လီယွန်မြို့မှာ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး သေနတ်ပစ်ခံရပြီး ဒဏ်ရာရခဲ့

ရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ သေနတ်ပစ်ခတ်မှု တစ်ခုအတွင်း ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ဒဏ်ရာ ရသွားတယ်လို့ ရဲတွေက ပြောပါတယ်။

သေနတ်သမားကတော့ အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးသွားတယ်လို့ ရဲတွေက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ လုံခြုံရေးနဲ့ အရေးပေါ် ဝန်ထမ်းတွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီနေရာကို ရှောင်ကြဖို့ကိုလည်း လူတွေကို တိုက်တွန်းထားပါတယ်။

ပြင်သစ်နိုင်ငံ တောင်ပိုင်း နိစ်မြို့က ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှာ ဓားထိုး တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အခု ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီ ဓားထိုးတိုက်ခိုက်မှုဟာ အစ္စလာမစ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရဲ မက်ခရွန်က ပြောဆိုခဲ့ပြီး ဝတ်ပြုရာ နေရာတွေအပါအဝင် အများပြည်သူ သွားလာတဲ့ နေရာတွေကို ကာကွယ်စောင့်ရှောက်ဖို့ စစ်သား ထောင်ပေါင်းများစွာ နောက်ထပ် ချထားခဲ့ပါတယ်။

အခု ပစ်ခတ်မှုမှာ သေနတ်သမားဟာ ပြောင်းတို သေနတ်တစ်လက်ကို ကိုင်ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရပ်ကွက်က AFP သတင်းဌာနကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဂျယ်ရဲလ် ဒါမနင်က သမ္မတ မက်ခရွန်နဲ့ တိုင်ပင်ပြီး အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်လို့ ပြောပါတယ်။

သေနတ်ပစ်ခံခဲ့ရတဲ့ ဘုန်းတော်ကြီးဟာ အခြေအနေ စိုးရိမ်ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေအတွက် ဆေးကုသပေးနေတယ်လို့ ရိုက်တာစ် သတင်းဌာနက ဖော်ပြထားပါတယ်။

ဘုန်းတော်ကြီး ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော် မပြောသေးပါဘူး။ ဒါပေမဲ့ သူဟာ ဂရိခ် လူမျိုး ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။