ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန် အမျိုးသမီး သတင်းသမားတစ်ဦး ယာဥ်မောင်းနဲ့အတူ ပစ်သတ်ခံရ
နိုင်ငံအနှံ့ လုပ်ကြံသတ်ဖြတ်မှုတွေ အရှိန်မြင့်လာနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရှေ့ပိုင်းမှာ အမျိုးသမီး သတင်းသမားတစ်ဦး ဒီဇင်ဘာလ ၁၀ ရက်နေ့ ကြာသပတေးနေ့က လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါတယ်။
မာလာလာ မေဝမ့် လို့ခေါ်တဲ့ အမျိုးသမီး သတင်းသမားတစ်ဦးဟာ ဂျာလာလာဘတ်မြို့က အလုပ်ရှိရာကို အသွားမှာ သေနတ်သမားတွေက သူစီးလာတဲ့ကားကို ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ သူရဲ့ ကားဒရိုင်ဘာလည်း သေဆုံးသွားခဲ့ပါတယ်။
ဘယ်အဖွဲ့အစည်းကမှ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တရားဝင်ပြောတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂနဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ နေတိုးတို့က ရှုတ်ချကြောင်း ထုတ်ပြန်ချက် ထွက်လာပြီးတဲ့နောက်မှာ ဒီသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်၊
အမည်မသိ သေနတ်သမားတွေက လုပ်ငန်းခွင်ရှိရာကိုသွားနေတဲ့ အာဖဂန်နစ္စတန် Enikass ရုပ်သံနဲ့ ရေဒီယို သတင်းထောက် မေဝမ့်ကို လုပ်ကြံခဲ့တာလည်းဖြစ်ပါတယ်။
သေနတ်သမားတွေဟာ အဲ့ဒီဒေသကနေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ဒေသခံ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်၊
အာဖဂန်မှာ အမျိုးသမီး သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အကြောင်း ပြောဆိုခဲ့တဲ့ မာလာလာ မေဝမ့်ဟာ အရပ်ဘက်လူ့အဖွဲ့စည်းတွေမှာ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
သူ့ရဲ့မိခင်ဟာလည်း တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ငါးနှစ်က အမည်မသိသေနတ်သမားတွေ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်၊
အာဖဂန်နစ္စတန်က ဗြိတိသျှသံအမတ်ကြီးကတော့ အမျိုးသမီးသတင်းသမား မေဝမ့် လုပ်ကြံ သတ်ဖြတ်ခံရတာကို ဝမ်းနည်းကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်းသူ့ရဲ့တွစ်တာအကောင့်မှာရေးပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ရက်နေ့က တနင်္ဂနွေနေ့ကလည်း ကဘူးလ်မြို့မှာအစိုးရရှေ့နေတစ်ဦးဟာ ဦးတည် ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
အာဖဂန်မှာ သတင်းသမားတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေဟာ မကြာသေးမီက နိုင်ငံမှာ ဖြစ်ပွားနေခဲ့တဲ့ တိုက်ခိုက်မှုတွေ မှာ ပစ်မှတ်ထားခံနေခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အာဖဂန်မှာ လူသိများထင်ရှားတဲ့ ရုပ်သံ သတင်းတင်ဆက်သူတစ်ဦးဟာ ဗုံးနဲ့ တိုက်ခိုက်တာ ခံခဲ့ရပြီး အခြားလူနှစ်ဦးနဲအတူ သေဆုံးခဲ့ပါတယ်။ဒါအပြင် လာ့ရှ်ကာဂါ မြို့မှာ ရေဒီယို သတင်းထောက်တစ်ဦးဟာ ကားဗုံးနဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သလို အာဖဂန်က ပထမဆုံး အမျိုးသမီး ဒါရိုက်တာတစ်ဦး သေနတ်ပစ်ခတ်ခံရတာရှိခဲ့ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသမီး ရုပ်သံဒါရိုက်တာ ဆာဗာဆာဟာ ကတော့ အသက်ရှင်ခဲ့ပါတယ်။
မေဝမ့် အခုလို လုပ်ကြံသတ်ဖြတ်ခံရမှုက အာဖဂန်က အမျိုးသမီး သတင်းသမားများအတွက် လုပ်ငန်းနယ်ပယ် ပိုကျဥ်းလာပြီးတော့ သတင်းသမားတွေဟာ သူတို့အလုပ်တွေကို အရင်ကလို ဆက်လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ အာဖဂန်က သတင်းမီဒီယာတွေကို အထောက်အပံပေးနေတဲ့ Nai အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊
အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေလုပ်နေချိန်မှာ အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ ရက်ပိုင်းက အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့အတွက် တာလီဘန် ဒုတိယခေါင်းဆောင် မူလာဘာရာဒါနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးစေ့စပ်သူ အဗ္ဗဒူလာ ဟာကင် တို့ဟာ အမေရိကန် အထူးကိုယ်စားလှယ် ဇာလ်မေ ခါလီဇက်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။