ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် သမ္မတထရမ့် နောက်ဆုံးမိန့်ခွန်းစကားကို အချက်အလက်တွေနဲ့ ဆန်းစစ်ခြင်း
- ရေးသားသူ, Reality Check team
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားခဲ့သည်။
အိမ်ဖြူတော်က မထွက်ခွာခင် သမ္မတထရမ့်က သူ အိမ်ဖြူတော်မှာ လုပ်ဆောင်ခဲ့တာတွေကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။
ဘီဘီစီ Reality Check အဖွဲ့က သူ့ပြောကြားချက် တချို့ကို အချက်အလက်တွေနဲ့ တိုက်ကြည့် စစ်ဆေးခဲ့ပါတယ်။
ပြောကြားချက် ၁။ "ကျွန်တော်တို့နိုင်ငံ ဆိုးရွားတဲ့ ကမ္ဘာ့ကပ်နဲ့ကြုံရတဲ့အခါမှာ ကျွန်တော်တို့ဟာ ကာကွယ်ဆေးကို စံချိန်တင်မြန်မြန်ဆန်ဆန်နှုန်းနဲ့ ကာကွယ်ဆေး ၁ မျိုးတောင် မဟုတ်ပါဘူး၊ ၂ မျိုးတောင် ထုတ်လုပ်ခဲ့တယ်"
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (Food and Drug Administration-FDA) က ကိုဗစ် ၁၉ ကာကွယ်ဆေး ၂ မျိုးဖြစ်တဲ့ ဖိုင်ဇာ/ဘိုင်အွန်တက်ခ် (Pfizer/BioNTech) နဲ့ မက်ဒါးနား (Moderna) ကာကွယ်ဆေးတွေကို အရေးပေါ်ကြုံလာတဲ့နေရာမှာ အသုံးပြုနိုင်ကြောင်း ခွင့်ပြုခဲ့ပါတယ်။
အစိုးရရဲ့ ကာကွယ်ဆေးအစီအစဉ် Operation Warp Speed က မက်ဒါးနား ကာကွယ်ဆေးဖော်ထုတ်ဖို့အတွက် ရန်ပုံငွေထောက်ပံ့ပေးခဲ့ပါတယ်။
ဖိုင်ဇာ/ဘိုင်အွန်တက်ခ်က ကာကွယ်ဆေးထုတ်လုပ်ပြီးရင် အမေရိကန်ကို ရောင်းချပေးမယ်ဆိုပြီး အစိုးရနဲ့ သဘောတူညီချက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေး ဖော်ထုတ်စဉ်၊ စမ်းသပ်စဉ်မှာ အမေရိကန်အစိုးရဆီက ဘာငွေကြေးအထောက်အပံ့မှ မရခဲ့ပါဘူး။
ဖိုင်ဇာဆေးကုမ္ပဏီက အမေရိကန်ကုမ္ပဏီဖြစ်ပေမယ့်လည်း အဲဒီကာကွယ်ဆေးကို ဂျာမနီအခြေစိုက် ဘိုင်အွန်တက်ခ် ကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်ခဲ့တာပါ။
ပြောကြားချက် ၂။ "ဆယ်စုနှစ်တွေအတွင်း ဘယ်စစ်ပွဲ အသစ် ကိုမှ မစခဲ့တဲ့ ပထမဦးဆုံးသော သမ္မတဖြစ်ခဲ့တဲ့အတွက် ကျွန်တော်သိပ်ကို ဂုဏ်ယူတယ်"
စစ် (War) ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖော်ကြမလဲ။
အမေရိကန်ဟာ ပဋိပက္ခကြီး ၅ ခုအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံကို စစ်ကြေညာခဲ့ဖူးပါတယ်။ နောက်ဆုံး တရားဝင် စစ်ကြေညာခဲ့တာကတော့ ဒုတိယကမ္ဘာစစ်ကပါ။
များသောအားဖြင့် လွှတ်တော်ကနေ သမ္မတကို အပ်နှင်းလိုက်တဲ့ "စစ်အင်အားအသုံးပြုခွင့် အာဏာ"ကိုသုံးပြီး အမေရိကန်ဟာ စစ်ရေးပဋိပက္ခတွေကြားကို ဝင်ခဲ့ပါတယ်။
ဥပမာအားဖြင့် သမ္မတ ဂျော့ချ် ဘုရှ်က ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲမှာ အဲဒီလို အာဏာကို သုံးခဲ့ပါတယ်။
