ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လယ်ရီကင်း - အမေရိကန် နာမည်ကျော် ရုပ်သံတင်ဆက်သူ အသက် ၈၇ နှစ်မှာ ကွယ်လွန်
နာမည်ကျော် အမေရိကန် ရုပ်သံတင်ဆက်သူ အသက် ၈၇ နှစ်အရွယ် လယ်ရီကင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကွယ်လွန်သွားပါတယ်။
စနေနေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့ Cedars-Sinai ဆေးရုံမှာ သူကွယ်လွန်သွားတယ်လို့ သူပူးတွဲ တည်ထောင်တဲ့ Ora Media ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမေရိကန် ရုပ်သံ CNN သတင်းဌာနမှာ ၂၅ ကြာ တင်ဆက်မှု အပါအဝင် သူရဲ့ ဆယ်စုနှစ် ခြောက်ခုကြာ ရုပ်သံတင်ဆက်မှုတွေ အတွင်းမှာ ထိပ်တန်း နိုင်ငံခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေနဲ့ အားကစားသမား မြောက်များစွာကို တွေ့ဆုံမေးမြန်းတင်ဆက်ခဲ့ပါတယ်။
သူ့ကို ကိုဗစ်-၁၉ ရောဂါနဲ့ အခုလမှာ ဆေးရုံတင် ကုသခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ပြောပါတယ်။
အခုနှစ်ပိုင်းတွေမှာ သူဟာ နှလုံးရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာတချို့ ရှိခဲ့ပါတယ်။
သူဟာ The Larry King Show ဆိုတဲ့ ရေဒီယို အစီအစဥ်နဲ့ ၁၉၇၀ နှစ်တွေ ထင်ရှားကျော်ကြားလာတာပါ။
အဲဒီနောက် ၁၉၈၅ ကနေ ၂၀၁၀ အထိ CNN ရုပ်သံမှာ Larry King Live အစီအစဥ်မှာ တွေ့ဆုံမေးမြန်းမှု များစွာကို တင်ဆက်ခဲ့ပါတယ်။
သူဟာ USA Today သတင်းစာမှာလည်း ပင်တိုင်ဆောင်းပါးရှင် အဖြစ် အနှစ် ၂၀ ကျော် ရေးခဲ့ပါတယ်။
အခုနှစ်ပိုင်းတွေမှာတော့ နောက်ထပ် အစီအစဥ် တစ်ခု ဖြစ်တဲ့ Larry King Now ကို Hulu နဲ့ ရုရှား အစိုးရ မီဒီယာ RT တို့မှာ တင်ဆက်ခဲ့ပါတယ်။