သြစတြီးယားမြို့တော် ဗီယင်နာက 'အစ္စလာမ်မစ် အကြမ်းဖက်' ပစ်ခတ်မှု

ရေးသားခဲ့သည်။

သြစတြီးယား မြို့တော် ဗီယင်နာမှာ လူ ၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ရဲတွေက သံသယတရားခံ သေနတ်သမားတွေကို လိုက်ဖမ်းဖို့ကြိုးစားနေပြီး ပြည်သူတွေကို လမ်းတွေပေါ် မထွက်ဖို့ တိုက်တွန်းနေပါတယ်။

သေနတ် သမား တစ်ယောက်ကို သြစတြီးယား ရဲတွေက ပစ်သတ်ခဲ့ပြီး အဲဒီသူဟာ အသက် ၂၀ အရွယ် "အစ္စလာမ်မစ် အကြမ်းဖက်သမား" လို့ သူတို့က ဆိုပါတယ်။ အဲဒီသူဟာ ဒီဇင်ဘာလတွင်းက ထောင်ထဲကနေ လျှော့ရက်နဲ့ လွှတ်ပေးလိုက်တဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၁၇ ယောက်ရှိပြီး သူတို့ထဲက ၇ ယောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားပါတယ်။ သေနတ်သမားတွေဟာ မြို့လယ်က နေရာ ၆ နေရာမှာ ဒေသစံတော်ချိန် တနင်္လာနေ့ ညပိုင်းက တိုက်ခိုက်ခဲ့ကြတာပါ။

ပစ်ခတ် အသတ်ခဲ့ရသူတွေဟာ အမျိုးသား နှစ် ယောက်နဲ့ အမျိုးသမီး နှစ် ယောက်ဖြစ်ပါတယ်။

သြစတြီးယား ဝန်ကြီးချုပ် ဆေဗက်စီယန် ကာ့ဇ် က သေဆုံးခဲ့ရသူ ၄ ယောက်ဟာ အသက်ကြီးတဲ့ အမျိုးသမီး တစ်ယောက် နဲ့ အမျိုးသား တစ်ယောက်၊ နောက် လမ်းပေါ်မှာသွားလာနေတဲ့ လူငယ် တစ်ယောက်၊ စားပွဲထိုးအမျိုးသမီး တစ်ယောက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေက သေနတ်သမားတွေဟာ ဘားတွေအပြင်ဘက်က လူတွေကို သေနတ်နဲ့ပစ်ခတ်တာ၊ ဆိုင်ထဲကို ဝင်ပုန်းတဲ့သူတွေကို နောက်က လိုက်ပြီး ပစ်ခတ်ကြတာကို တွေ့ခဲ့ရတယ်လို့ ပြန်ပြောပြကြပါတယ်။

ဝန်ကြီးချုပ်က ဒီတိုက်ခိုက်မှုကို လုပ်တဲ့သူတွေဟာ "ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှု ပုံစံတွေ၊ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ" ကို မုန်းတီးနေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ နိုင်ငံအနေနဲ့ ခရစ်ယာန်နဲ့ မွတ်စလင်အကြား စစ်ပွဲခင်းတာ မဟုတ်ကြောင်း ပြောခဲ့ပြီး "ယဉ်ကျေးတဲ့လူမှု အသိုင်းအဝိုင်းနဲ့ အရိုင်းအစိုင်းဝါဒ အကြား" တိုက်ပွဲဆင်နေရတာဖြစ်တယ်လို့ အလေးအနက်ထားပြီး သူက ပြောခဲ့ပါတယ်။

အစ္စလာမ်မစ်နိုင်ငံ အိုက်အက်စ် နဲ့ ဆက်နွယ်မှုရှိ

ပြည်ထဲရေးဝန်ကြီ ကားလ် နေဟမ်မာက သေဆုံးသွားပြီဖြစ်တဲ့ သေနတ်သမားဟာ "အစ္စလာမ်မစ် အကြမ်းဖက်သမား"တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ အသက် ၂၀ အရွယ်ရှိပြီ ဖြစ်တဲ့ ဒီလူငယ်ဟာ ဆီးရီးယားက အိုင်အက်စ် ဂျီဟတ်ဒ်ဝါဒီတွေနဲ့ သွားရောက်ပူးပေါင်းဖို့ ကြိုးပမ်းခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ် ဧပြီလက ထောင်ဒဏ် ၂၂ လ ကျခံခဲ့ရသူဖြစ်ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ လူငယ်အကျဉ်းသားတစ်ယောက် ရထိုက်တဲ့ လျှော့ရက်တွေခံစားရပြီး ထောင်က ပြန်လွတ်လာတဲ့သူပါ။

မစ္စတာ နေဟမ်မာက ပြည်သူတွေကို ဖြစ်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့နဲ့ ကလေးတွေ အင်္ဂါနေ့မှာ ကျောင်းမသွားကြဖို့ တိုက်တွန်းထားပါတယ်။