ဓာတုလက်နက်တွေသုံးနေတယ်ဆိုတဲ့အထောက်အထားတွေရခဲ့တဲ့နောက် ဆီးရီးယားမှာ ဝင်တိုက်ခိုက်ဖို့အတွက် သမ္မတ အိုဘားမားက လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူခဲ့ပါတယ်။
သမ္မတ ထရမ့်က အရင်အစိုးရတွေက အတည်ပြုထားတဲ့ ဥပဒေတွေကို အသုံးပြုပြီး နိုင်ငံရပ်ခြားမှာ စစ်ရေးဆောင်ရွက်ချက်တွေလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာလထဲမှာ အမေရိကန်စစ်ဆင်ရေး တစ်ခုအတွင်း အစ္စလာမ်မစ်နိုင်ငံ ခေါင်းဆောင် အယ်လ် ဘတ်ဒါဒီကို သတ်ဖြတ်လိုက်ပြီလို့ မစ္စတာ ထရမ့်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဆင်ရေးကို လွှတ်တော်က ဒီမိုကရက်တစ် ခေါင်းဆောင်တွေကို ကြိုတင်အသိမပေးဖို့ သူဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ထဲမှာ အီရန် ဗိုလ်ချုပ်ကြီး ကာဆင်း ဆော်လမန်နီကို သေကြေစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကို သမ္မတထရမ့်က အမိန့်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဘုရှ် အစိုးရ လက်ထက်တုန်းက အတည်ပြုချက်ရခဲ့တဲ့ ကွန်ကရက် လွှတ်တော်ရဲ့ "စစ်အင်အားအသုံးပြုခွင့်အာဏာ"ကို ဥပဒေကြောင်းအရ အသုံးပြု ခဲ့တယ်လို့ အိမ်ဖြူတော်က ဆိုခဲ့ပါတယ်။
သမ္မတ ထရမ့်အစိုးရဟာ ဆိုမားလီးယားမှာ အမေရိကန် ဒရုမ်းစစ်ဆင်ရေးတွေ ကိုလည်း တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။
ပြောကြားချက် ၃။ "ကျွန်တော်တို့အနေနဲ့ ...တောင့်တင်းတဲ့ တံတိုင်းအသစ် မိုင်ပေါင်း ၄၅၀ ကျော်ကို လုပ်ပေးပြီး ...နယ်စပ်လုံခြုံရေး လုပ်ဆောင်မှုတွေကို အခိုင်မာဆုံး ချထားနိုင်ခဲ့တယ်"
မက္ကဆီကို နယ်စပ်မှာ တံတိုင်းခတ်ဖို့က ၂၀၁၆ ရွေးကောက်ပွဲမှာ သူပေးခဲ့တဲ့ အဓိက ကတိတွေထဲက တစ်ခုပါ။
သူ သမ္မတရာထူးရပြီးချိန်က စလို့ ဇန်နဝါရီလ ၄ ရက်နေ့အထိကြည့်ရရင် စုစုပေါင်း ၄၅၂ မိုင်ရှည်တဲ့ တံတိုင်းအရံအတားတည်ဆောက်တာကို တွေ့ရပါတယ်။
ဒါပေမဲ့ ဒီတံတိုင်းသစ်ရဲ့ အရှည်အများစုက နယ်စပ်မှာ ရှိနှင့်နေပြီးသား အရံအတားတွေနေရာမှာ အစားထိုးလိုက်တာပဲဖြစ်ပါတယ်။
အရင်တုန်းက အရံအတားမရှိတဲ့ နေရာအသစ်တွေမှာ ဆောက်တဲ့ အရံအတားအသစ် အရှည်က မိုင် ၈၀ ပဲရှိပါတယ်။
ရွေးချယ်တင်မြှောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်က သူအဲဒီ တံတိုင်းတွေကို နောက်ထပ် တစ်ပေတောင် တိုးပြီးမဆောက်ဘူးလို့ ပြောပါတယ်။
ပြောကြားချက် ၄။ "ကျွန်တော်တို့ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ အကြီးကျယ်ဆုံး စီးပွားရေးကို တည်ဆောက်ခဲ့တယ်"
အမေရိကန်စီးပွားရေးဟာ ထရမ့်လက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး မတိုင်မီက တော်တော် ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ အဲဒီထက် ပိုကောင်းတဲ့ စီးပွားရေး အခြေအနေတွေကို အရင်အစိုးရတွေ လက်ထက်တုန်းက ရခဲ့ဖူးပါတယ်။
