အူတာရာခန်ပြည်နယ်မှာ ဆည်ကျိုးပေါက်ပြီး လိုဏ်ခေါင်းထဲ ပိတ်မိနေသူတွေကို အမြန်ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုကြီး ဖြစ်ပွားခဲ့အပြီး ဥမင်လိုဏ်ခေါင်းတစ်ခုထဲ ပိတ်မိနေတယ်လို့ ယူဆရတဲ့ လူ ၃၅ ဦးကို ကယ်ဆယ်ဖို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက နာရီမပြတ် ကြိုးပမ်းနေကြပါတယ်။

တနင်္ဂနွေနေ့က အူတာရာခန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြီးအတွင်း လူ ၂၈ ဦး သေဆုံးခဲ့ပြီး လူ ၁၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဟိမဝန္တာတောင်ပေါ်က ရေခဲတုံး အစိုင်အခဲကြီးတစ်ခု မြစ်တစ်စင်းပေါ် ပြုတ်ကျလာခဲ့ရာကနေ ရေလွှမ်းမိုးမှုကြီး ဖြစ်ခဲ့ရတာပါ။

၈ ကီလိုမီတာကျော် ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက အဓိက ကြိုးစားနေကြပါတယ်။ ဒီလိုဏ်ခေါင်းဟာ တာပိုဗန် ဗစ်ရှ်နူဂက် ရေအားလျှပ်စစ်စီမံကိန်းနဲ့ ဆက်သွယ်ထားတဲ့ ဥမင်လိုဏ်ခေါင်း နှစ်ခုအနက် တစ်ခု ဖြစ်ပြီး ရေတွေ သယ်ဆောင်ရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ လိုဏ်ခေါင်းကတော့ ၄ ကီလိုမီတာ နီးပါး ရှည်လျားပြီး ရေအားလျှပ်စစ်စီမံကိန်းကထွက်လာတဲ့ နုန်းတွေကို ဒေါင်လီဂန်ဂါ မြစ်ထဲ သွန်ထုတ်ဖို့ အသုံးပြုနေတာ ဖြစ်ပါတယ်။

အေးခဲတဲ့ရေတွေနဲ့အတူ ကျောက်ဆောင် ကျောက်ခဲတွေ၊ မြေကြီးတွေပါ ချိုင့်ဝှမ်းထဲ အရှိန်နဲ့ ထိုးဆင်းကျလာချိန်မှာ အဲဒီဥမင်လိုဏ်ခေါင်းထဲ လူတွေ ပိတ်မိနေပုံ ရပါတယ်။ အဲဒီနောက် ကျောက်ဆောင်၊ မြေကြီးတွေက လိုဏ်ခေါင်းအဝကို ပိတ်ဆို့သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုဏ်ခေါင်းထဲကနေ အလုပ်သမား ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိက လိုဏ်ခေါင်းကြီးထဲမှာ လူ ၃၅ ဦး ခုချိန်ထိ ပိတ်မိနေဆဲပဲလို့ အူတာရာခန် ပြည်နယ် ဝန်ကြီးချုပ် ထရီဗန်ဒရာ ဆင်း ရာဝက်က ပြောပါတယ်။

ဒီရေအားလျှပ်စစ် စီမံကိန်းကို စတည်ဆောက်နေဆဲ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အပြီးသတ်နိုင်ဖို့ စီစဉ်ထားပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေ က လှိုဏ်ခေါင်းထဲ ဝင်သွားခဲ့ပေမဲ့ အထဲမှာ ရေတွေနဲ့ နုံးတွေ ပြည့်နေတာကြောင့် ပြန်လှည့်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ကူညီဆောင်ရွက်နေတဲ့ အိန္ဒိယ တိဘက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြောပါတယ်။

လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေနဲ့ တနင်္ဂနွေနေ့ကတည်းက အဆက်အသွယ် လုံးဝ မရဘူးလို့ သိရပြီး အဲဒီလူတွေ လိုဏ်ခေါင်းထဲက ဘယ်နေရာမှာ ရှိနေသလဲ၊ အတူ တစုတဝေးထဲ ရှိနေသလား ဆိုတာကို ပြောဖို့ ခက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကယ်ဆယ်ရေးကြိုးပမ်းမှုတွေမှာ ကူညီဆောင်ရွက်ဖို့အတွက် အဲဒီဒေသဆီ ရာနဲ့ချီတဲ့ စစ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ရဟတ်ယာဉ်တွေကို စေလွှတ်ထားပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဂေါ်ပြားတွေ၊ မြေတူးစက်ကြီးတွေ သုံးပြီး လိုဏ်ခေါင်းအဝကို ရှင်းလင်းဖို့ ကြိုးစားနေကြပါတယ်။

ဘာ့ကြောင့် ရေခဲစိုင်ကြီး ပြိုကျခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။

"အပြင်ထွက်ကြ၊ အပြင်ထွက်ကြ ဆိုတဲ့ အော်သံတွေ ကြားတဲ့အချိန်မှာ ဘာတွေ ဖြစ်နေမှန်း ကျွန်တော်တို့ မသိခဲ့ဘူး။ လှိုဏ်ခေါင်းအဝကနေ ရေတွေ အလုံးလိုက် ဝင်လာတဲ့အခါ ကျွန်တော်တို့ စပြေး တော့တာပဲ။ ရေအားက ကြီးလွန်းလို့ မထွက်နိုင်ခဲ့ကြဘူး။ ဒီတော့ လိုဏ်ခေါင်းရဲ့ အမိုးကို ကျွန်တော်တို့ တွယ်ပြီး တစ်နာရီလောက် နေခဲ့ကြရတယ်။ ရေတွေ စကျသွားတော့မှ ရေတွေနဲ့ တင်ကျန်ရစ်ခဲ့တဲ့ ကျောက်တုံးကြီးတွေပေါ် ဖြည်းဖြည်းချင်း တက်ပြီး အသက်ရှူနိုင်ကြတော့တယ်။ အသက်ရှင်လိမ့်မယ်လို့တောင် မထင်ခဲ့ကြပါဘူး"လို့ လိုဏ်ခေါင်းငယ်လေးတစ်ခုထဲ ရေတွေ လွှမ်းမိုးဝင်ရောက်လာပုံကို ကိုယ်တွေ့ကြုံခဲ့ရပြီး အခုအခါ ဆေးရုံမှာ ဆေးကုသခံနေရသူ တစ်ဦးက ပြန်ပြောပြပါတယ်။

တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီလောက်မှာ ရေခဲစိုင်ကြီး ပြိုကျခဲ့တာ ဖြစ်ပြီး ရီရှီဂန်ဂါ ရေအားလျှပ်စစ်စီမံကိန်းလို့ ခေါ်တဲ့ ဆည်ကြီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အူတာရာခန် ရဲတွေက ပြောပါတယ်။

တာပိုဗန် ဒေသမှာ ရွာ ၁၃ ရွာကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုလည်း ရေခဲစိုင် ပြိုကျစဉ်မှာ မျောပါသွားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ရွာတချို့ကို ဝေဟင်ပေါ်ကနေ အစားအသောက်ထုပ်တွေ ရဟတ်ယာဉ်နဲ့ ချပေးခဲ့ပါတယ်။

ဟိမဝန္တာ အနောက်ပိုင်းက အူတာရာခန်ပြည်နယ်ဟာ ရေကြီး မြေပြိုမှုတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လကလည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း အသည်းထန်ဆုံး မုတ်သုန်မိုး ရွာသွန်းခဲ့မှုကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့ပြီး လူ ၆၀၀၀ လောက် သေဆုံးခဲ့ပါတယ်။