ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို အသက် ၉၀ အရွယ်အဘွားအိုကို ထိုးပေးခဲ့
ယူကေနိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးရေး စီမံကိန်းကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ စတင်လိုက်ပါပြီ။
ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးခွင့် ရသူကတော့ အသက် ၉၀ အရွယ် အဘွားအိုတစ်ဦးပါ။ လာမယ့် သီတင်းပတ်မှာ အသက် ၉၁ နှစ် ပြည့်မယ့် မာဂရက် ကီးနန် က ဒါဟာ သူ့အတွက် "အကောင်းဆုံး မွေးနေ့အကြိုလက်ဆောင်" ဖြစ်တယ်လို့ ပြောပါတယ်။
ယူကေမှာလာမယ့် သီတင်းပတ်တွေအတွင်း အများပြည်သူကို ထိုးပေးမယ့် ဖိုင်ဇာ Pfizer/BioNTech ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ၈ သိန်းထဲက ပထမဆုံးအလုံးကို မာဂရက် ကီးနန် ထိုးခွင့်ရခဲ့တာပါ။
ဒီလမကုန်ခင် ကိုဗစ်ကာကွယ်ဆေး နောက်ထပ် ဆေးအလုံးပေါင်း ၄ သန်းလောက် ထိုးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီစီမံကိန်းအရ ခံနိုင်ရည်အား အနည်းဆုံးသူတွေကို ဒီကာကွယ်ဆေး အရင်ဆုံး ထိုးပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး အသက် ၈၀ ကျော်ပိုင်း လူကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်သူ လူနာစောင့်ဝန်ထမ်းတွေ ပထမဆုံး ထိုးခွင့်ရကြမှာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီခွဲမှာ ကွန်ဗန်ထရီမြို့ ယူနီဗာစီတီဆေးရုံမှာ သူနာပြုဆရာမ မေ ပါဆန်စ် က ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို မာဂရက် ကီးနန်ကို ထိုးပေးခဲ့ပါတယ်။
"ကိုဗစ်ကာကွယ်ဆေး ပထမဆုံး ထိုးခွင့်ရသူ ဖြစ်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါဟာ ကျွန်မအတွက်တော့ အကောင်းဆုံး မွေးနေ့အကြိုလက်ဆောင်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုဗစ်ကြောင့် အခုနှစ်တနှစ်လုံးနီးပါး ဘယ်သူနဲ့မှ မတွေ့ရဘဲ တစ်ယောက်တည်း ခွဲနေနေခဲ့ရတာ၊ အခုတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကို မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ဆင်နွှဲနိုင်တော့မှာမို့ပါ"လို့ မာဂရက် ကီးနန်က ပြောပြပါတယ်။
"ကျွန်မ အကြံပေးချင်တာကတော့ ဒီကာကွယ်ဆေး ထိုးခွင့်ရမယ် ဆိုရင် ထိုးသာထိုးပါ။ အသက် ၉၀ အရွယ် ကျွန်မတောင် ထိုးရဲသေးရင် ရှင်တို့လည်း ထိုးနိုင်ရမှာပါ"လို့ သူက ပြောပါတယ်။
မြောက်ပိုင်း အိုင်ယာလန်မှာတော့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ဘဲလ်ဖတ်စ်မြို့ ရွိုင်ယယ်လ် ဗစ်တိုးရီးယားဆေးရုံမှာ သူနာပြုဆရာမ ဂျိုအန်းနာ ဆလုန်း က ထိုးခွင့်ရခဲ့ပါတယ်။
ဝေလပြည်နယ်ရဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကိုတော့ အသက် ၄၈ နှစ်အရွယ် ခရေ့ဂ် အက်တ်ကင်စ် က ထိုးခွင့် ရခဲ့ပါတယ်။ "မထိုးခင်တုန်းက ကြောက်ဒူးတုန်နေခဲ့ပေမဲ့ အခုတော့ ပြုံးနိုင်ပါပြီ"လို့ သူက ပြောပါတယ်။
ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးကို ဘေးကင်းစိတ်ချစွာ သုံးနိုင်ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့အပြီးမှာ ယူကေနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။
ရှေ့လျှောက် ခရီးရှည်ကြီး ဆက်နှင်ရဦးမှာ ဖြစ်ပေမဲ့ ဒါဟာ ထွက်ပေါက်ရဖို့ လမ်း ဖြစ်ပါတယ်လို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီး မက်တ် ဟန်းကော့ခ် က ဘီဘီစီကို ပြောပါတယ်။
လန်ဒန်မြို့က ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရခဲ့သူ အသက် ၈၂ နှစ်အရွယ် လင်း ဝှီလာ ကိုလည်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဂိုင်းစ် ဆေးရုံမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဗြိတိန်နိုင်ငံအတွက် ကိုယ်စားပြုပြီး ဒီကာကွယ်ဆေးကို ထိုးခဲ့တာပါ လို့ သူက ပြောသွားတာ ကြားလိုက်ရတော့ အတော့်ကို စိတ်ကြည်နူးမိခဲ့ရပါတယ်။ သူပြောတာ တကယ့်ကို မှန်ပါတယ်။ ဒါဟာ သူ့ကိုသူ ကာကွယ်တာတင်မက နိုင်ငံတစ်ခုလုံးကို ကာကွယ်ဖို့ ကူညီခဲ့တာပါ"လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။
အစောပိုင်းတုန်းက ဝန်ကြီးချုပ်က ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုဌာန၊ ဒီကာကွယ်ဆေး ထုတ်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေ၊ ပရဟိတ ဆောင်ရွက်သူတွေနဲ့ ဒီရောဂါကနေ တခြားလူတွေကို ကာကွယ်ဖို့အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့ကြသူအားလုံးကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ယူကေနိုင်ငံမှာ ဒီကာကွယ်ဆေးကို မထိုးမနေရ ထိုးဖို့ အတင်းအကျပ် ညွှန်ကြားထားတာ မရှိပါဘူး။
လာမယ့် သီတင်းပတ်တွေအတွင်း ပြည်သူလူထုကို ထိုးပေးဖို့ ဖိုင်ဇာ ဘိုင်အိုတက်ခ် ကာကွယ်ဆေး ၈ သိန်းလောက်ကို အစိုးရက ရထားပြီး ဖြစ်ပါတယ်။
လူတစ်ယောက်ကို ဆေးနှစ်ကြိမ် ထိုးဖို့ လိုအပ်တဲ့အတွက် လူဦးရေ သန်း ၂၀ အတွက် ကာကွယ်ဆေး စုစုပေါင်း သန်း ၄၀ ကို မှာယူထားပြီး ဖြစ်ပါတယ်။
နောက်ထပ် ဆေး ၄ သန်းလောက် ဒီလကုန်ပိုင်း မတိုင်ခင် ယူကေနိုင်ငံကို ရောက်လာဖို့ ရှိတယ်လို့ အစိုးရ သတင်းရပ်ကွက်က ပြောနေပေမဲ့လည်း အများစုကတော့ လာမယ့်နှစ်ရောက်တဲ့အထိ ရမယ့်ပုံ မရှိသေးပါဘူး။
ပထမ အုပ်စု ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာစောင့်ဝန်ထမ်းတွေနဲ့ အသက် ၈၀ ကျော်သူတွေကို ကာကွယ်ဆေး ထိုးမှုက သီတင်းပတ်ပေါင်းများစွာ ကြာနိုင်တယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မစ္စတာ ဟန်ကော့ခ်က ပြောပါတယ်။
ဗြိတိန်နိုင်ငံ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ စတီဖန် ပိုဝစ်စ်က ဒီကာကွယ်ဆေးစီမံကိန်း စတင်လိုက်နိုင်တာဟာ မျှော်လင့််ချက် လမ်းစ ပွင့်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၂၀ ခုနှစ်ဟာ ဒုက္ခဆင်းရဲ ရောက်ခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပေမဲ့ လာမယ့် လပိုင်းတွေမှာ လူတွေရဲ့ဘဝ ပုံမှန် ပြန်ဖြစ်လာတော့မယ်လို့ သူက ပြောပါတယ်။