သြစတြီးယား နိုင်ငံက Der Standard သတင်းစာက မြို့လယ်မှာ ဆိုင် ၉၀ ရာခိုင်နှုန်းလောက်က ပိတ်ထားတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်တိုက်ခိုက်ခဲ့ရသူတွေဟာ မြို့လယ်တစ်ဝိုက်မှာ အဲဒီအချိန်က ရှိနေသူတွေဖြစ်ပြီး အဲဒီမြို့လယ်မှာက ဘားတွေ၊ စားသောက်ဆိုင်တွေမှာ လူတွေနဲ့ စည်ကားနေတတ်သလို ဗီယင်နာက အဓိက ဂျူးဘုရားရှိခိုး ကျောင်းဟာလည်း အနီးအနားမှာ ရှိတာပါ။

လမ်းတချို့ကို ရဲတွေက ပိတ်ဆို့ထားပြီး သြစတြီးယား စစ်တပ်ကလည်း သူတို့ကို အကူအညီ ပေးနေတာ တွေ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ နေဟမ်မာက သေသွားသူ သေနတ်သမားရဲ့ အိမ်ကို ရဲတွေက ဝင်ရှာခဲ့ပြီး သိမ်းဆည်းတဲ့အထဲမှာ ဗီဒီယို ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ သေနတ်သမားဟာ အသေခံဗုံးခွဲ ခါးပတ် အတုကိုလည်း ဝတ်ဆင်ထားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီ သေနတ်သမားရဲ့ ဇာတိက မြောက်မက်ဆီဒိုးနီယားနိုင်ငံက ဖြစ်ပြီး အဲဒီနိုင်ငံမှာရော၊ သြစတြီးယား နိုင်ငံမှာပါ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်တယ်လို့ မစ္စတာ နေဟမ်မာက ပြောပါတယ်။

အိမ်ပေါင်း ၁၅ အိမ်ကို ရဲတွေက ရှာဖွေခဲ့ပြီး လူအတော်များများကိုလည်း ဖမ်းထားပါတယ်။

လုံခြုံရေးအရာရှိတွေက တိုက်ခိုက်သူတွေဟာ ၄ ယောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုက ဗီယင်နာ မြို့လယ်ကနေရာ ၆ ခုမှာ ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းနဲ့ အဲဒီနေရာ အမည်တွေကို ရဲတွေက သတင်းထုတ်ပြန်ပါတယ်။

သြစတြီးယားအစိုးရက နိုင်ငံတစ်ဝန်း ဝမ်းနည်းတဲ့အထိမ်းအမှတ်နေ့ ၃ ရက် သတ်မှတ် ကြေညာခဲ့ ပါတယ်။

တိုက်ခိုက်မှုဘယ်လို ဖြစ်ပွားခဲ့လဲ

ဒေသစံတော်ချိန် တနင်းလာနေ့ ည ၈ နာရီလောက်မှာ အဲဒီအချိန်မှာ ပိတ်ထားတဲ့ Seitenstettengasse ဂျူးဘုရားရှိခိုးကျောင်း အနီးကို သေနတ်သမား တစ်ယောက်ရောက်လာပြီး အနားက ကာဖီဆိုင်နဲ့ စားသောက်ဆိုင်တွေပြင်ပ ကလူတွေကို ပစ်ခတ်တာ စလုပ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဂျူးဘုရားကျောင်းဝင်းထဲမှာ အနည်းဆုံး သေနတ်သမား နှစ် ယောက်က အကြိမ် ၁၀၀ လောက် အနည်းဆုံး ပစ်ခတ်ခဲ့တာကို သူမြင်ခဲ့ရတယ် လို့ ဗီယင်နာ ဂျူးဘုန်းတော်ကြီး စကိုလိုမို ဟော့ဖ်မန်စတာက ပြောပါတယ်။

"သူတို့က ဘားတွေ စားသောက်ဆိုင်တွေကို တိုက်ခိုက်ကြတယ်၊ လူတွေက အပြေးအလွှား ထွက်ပြေးကြရတယ်၊ ခုံတွေလည်း လဲပြိုကုန်တယ်၊ သေနတ်သမားတွေက ဘားတွေထဲ ဝင်ပြေးတဲ့ လူတွေနောက်ကိုလိုက်ပြီး ဘားတွေထဲမှာလည်း လိုက်ပစ်တာ"လို့ သူက လန်ဒန်အခြေစိုက် LBC ရေဒီယို အသံလွှင့်ဌာန ကိုပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို အထူးလုံခြုံရေးတပ်ဖွဲ့တွေ အလျင်အမြန်ရောက်လာခဲ့ပါတယ်။ အော်တိုမက်တစ် ရိုင်ဖယ်သေနတ် အပါအဝင် ပစ္စတိုတစ်လက်၊ ဓါးရှည်တစ်ချောင်း ကိုင်ဆောင် ထားတဲ့ သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားစဉ်မှာရဲတပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ အပစ်ခံရပြီး အကြီးအမား ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားကို ည ၈ နာရီ ၉ မိနစ်မှာ အသေ ဖမ်းဆီး ရမိခဲ့ပါတယ်။

အိမ်နီးချင်း ချက်သမ္မတနိုင်ငံက ရဲတပ်ဖွဲ့ကလည်း တိုက်ခိုက်သူတွေ သူတို့ဘက်ဆီ ထွက်ပြေးလာရင် ဖမ်းဆီးနိုင်အောင် သြစတြီးယားနဲ့ သူတို့နယ်စပ်မှာ ရှောင်တခင် စစ်ဆေးရေး ဂိတ်တွေကို ချထားတယ်လို့ ပြောပါတယ်။