Time မဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် ဘိုင်ဒန်နဲ့ ဟဲရစ် ရွေးချယ်ခံရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

အမေရိကန်က ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတအဖြစ် တွဲဖက်ရွေးကောက်ခံတဲ့ ကာမလာ ဟဲရစ်တို့ နှစ်ဦးကို ၂၀၂၀ ခုနှစ်အတွက် TIME မဂ္ဂဇင်းကြီးက အထူးခြားဆုံးပုဂ္ဂိုလ် (Person of the Year) အဖြစ် ရွေးချယ်ခဲ့ပါတယ်။

"ဘိုင်ဒန်-ဟဲရစ် ပူးတွဲရွေးကောက်ပွဲဝင်တာဟာ သမိုင်းဝင် ဖြစ်ရပ်တခုကို ကိုယ်စားပြုတယ်"လို့ TIME မဂ္ဂဇင်းကြီးက တွစ်တာမှာ ရေးသားထားပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ခံ သမ္မတနဲ့ ဒုသမ္မတတို့ဟာ နောက်ဆုံး ဆန်ကာတင်စာရင်းထဲမှာပါတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေ တိုက်ဖျက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဒေါက်တာ အန်သနီဖောင်ချီ၊ လူမျိုးရေး တန်းတူညီမျှမှုရဖို့ လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ကို ကျော်လွန်ပြီး အရွေးချယ်ခံရတာဖြစ်ပါတယ်။

TIME မဂ္ဂဇင်းကြီးဟာ ၁၉၂၇ ခုနှစ်ကတည်းက စပြီး တနှစ်တာအတွင်း လွှမ်းမိုးမှုအရှိဆုံး၊ အထူးခြားဆုံးသူတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

"အမေရိကန် ပုံရိပ်ကို ပြောင်းလဲပေးတာ၊ စာနာမျှဝေခံစားမှုဟာ ခွဲခြားဆက်ဆံမှုထက် ပိုပြီး ကြီးမြတ်တယ်ဆိုတာ ပြသတာ၊ နာကျင်ခံစားနေရတဲ့ ကမ္ဘာကြီးကို ကုစားနိုင်တဲ့ အမြင်တခုကို မျှဝေခဲ့တဲ့အတွက် ဂျိုးဘိုင်ဒန်နဲ့ ကာမလာ ဟဲရစ်တို့ နှစ်ဦးဟာ TIME မဂ္ဂဇင်းကြီးရဲ့ ၂၀၂၀ ခုနှစ် အထူးခြားဆုံး ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ TIME မဂ္ဂဇင်း အယ်ဒီတာချုပ် အက်ဒ်ဝဒ် ဖယ်ဆင်သော က ရေးသားထားပါတယ်။

TIME မဂ္ဂဇင်းကြီးရဲ့ ကနဦး ဆန်ကာတင်စာရင်းထဲမှာ မပါခဲ့တဲ့ မစ္စတာ ဘိုင်ဒန်နဲ့ မစ္စ ဟဲရစ်တို့ နှစ်ဦးကတော့ ဒီကြေညာချက်နဲ့ ပတ်သက်လို့ လူသိရှင်ကြား မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။

၂၀၁၆ ခုနှစ်မှာ ရွေးကောက်ခံ သမ္မတ ထရမ့်ကလည်း အခုလိုမျိုး တနှစ်တာ အထူးခြားပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။

၁၂ လတာ ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ်မှာ "ပိုပြီး ကောင်းသွားတာပဲ ဖြစ်ဖြစ် ဆိုးသွားတာပဲ ဖြစ်ဖြစ်" တနည်းနည်းနဲ့ သက်ရောက်မှု အရှိဆုံး လူပုဂ္ဂိုလ်၊ အဖွဲ့၊ အတွေးအခေါ် ဒါမှမဟုတ် အကြောင်းအရာတခုကို TIME မဂ္ဂဇင်းကြီးက နှစ်စဉ် ရွေးချယ်လေ့ ရှိပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ တနှစ်တာအတွင်း အထူးခြားဆုံး ပုဂ္ဂိုလ်ထဲမှာ စီးပွားရေးလုပ်ငန်းရှင်၊ ဖျော်ဖြေရေးသမား၊ အားကစားသမားနဲ့ ကာကွယ်စောင့်ရှောက်သူများ စတဲ့ အမျိုးအစားတွေကိုပါ တိုးချဲ့ ရွေးချယ်ခဲ့ပါတယ်။

