ကိုဗစ်-၁၉ - ခရစ္စမတ်မှာ အန္တရာယ်နည်းစေဖို့ အကြံပြုချက် ၇ ချက်

    • ရေးသားသူ, လာရစ် အယ်လာဂရက်တီ နဲ့ ပေါ်လာအာဒမို
    • ရာထူးတာဝန်, အိုင်ဒိုအက်တာ
  • ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးက ဒီနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ မိသားစု ဆွေမျိုးတွေ စုံစည်းစုဝေးကြတဲ့ ပွဲကို ထူးခြားတဲ့ အတွေ့အကြုံသစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်တော့မှာပါ။

အစဉ်အလာအားဖြင့်တော့ ခရစ္စမတ်ဆိုတာက ဘိုးဘွားကစလို့ သားသမီး မြေးမြစ်အထိ မိသားစုစုံညီ စုဝေးကြတဲ့ အချိန်အခါသမယပါ။ ဒီလို လူတွေ စုဝေးမိကြတာကပဲ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားဖို့ကလည်း အခွင့်ကောင်းဖြစ်နေတတ်ပါတယ်။ ကုရိုနာဗိုင်းရပ်စ်ကြောင့် အခုဆို ကမ္ဘာတစ်ဝန်း လူပေါင်း တစ်သန်းခြောက်သိန်းခွဲလောက် အသက်ဆုံးခဲ့ရပြီးပါပြီ။

အဲဒီတော့ လူအများစုကြီးအတွက် ကိုယ်ချစ်ခင်ရသူတွေ၊ သက်ကြီးရွယ်အို မိဘ ဘိုးဘွားတွေဆီကို ရောဂါပိုးမကူးစက်မိသွားရအောင် လုပ်နိုင်မယ့် တစ်ခုထဲသော နည်းလမ်းက ခရစ္စမတ်ကို အတူစုမဆင်နွှဲကြဖို့ဘဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလည်း ဒီနှစ်မှာတော့ လူတွေ အွန်လိုင်းနည်းပညာတွေကို သုံးလို့ အင်တာနက် အွန်လိုင်းကပဲ ဆုံကြတွေ့ကြ ဆင်နွှဲကြပါလို့ အကြံပြုထားပါတယ်။

ဘာပဲဖြစ်ဖြစ် တချို့ကတော့လည်း ခရစ္စမတ်ပွဲကို နွှဲကိုနွှဲရမှဖြစ်မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေရှိမှာပါ။ ကိုယ်နဲ့ တစ်အိမ်ထဲ အတူမနေသူတွေနဲ့ ခရစ္စမတ်ကျမှ ဆုံဖို့ရှိတယ်ဆိုရင်တော့ ပိုးကူးစက်ခံရမယ့် အန္တရာယ်တွေကို လျော့ကျအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့လည်း ရှိပါတယ်။ ဒီနည်းလမ်းတွေက ပိုးမကူးအောင် လုံးဝ အာမခံပေးနိုင်မယ့် နည်းလမ်းတွေတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုင်းရပ်စ်ပိုး ကူးနိုင်ခြေကတော့ ရှိနေမှာပါဆိုတာကို ဆရာဝန်တွေကလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။

၁။ ခရစ္စမတ်ကို ကျဉ်းကျဉ်းနဲ့ အချိန်တိုတိုပဲ ကျင်းပပါ

စုဝေးမိကြမယ့် လူအရေအတွက်၊ အထူးသဖြင့်တော့ အတူမနေကြသူတွေ တစ်နေရာထဲ စုဝေးမိကြမယ့်အခါ အဲဒီ အရေအတွက်ကို လျှော့ချနိုင်ရင် ပိုးကူးစက်ခံရမယ့် အလားအလာကိုလည်း လျော့သွားစေနိုင်ပါတယ်။

အဲဒီလိုပဲ လူစုမိတဲ့ အချိန်နည်းလေလေ၊ တိုလေလေ ပိုးကူးစက်ခံရနိုင်ခြေလည်း နည်းလေလေပါပဲ။

