးဖို့ ဇွတ်တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်ကျမှ ကာကွယ်ဆေးထိုးရေး စီမံကိန်းကို စလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ တခြားနိုင်ငံအတော်များများလောက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ခဲ့တာကြောင့်လည်း ပြည်သူတွေက ကာကွယ်ဆေး ထိုးဖို့ သဘောမပေါက်ခဲ့ကြတာ ဖြစ်ကြောင်းနဲ့ အခုတော့ အမြင်တွေ ပြောင်းလာကြပြီလို့ သူယူဆကြောင်း ဒေါက်တာ မူရာနာကာ က ဘီဘီစီကို ပြောပါတယ်။
"ဒါပေမဲ့ ကာကွယ်ဆေးထိုးတဲ့ လူတွေမှာ တန်ပြန်ဆိုးကျိုးတွေ မဖြစ်သလောက်ပဲ ဆိုတာကို အခု တွေ့လာကြတဲ့အခါ ကာကွယ်ဆေးထို့းဖို့ ပိုစိတ်ပါလာကြပါပြီ"
အခုအခါ နောက်ထပ်နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးရေး စီမံကိန်းတွေကို အထူးသဖြင့် ဖေဖော်ဝါရီလ နောက်ဆုံး သီတင်းသုံးပတ် အတွင်းမှာတင် စလုပ်လာကြတာ တွေ့ရတဲ့အတွက် ကာကွယ်ဆေးအပေါ် ထားတဲ့ အမြင်တွေ သိသိသာသာ အလျင်အမြန် ပြောင်းလဲလာနေပြီလို့ ယူဆရကြောင်း ဒေါက်တာ မူရာနာကာ က ပြောပါတယ်။