ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေအစိုးရ ဒဏ်ခတ် အရေးယူမယ်
အာဏာသိမ်းစဉ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါ၀င်ခဲ့ကြတဲ့ တပ်မတော် အဖွဲ့၀င် သုံးဦးရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ချင်းရပ်တန့်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတွေ ချမှတ်မယ်လို့ ယူကေအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူလူထု၏ ဘ၀ရှင်သန်ခွင့်၊ လွတ်လပ်စွာစုရုံးပိုင်ခွင့်၊ မတရားဖမ်းဆီးခြင်း (သို့မဟုတ်) ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ အပါအ၀င် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာ၀န်ရှိသူဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် တို့ကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်မယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေကို တရားလက်လွတ် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ယူကေအစိုးရက ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ် က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရကို အရေးယူဖို့ ကနေဒါနိုင်ငံကလည်း ဒီကနေ့ ထုတ်ဖော် ကြေညာမယ်လို့ သိရပါတယ်။
ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ယူကေအစိုးရက စာရင်းပြုစုထားသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု ပြုလုပ်ထားသည့် မြန်မာတပ်မတော်မှ ၁၆ ဦးအပြင် နောက်ထပ် အရေးယူဒဏ်ခတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေကို တရားလက်လွတ် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ယူကေအစိုးရက ပြစ်တင်ရှုတ်ချကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ် က ပြောပါတယ်။
ယူကေနိုင်ငံအနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူရေးနဲ့ မြန်မာပြည်သူတွေ တရားမျှတမှု ရရေးအတွက် နိုင်ငံတကာ မိတ်ဘက်နိုင်ငံတွေနဲ့ အတူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကူအညီ ထောက်ပံ့ပေးရေး အစီအစဉ်တွေအပေါ် ပြန်လည်သုံးသပ်မှု အဆုံးသတ် ပြုလုပ်ပြီးနောက် တပ်မတော် ဦးဆောင်တဲ့ အစိုးရအား ယူကေအစိုးရက သွယ်ဝိုက်ပံ့ပိုးမှု မရှိစေရေးကို တားဆီးဖို့အတွက် ထပ်ဆင့် ကာကွယ်မှုတွေကို ဒီကနေ့ ထုတ်ပြန်ကြေညာချက်နဲ့အတူ ခိုင်မာအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်အစိုးရနဲ့ ဆောင်ရွက်ချက်တွေကို ဆိုင်းငံ့ထားချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အဆင်းရဲဆုံးနှင့် အထိခိုက်လွယ်ဆုံး ပြည်သူတွေ UKaid ရဲ့ အကူအညီ ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တခါ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှိမစ်ဆု မိုတီဂီ ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ အမြန်ဆုံးဖော်ဆောင်ဖို့ လိုအပ်နေကြောင်းကို အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ လေးနိုင်ငံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအကြား ဖုန်းနဲ့ ဆွေးနွေး ပြောဆိုစဉ်အတွင်း သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။