ဒါကြောင့်လည်း ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က

"လူနည်းနည်းနဲ့ ခပ်ကျဉ်းကျဉ်း ကျင်းပတဲ့ခရစ္စမတ်ဟာ အန္တရာယ်ပိုကင်းတဲ့ ခရစ္စမတ်၊ ရက်တိုတို အချိန်တိုတို ကျင်းပတဲ့ ခရစ္စမတ်ဟာ အန္တရာယ်ပိုကင်းတဲ့ ခရစ္စမတ်" လို့ ပြောခဲ့တာပါ။

"အခုအချိန်ဟာ မိသားစု အရင်းအချာတွေပဲ ဆုံကြဖို့အချိန်ပါ။ လူ ၁၀ ယောက်ထက်ကျော်တဲ့ ဆွေမျိုးမိသားစုတွေ ဆုံကြရမယ့် အချိန်မဟုတ်ပါဘူး" လို့ ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားတက္ကသိုလ်က ကူးစက်ရောဂါပညာရှင် ဒေါက်တာ ဂျူလီယာနာ လာပါက ပြောပါတယ်။

အိမ်တွေသွားမယ်ဆိုလည်း ခဏပဲနေ၊ အိမ်တွင်းမှာလည်း ခပ်ခွာခွာစည်းမျဉ်းကို လိုက်နာပြီး နှာခေါင်းစည်းတွေတပ်ထားတာက အရင်လို လူအများကြီးစုပြီး ပါတီပွဲကြီးတွေလုပ်တာမျိုးထက် ပိုသင့်တော်ပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

အဲဒီတက္ကသိုလ်ကပဲ ပါမောက္ခ ဒေါက်တာအက်စတေဗားရိုးအာဗာနိုကလည်း "အသက်ကြီးတဲ့လူတွေ၊ အဝလွန်သူ၊ ဆီးချို သွေးတိုးနဲ့ အဆုတ်ရောဂါအခံရှိသူတွေ ဆိုရင်တော့ လူစုလူဝေးကို ရှောင်တာ အကောင်းဆုံးပါပဲ" လို့ ပြောပါတယ်။

ဒီလိုလူတွေဟာ လက်ရှိအနေအထားမှာကို ဆေးပညာအရ ပြုစုစောင့်ရှောက်မှု ခံယူဖို့ လိုနေကြသူတွေဆိုတော့ အခုအချိန်မှာ သတိထားဖို့ အလိုဆုံးပဲလို့ သူက ထောက်ပြပါတယ်။

၂။ လေဝင်လေထွက် ပိုကောင်းအောင်လုပ်ပါ။

ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာတဲ့ အစက်အမှုန်တွေကို လေညှင်းလေးကတောင် အားပျော့သွားစေတတ်ပါတယ်။ ဒါကြောင့် လူစုပြီး ပွဲလုပ်မယ်ဆို အိမ်ခန်းထဲထက်စာရင် ပန်းခြံထဲတို့၊ အိမ်ကပြင်တို့၊ ဝရန်တာကျယ်ရင် ဝရန်တာတို့မှာ လုပ်တာက ပိုပြီး ကောင်းပါတယ်။ တိုက်ခန်းထဲမှာ ဖြစ်နေရင်တော့ ပြူတင်းပေါက်တွေ အားလုံးကို ဖွင့်ထားပါ။

အမေရိကန် ရောဂါပိုးမွှားထိန်းချုပ်ရေးဌာန (CDC) ကတော့ ထိရောက်တဲ့နည်းလမ်းတစ်ခုက ပန်ကာတစ်လုံးကို ပြူတင်းပေါက်မှာ ခိုင်ခိုင်မာမာတပ်ထားလိုက်ပါလို့ ဆိုပါတယ်။ အဲဒီနည်းနဲ့ အခန်းတွင်းက လေဟောင်းတွေကို အပြင်ကို ထုတ်ပေးပြီး တခြားဖွင့်ထားတဲ့ ပြူတင်းပေါက်တွေ၊ တံခါးတွေကနေ လေသစ်တွေ ဝင်လာမယ်၊ အခန်းထဲမှာလည်း လေဟောင်းတွေ တာရှည်လည်ပတ်မနေတော့ဘူးလို့ အကြံပြုထားပါတယ်။