ထရမ့်လက်ထက် ပထမ ၃ နှစ်မှာ အမေရိကန်ရဲ့ နှစ်စဉ် စီးပွားရေး တိုးတက်မှုက ပျမ်းမျှ ၂.၅% ပါ။
အိုဘားမား လက်ထက် နောက်ဆုံး ၃ နှစ် ကာလက စီးပွားရေးအခြေအနေထက် နည်းနည်းသာပါတယ်။
ဒါပေမဲ့ သူ့လက်ထက်က ဂျီဒီပီ တိုးတက်နေတဲ့အချိန်တွေထဲမှာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေရဲ့ စျေးတွေက အများကြီး တက်ခဲ့ပါတယ်။
၂၀၂၀ မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးကြောင့် အမေရိကန် စီးပွားရေးက စံချိန်တင် ကျုံ့သွားခဲ့ပါတယ်။
ပြောကြားချက် ၅။ "ကျွန်တော်တို့ ... အာဖရိကနွယ်ဖွား အမေရိကန်တွေ၊ လက်တင်အမေရိကနွယ်ဖွား အမေရိကန်တွေ၊ အာရှနွယ်ဖွား အမေရိကန်တွေ အလုပ်လက်မဲ့ ဖြစ်မှု ရာခိုင်နှုန်း အနည်းဆုံး စံချိန်ကိုချိုးနိုင်ခဲ့တယ်"
၂၀၁၉ သြဂုတ်လမှာ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေကို ကြည့်ရင် အာဖရိကနွယ်ဖွား အမေရိကန်တွေက ၅.၂% ဖြစ်ပြီး လက်တင်နွယ်ဖွား အမေရိကန်တွေက ၄% ဆိုတာကို တွေ့ရမှာပါ။
၁၉၇၀ နှစ်တွေအတွင်းကစပြီး အမေရိကန်အလုပ်သမားဌာနက အဲဒီလို မှတ်တမ်းတွေကို စပြီး တင်ခဲ့တဲ့ မှတ်တမ်းတွေအရ အနည်းဆုံး နှုန်းတွေပါ။
ဒါပေမဲ့ ကမ္ဘာ့ကပ်က အမေရိကန်စီးပွားရေးကို ထိခိုက်စေခဲ့တဲ့အခါမှာတော့ ဒီအုပ်စု ၂ ခုလုံးမှာ အလုပ်လက်မဲ့နှုန်းတွေ ထောင်တက်ခဲ့ပါတယ်။ အဲဒီ အုပ်စုတွေမှာ အလုပ်လက်မဲ့နှုန်းက ၃.၂ %၊ ၂.၆ % အသီးသီးနဲ့ တနိုင်ငံလုံး ပျမ်းမျှနှုန်းထက် ပိုများပါတယ်
အာရှနွယ်ဖွား အမေရိကန်တွေရဲ့ အလုပ်လက်မဲ့နှုန်းက ဒီနေ့ကာလမှာ ၅.၉ % ရှိပါတယ်။ အဲဒီ အုပ်စုရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းက ၂၀၁၉ ဇွန်လမှာ ၂.၁ % နဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်း စံချိန်တင် ထိုးကျခဲ့ပါတယ်။
ပြောကြားချက် ၆။ "VA ရွေးချယ်မှုကို ကျွန်တော်တို့ ပြဋ္ဌာန်းပေးခဲ့တယ်"
"VA ရွေးချယ်မှု"ဆိုတာကတော့ အမေရိကန် စစ်မှုထမ်းဟောင်းတွေကို ပိုပြီး အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုပေးတဲ့ အစိုးရရဲ့ အစီအစဉ်ပါ။
အဲဒါဟာ သမ္မတ အိုဘားမား လက်ထက်တုန်းက စတင်ဖော်ထုတ် ပြဋ္ဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုကို ထရမ့်က ထပ်တိုးချဲ့ပေးလိုက်တာပါ။
၂၀၁၈ ခုနှစ် ဇွန်လမှာ သမ္မတ ထရမ့်က VA ရွေးချယ်မှု ကိုပြုပြင်တဲ့ ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီဥပဒေအရ စစ်မှုထမ်းဟောင်းတွေဟာ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးကုသခွင့်ရသွားခဲ့ပါတယ်။