ဒီ ကိုဗစ်ကာကွယ်ဆေးဟာ စိတ်အချရဆုံး ဆေးတစ်မျိုး ဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်နဲ့ ထိုးကြဖို့ကိုလည်း သူက ပြောသွားခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို လူထောင်ပေါင်းများစွာ စမ်းသပ် ထိုးခဲ့ကြပြီး ဖြစ်ပြီး သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေကလည်း လက်ခံ အတည်ပြုခဲ့ကြပြီး ဖြစ်တာမို့ ဒီကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြဖို့ သူက တိုက်တွန်းပြောခဲ့ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးရုံကို မလာကြဖို့ ပြည်သူတွေကို ညွှန်ကြားထားပါတယ်။
အသက် ၉၀ အရွယ် အဘွားအိုတစ်ဦးဆိုရင် သတင်းထဲမှာ ကြားပြီး ကာကွယ်ဆေးထိုးဖို့ နယူးကာဆယ်လ် ဆေးရုံကို ပေါက်ချလာတယ်လို့ ဆေးရုံပြောခွင့်ရသူက ပြောပါတယ်။ ကိုယ့်အလှည့်ရောက်ရင် ဆေးလာထိုးဖို့ကို သက်ဆိုင်ရာက အကြောင်းကြားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီဘီစီ ကျန်းမာရေးသတင်းထောက် မီရှဲလ် ရောဘတ်စ်ရဲ့ သုံးသပ်ချက်
စိတ်ချရပြီး ထိရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးကို တစ်နှစ်အတွင်းမှာတင် စတီထွင်ပြီး အတည်ပြု ထုတ်နိုင်ဖို့က အံ့သြစရာ အောင်မြင်မှုကြီး တစ်ခု ဖြစ်ပါတယ်။ ဒီလို ဖြစ်လာနိုင်မယ်လို့ အတော်များများက မထင်ထားခဲ့ကြပါဘူး။
အခုတော့ ဒီကာကွယ်ဆေး ထုတ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အလိုအပ်ဆုံးသူတွေဆီ ဒီဆေး ရောက်နိုင်ဖို့က နောက်ထပ် ကြုံတွေ့ရမယ့် အခက်အခဲ တစ်ခု ဖြစ်ပါတယ်။
လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဘဝတွေ ပျက်စီးစေခဲ့တဲ့ ဒီကပ်ရောဂါဘေးကြီးကနေ လွတ်မြောက်နိုင်တော့မယ့် မှတ်တိုင်တစ်ခုအဖြစ် ယူကေနိုင်ငံမှာ ဒီအံ့မခန်းစရာ ကာကွယ်ဆေး စီမံကိန်းကြီးကို အင်တိုက်အားတိုက် စတင်လိုက်ပါပြီ။
ကာကွယ်ဆေး ပထမဆုံး ထိုးခွင့်ရသူတွေဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရမယ့် အန္တရာယ်၊ အသက်အန္တရာယ် ရှိသူတွေနဲ့ သူတို့ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူတွေ ဖြစ်ပါတယ်။
လာမယ့်ရက်ပိုင်း၊ သီတင်းပတ်ပိုင်း၊ လပိုင်း အတွင်း နောက်ထပ် လူ သန်းနဲ့ချီ ကာကွယ်ဆေး ထိုးခွင့်ရတော့မှာပါ။
ဒီလို ထိုးနိုင်ဖို့အတွက် နေ့ညမပြတ် လုပ်ကိုင်ပေးရမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ ကိုယ့်သဘောဆန္ဒနဲ့ လုပ်အားပေးသူတွေ နောက်ထပ် ထောင်ပေါင်းများစွာ လိုမှာ ဖြစ်တာမို့ ကြီးမားတဲ့ စိန်ခေါ်မှုကြီး တစ်ခုနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။
ဒါပေမဲ့ ဦးစားပေးစာရင်းမှာ ပါသူ အများစုဟာ အခု နွေဦးပေါက် ရာသီမတိုင်ခင် ဖိုင်ဇာ ဘိုင်အိုတက်ခ် ကာကွယ်ဆေး ထိုးနိုင်တော့မှာ ဖြစ်သလို မကြာခင် အောက်စဖို့ဒ် ကာကွယ်ဆေး အတည်ပြုနိုင်ခဲ့ရင်လည်း အဲဒီဆေးကို ထိုးနိုင်ကြမယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့်နေကြပါတယ်။