၃။ နှာခေါင်းစည်းတပ်တာနဲ့ ခပ်ခွာခွာနေတာ

ကျွမ်းကျင်သူတွေကတော့ စားတဲ့ သောက်တဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန် တစ်ချိန်လုံး နှာခေါင်းစည်းတွေတပ်ထားဖို့ အကြံပြုကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က လူတစ်ယောက် ချောင်းဆိုးတဲ့အခါ၊ အော်ဟစ်ရယ်မောတဲ့အခါနဲ့ စကားပြောတဲ့အခါ ထွက်လာတဲ့ အစက်အမှုန်လေးတွေကနေ ပျံ့နှံ့ကူးစက်တာဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် အော်မပြောရအောင် သီချင်းတို့ တခြားအသံတို့ကို အကျယ်ကြီးဖွင့်မထားဖိုလည်း အကြံပြုကြပါတယ်။

တစ်အိမ်ထဲ တစ်မိုးအောက်ထဲ အတူမနေကြသူတွေ စုမိ ဆုံမိတဲ့အခါ ခပ်ခွာခွာနေရတဲ့ စည်းမျဉ်းကို လိုက်နာဖို့ အထူးအရေးကြီးတဲ့အကြောင်းကိုလည်း သတိပေးကြပါတယ်။ အပေါ်ကပြောတဲ့ နည်းလမ်းတွေဟာ လူချင်း ခပ်ခွာခွာမနေကြရင် ဘယ်လိုမှ ထိရောက်မှု ရှိမှာ မဟုတ်ဘူးဆိုတာလည်း သတိထားဖိုလိုပါတယ်။

၄။ အလှည့်ကျ စားကြပါ

အစားအသောက်စားချိန်ဟာ အထူးသဖြင့် အန္တရာယ်ကို သတိထားရချိန်ပါပဲ၊ အဲဒီအချိန်မှာ လူတွေအနီးကပ်စုမိကြပြီး စားသောက်ကြဖို့ နှာခေါင်းစည်းတွေ ချွတ်လိုက်ကြချိန် ဖြစ်ပါတယ်။

အစားအသောက်ဝိုင်းမှာ ဖန်ခွက်တွေ၊ ဇွန်း ခက်ရင်းတွေကို မျှဝေ မသုံးကြဖို့လည်း လိုပါတယ်။ စားပွဲမှာ ထိုင်ကြပြီဆိုရင်လည်း အိမ်ထောင်စုတစ်ခုထဲ အတူနေကြသူတွေက တစ်အုပ်စုစီထိုင်ပြီး အလှည့်ကျ စားကြဖို့ အကြံပြုထားကြပါတယ်။

စားပွဲ တစ်လုံးထက်ပိုပြီး ချထားနိုင်ရင်တော့ အဲဒီလို သီးခြားစားပွဲတွေနဲ့ ထိုင်စားသောက်ကြနိုင်ပါတယ်။

"နှာခေါင်းစည်းတပ်မထားသူဆိုရင် ဗိုင်းရပ်စ်ပိုး ဖြန့်နိုင်တဲ့လူလို့ ယူဆပြီး သတိထားသင့်ပါတယ်။ ရောဂါပိုးလက္ခဏာမပြဘဲ ပိုးရှိနေပြီး သူတို့က တစ်ဆင့်ကူးစက်ခံရတာတွေကလည်း အများကြီး တွေ့နေရလို့ပါ" လို့ ဆော်ပေါ်လိုမြို့မှာ ရှိတဲ့ အယ်မီလီယိုရီဗတ်စ်ဆေးရုံက အရေးပေါ်ကြပ်မတ်ကုသဆောင်တာဝန်ခံ ယက်ရှတာဂျန်ဘော့ဂ်က သတိပေးပါတယ်။

၅။ ဖြစ်နိုင်ရင် ခရီးမသွားပါနဲ့

ကူးစက်ရောဂါ ကျွမ်းကျင်သူတွေအားလုံးလိုလိုက တညီတညွတ်တည်း အကြံပြုကြတာကတော့ ခရီးသွားတာကို ရှောင်ဖို့ပါ။ ဒါပေမဲ့ မလွှဲမရှောင်သာလို့ သွားရပြီဆိုရင်တော့ လူအများကြီးနဲ့ ထိတွေ့ရတတ်တဲ့ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ သွားရတာထက် သီးသန့် ကိုယ်ပိုင် ဒါမှမဟုတ် အငှားကားနဲ့သွားတာမျိုးက ပိုသင့်တော်တယ်လို့ ဆိုကြပါတယ်။