ဒီနှစ်အတွက် ရွေးချယ်ခြင်း ခံရသူတွေကို ကြည့်ကြရအောင်ပါ။

တနှစ်တာ အထူးခြားဆုံး ကာကွယ်စောင့်ရှောက်သူများ

  • ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အဓိက ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါက်တာ အန်သနီ ဖောင်ချီ နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ "ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ကမ္ဘာ့တဝန်း ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေ လူသားဆန်မှု ကိုယ်ချင်းစာတရား အရှိဆုံးကို ပြသခဲ့ကြတယ်။ ဗိုင်းရပ်စ်ပိုးကို သူတို့တတ်နိုင်သလောက် ကာကွယ်ကြရာမှာ ကိုယ်ကျိုးမငဲ့ဘဲ မေတ္တာတရားအပြည့်ထားပြီး အားသွန်ခွန်စိုက် ဇွဲသတ္တိကောင်းကောင်းနဲ့ ဆောင်ရွက်ခဲ့ကြတယ်" လို့ TIME မဂ္ဂဇင်းကြီးက ရေးသားထားပါတယ်။
  • ပို့ရှ် ဘန့်နက်ဘေး၊ အာဆာ ထရောက်ရေးနဲ့ လူမျိုးရေး တန်းတူညီမ ွ်မှု ရဖို့ ဆောင်ရွက်ခဲ့သူတွေလည်း ပူးတွဲရွေးချယ်ခံခဲ့ရပါတယ်။ "မေလတုန်းက မီနီအပ်ပိုးလစ်စ်မြို့မှာ လူမည်းအမျိုးသား ဂျော့ဂ်ျ ဖလွိုက် အသတ်ခံခဲ့ရတုန်းက အမေရိကန်မှာ လူမည်းတွေရဲ့ အသက်ကို တန်းတူသဘောထား ဆက်ဆံတာ မရှိသေးဘူးဆိုတာ သက်သေပြလိုက်တာဖြစ်တယ်။ သူသေဆုံးပြီးနောက်ပိုင်း ဆန္ဒပြမှုတွေ တဟုန်ထိုး ပေါ်ပေါက်လာခဲ့ပြီး ဒီလှုပ်ရှားမှုတွေကို စီစဉ်သူတွေက ကြိုးကိုင်ခဲ့တယ်။ လူ သန်းနဲ့ချီ လမ်းမတွေပေါ်ထွက်လာပြီး ကမ္ဘာမြေကြီးမှာ မမျှတမှုတွေ ရှိနေတဲ့အကြောင်းတွေကို မီးမောင်းထိုးပြခဲ့ကြတယ်" လို့လည်း Time မဂ္ဂဇင်းကြီးက ရေးသားထားပါတယ်။

တနှစ်တာ အထူးခြားဆုံး စီးပွားရေးလုပ်ငန်းရှင်

• Zoom ကုမ္ပဏီ တည်ထောင်သူ အဲရစ် အက်စ် ယွမ်က ၂၀၂၀ ခုနှစ်အတွက် အထူးခြားဆုံး စီးပွားလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ "Zoom အပီလီကေးရှင်းဟာ သီးခြားခွဲနေရတဲ့ အချိန်ကာလမှာ လူမှုအသိုင်းအဝိုင်းကို အားပေးဖို့အတွက် အသက်သွေးကြာတခု ဖြစ်လာခဲ့တယ်" လို့လည်း TIME မဂ္ဂဇင်းကြီးက ဆိုပါတယ်။

တနှစ်တာ အထူးခြားဆုံး အားကစားသမား

• အမေရိကန် ဘက်စကတ်ဘော အကျော်အမော် လီဘရွန် ဂျိမ်းစ်ကို ၂၀၂၀ ခုနှစ်အတွက် အထူးခြားဆုံး အားကစားသမားအဖြစ် Time မဂ္ဂဇင်းက ရွေးချယ်ခဲ့ပါတယ်။

တနှစ်တာ အထူးခြားဆုံး ဖျော်ဖြေရေးသမား

၂၀၂၀ ခုနှစ်အတွက် အထူးခြားဆုံး ဖျော်ဖြေရေးသမားအဖြစ် တောင်ကိုရီးယား ပေါ့အဖွဲ့ဖြစ်တဲ့ BTS တေးဂီတအဖွဲ့ကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ Time မဂ္ဂဇင်းကြီးရဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ကြဖို့ ကမ္ဘာတဝန်း လှုပ်ရှားမှုတခုကို စေ့ဆော်ခဲ့တဲ့ ဆွီဒင်ကျောင်းသူလေး ဂရက်တာ သွန်းဘတ်ခ် ရွေးချယ်ခံခဲ့ရပါတယ်။

အဲဒီတုန်းက အသက် ၁၆ နှစ်သာ ရှိသေးတဲ့ သွန်းဘတ်ခ်ဟာ အခုလို ရွေးချယ်ခံရဖို့ အဆိုပြုခံရသူတွေထဲက အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

