ကြက်တိုက်ပွဲ ဝင်ဖမ်းတဲ့ ရဲအရာရှိ တိုက်ကြက် အခွပ်ခံရလို့ သေဆုံး

ရေးသားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဆမားပြည်နယ်မှာ တရားမဝင် ကြက်တိုက်ပွဲတစ်ခုကို ဝင်ဖမ်းခဲ့တဲ့ ရဲအရာရှိတစ်ဦး တိုက်ကြက် ခွပ်ခံရပြီး သေဆုံးသွားပါတယ်။

တိုက်ကြက်ရဲ့ ခြေထောက်မှာ တပ်ထားတဲ့ ဘလိတ်ဓားအချွန် ထိုးမိရာကနေ ရဲမှူး ခရစ္စတင်း ဘိုလော့ခ် သေဆုံးခဲ့တာပါ။

အဲဒီ ဘလိတ်ဓားအချွန်ဟာ သူ့ရဲ့ ဘယ်ဘက်ပေါင်ကို ထိုးမိရာကနေ သွေးကြောပြတ်သွားခဲ့တာပါ။ သူ့ကို ဆေးရုံကို အမြန်တင်ခဲ့ပေမဲ့ ဆေးရုံရောက်တဲ့အချိန်မှာ အသက်မရှိတော့ပါဘူး။

ပြည်နယ်ရဲချုပ် ရဲမှူးကြီး အာနယ်လ် အေပွတ် က ဒီဖြစ်ရပ်ဟာ ကံဆိုးပြီး အခန့်မသင့် ဖြစ်ခဲ့ရတဲ့ မတော်တဆ ဖြစ်ရပ် ဖြစ်ပြီး သူ့အနေနဲ့ ဘယ်လို ရှင်းပြရမှန်းတောင် မသိဘူးလို့ ဆိုပါတယ်။

"ဒီအကြောင်း ကျွန်တော့်ကို စသတင်းပို့လာလာချင်းမှာ မယုံနိုင်အောင် ဖြစ်ခဲ့ပါတယ်။ တိုက်ကြက် ခွပ်လို့ လူ့အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော့်ရဲ့ ၂၅ နှစ်ကြာ ရဲဝန်ထမ်း သက်တမ်းမှာ ပထမဆုံးအကြိမ် ကြုံခဲ့တာပါ"

ဆုံးပါးသွားတဲ့ ရဲအရာရှိရဲ့ ကျန်ရစ်သူမိသားစုနဲ့ သူထပ်တူ ဝမ်းနည်းမိတယ်လို့လည်း ရဲချုပ်က ပြောခဲ့ကြောင်း PNA သတင်းဌာနက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူ ၃ ဦးကို ဖမ်းဆီးထားပြီး တိုက်ကြက် ၇ ကောင်၊ ဘလိတ်ဓား ၂ စုံနဲ့ ဖိလစ်ပိုင် ပီဆို ၅၅၀ (အမေရိကန် ၁၁ ဒေါ်လာ) ကို သိမ်းဆည်းလိုက်တယ်လို့လည်း ဆိုပါတယ်။

နောက်လူ ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ကြက်တိုက်ပွဲတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ ရေပန်းစား လူကြိုက်များပြီး အထူးသဖြင့် ကြက်တိုက်ပွဲ လာကြည့်တဲ့ လူအုပ်ကြီးက နိုင်မယ့် တိုက်ကြက်ကို မှန်းပြီး လောင်းကြေးထပ်လေ့ ရှိကြပါတယ်။