၆။ ရောဂါလက္ခဏာတွေရှိနေရင် အိမ်မှာပဲ နေပါ။

ခရစ္စမတ်မတိုင်ခင်ကာလမှာ ကိုယ်က အိမ်မှာပဲ သီးခြားခွဲနေတာမျိုးမဟုတ်ခဲ့ရင်တော့ ခရစ္စမတ်မှာ ကိုယ်ပွဲတက်ဖို့ရှိမယ်ဆိုရင် အဲဒီရက်မတိုင်ခင် ရက်ပိုင်းလောက်မှာ ပိုးရှိမရှိ စစ်ဆေးခံယူကြည့်ပါ။

ကိုယ်တိုင်မှာလည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာ တစ်မျိုးမျိုး ရှိနေနိုင်မလားဆိုတာကို အထူး ဂရုစိုက်ပြီး စောင့်ကြည့်စစ်ဆေးနေပါ။

"အခုအချိန်မှာ ရောဂါလက္ခဏာအားလုံးကို အသေအချာအလေးအနက်ထားပြီး စောင့်ကြည့်သင့်ပါတယ်။ လူအတော်များများက ဒါ ချောင်းဆိုးတာပါ၊ နှာစေးတာပါဆိုပြီး ပေါ့ပေါ့ သဘောထားတတ်ကြတယ်။ အဲဒီလို ရောဂါလက္ခဏာ ရှိရင်လည်း ဂရုစိုက်ပါ၊ အိမ်မှာပဲ နေပါ။ သာမန်လက္ခဏာလေးပါဆိုတာကနေ ကြီးကျယ်တဲ့ ပိုးကူးစက်ခံရတဲ့ အန္တရာယ်ကြီး ဖြစ်သွားနိုင်ပါတယ်" လို့ ဒေါက်တာ ဂျူလီယာနာ လာပါက ပြောပါတယ်။

၇။ သတိမလျော့ မပေါ့လိုက်ကြပါနဲ့။

လပေါင်းအတော်ကြာကြာ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရ မဆုံကြရဘဲ နေနေခဲ့ရတာမို့ အခုလို နှစ်စဉ်ဆုံနေကျ ပွဲတော်ကာလမှာ ဆုံခြင်ကြမယ်၊ စကားပြောချင်ကြမယ်၊ မိသားစုချင်း ထွေးပွေ့ချင်ကြမယ်ဆိုတာ နားလည်နိုင်စရာပါ။ ဒါပေမဲ့ သတိတစ်ချက်လွတ် ပေါ့ဆလိုက်တာနဲ့ ကိုယ့်ကို တိုက်ခိုက်မယ့် အန္တရာယ်ကြီးကလည်း စောင့်နေတယ်ဆိုတာ မမေ့စရာပါ။ အထူးသဖြင့် အရက်ပါပါလာပြီဆိုရင် သတိတရားတွေ လျော့ရဲကုန်တတ်တဲ့ အကြောင်း ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

စည်းကမ်းသတ်မှတ်ချက်တွေ လျှော့ပေးလိုက်ရင် ခရစ္စမတ်ပြီးတာနဲ့ "မလိုအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ" တွေ့လာရနိုင်တယ်လို့ ဒေါက်တာ အက်စတေဗာယို အာဗာနိုက ပြောပါတယ်။

အဲဒါမျိုးက အချိန်ပိုကျမှ ဘောလုံးပွဲကို ရှုံးလိုက်ရသလိုမျိုးလို့ သူက ခိုင်းနှိုင်းပြပါတယ်။

"ကာကွယ်ဆေးရနေပြီ၊ ထိုးရခါလည်း နီးလာနေကြပါပြီ။ ဒါကြောင့် ဒီ ခရစ္စမတ်ကာလလေးမှာ မပေါ့လိုက်ကြပါနဲ့၊ တောင့်ထားလိုက်ကြပါဦး" လို့ သူက အလေးအနက်သတိပေးသွားခဲ့ပါတယ်။