အရင်တုန်းက ရွေးချယ်ခံရဖူးတဲ့ သူရဲကောင်းတွေနဲ့ လူဆိုးများ

ပုပ် ဖရန်စစ်

တောင်နဲ့မြောက် အမေရိကတိုက်ကနေ ကမ္ဘာ့ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာတဲ့ ဖရန်စစ်ကို ၂၀၁၃ ခုနှစ်ရဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ရွေးချယ်ခဲ့ပါတယ်။

အာဂျင်းတီးနားနွယ်ဖွား ဟိုဟေး မာရီယို ဘာဂိုဂလီယိုဟာ အဲဒီနှစ် မတ်လထဲမှာ ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့ပြီး လူမှုအသိုင်းအဝိုင်းကြား ဆင်းရဲမွဲတေမှုကို အာရုံစိုက်ဖို့အတွက် ဒီရာထူးအတွက် ခမ်းနားထည်ဝါမှု အဆောင်အယောင်တွေကို ငြင်းပယ်ခဲ့သူဖြစ်ပါတယ်။

ဗလာဒီမီယာ ပူတင်

၂၀၀၇ ခုနှစ်မှာတော့ မစ္စတာ ထရမ့်က သူအထင်ကြီး လေးစားရသူလို့ ထပ်တလဲလဲ ပြောဆိုခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကို TIME ကနေ အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ TIME မဂ္ဂဇင်းကြီးဟာ မစ္စတာ ပူတင်ကို အထင်ကြီးသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

"TIME မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ တနှစ်တာ အထူးခြားဆုံး ပုဂ္ဂိုလ်ဟာ လေးစားဂုဏ်ပြုမှုတခု မဟုတ်ပါဘူး။ ထောက်ခံချက်တခု မဟုတ်ပါဘူး" လို့ အဲဒီခုနှစ်တုန်းက ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အယ်ဒီတာ အာဘော်မှာ ရှင်းလင်းခဲ့ပါတယ်။

"ဒါဟာ ထင်ပေါ်ကျော်ကြားမှု ပြိုင်ပွဲတရပ် မဟုတ်ပါဘူး။ ပိုပြီး ဆိုးသွားတာပဲ ဖြစ်ဖြစ် ကောင်းသွားတာပဲဖြစ်ဖြစ် ကမ္ဘာကြီးကို ပုံဖော်နေကြတဲ့ အင်အားစုတွေနဲ့ အာဏာအရှိဆုံး တဦးတယောက်ချင်းကို အသိအမှတ်ပြုတာနဲ့ ကမ္ဘာကြီးရဲ့ အသိအမှတ်ပြုမှု တခု သာ ဖြစ်တယ်" လို့လည်း ဆိုပါတယ်။

မာတင် လူသာကင်း

အများပြည်သူ အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာတင် လူသာကင်းကို ၁၉၆၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

"ကျွန်တော့်မှာ အိပ်မက်တခု ရှိတယ်" ဆိုတဲ့ သူ့ရဲ့ အထင်ကရ မိန့်ခွန်းကို အဲဒီနှစ်မှာပဲ လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံကနေ သူ့ပြောကြားခဲ့တာဖြစ်ပါတယ်။

မာတင်လူသာကင်းဟာ သတင်းစာမျက်နှာဖုံးမှာ နေရာယူလာတဲ့ ပထမဆုံး အာဖရိက-အမေရိကန် ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အောင်မြင်မှုတင် မဟုတ်ပဲ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှုရဲ့ အောင်မြင်မှု ဖြစ်တယ်လို့ သူ ယူဆတဲ့အကြောင်း နောက်ပိုင်းမှာ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

ကင်းဟာ နောက်နှစ်မှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကိုလည်း လက်ခံရရှိခဲ့ပါတယ်။

အဒေါ့ဖ် ဟစ်တလာ

တနှစ်တာ အထူးခြားဆုံး ပုဂ္ဂိုလ် ဆိုတာဟာ ''ဂုဏ်ပြုဖို့'' မဟုတ်ဘူးဆိုတာကို ထင်ရှားစေတဲ့ သာဓကတခုကတော့ ၁၉၃၈ တုန်းက ဖော်ပြခံရတဲ့ ဟစ်တလာပဲ ဖြစ်ပါတယ်။

ဖက်ဆစ် အာဏာရှင် ဟစ်တလာရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူဟာ ''ခြောက်လှန့်ခံထားရတဲ့၊ ချိနဲ့နေတဲ့ ကမ္ဘာကြီးရဲ့ မျက်လုံးတွေအောက်မှာပဲ သြစတြီးယားကို ခိုးယူခဲ့သူ''လို့ TIME က ဖော်ပြခဲ့ပါတယ်။

သူကြောင့် နောက်နှစ် ၁၉၃၉ ဟာ အမှတ်ရစရာ နှစ်တနှစ် ဖြစ်လာနိုင်တယ်လို့လည်း ရေးခဲ့ပါတယ်။