မြောက်ကိုရီးယားရဲ့ လျှို့ဝှက် လက်နက်ရောင်းဝယ်မှုတွေကို ဖွင့်ချပြလိုက်တဲ့ မှတ်တမ်း ရုပ်ရှင်ကား

ရေးသားခဲ့သည်။

နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယား မလိုက်နာဘဲ ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပုံကို မှတ်တမ်းရုပ်ရှင်တစ်ခုက ဖော်ပြလိုက်ပါတယ်။ ရိုးရိုးသရုပ်ဆောင် မဟုတ်သူတွေနဲ့ ရိုက်ကူးထားတဲ့ အဲဒီ ရုပ်ရှင်ကားထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အွန်းရဲ့ အစိုးရအဖွဲ့ဝင်တွေကို လက်နက်မှောင်ခို အရောင်းအဝယ်လုပ်ဖို့ လိမ်ညာ လက်မှတ်ထိုးခိုင်းခဲ့ပုံကို ဖော်ပြထားပါတယ်။

အဲဒီရုပ်ရုပ်ကားထဲမှာ ကွန်မြူနစ် အာဏာရှင်စနစ်ကို အရမ်းစိတ်ဝင်စားသူ ဒိန်းမတ်လူမျိုး အလုပ်လက်မဲ့ စားဖိုမှူးတစ်ဦး၊ စစ်ယူနီဖောင်းကို ခုံမင်ပြီး မြောက်ကိုရီးယားဘက်က ဝါဒဖြန့်ပေးတဲ့ စပိန်လူမျိုး မင်းစိုးရာဇာတစ်ဦးနဲ့ ရုပ်ဖျောက်ထားတဲ့ နိုင်ငံတကာ လျှို့ဝှက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ မူးယစ်ရောင်းဝယ်မှုနဲ့ ထောင်ကျခဲ့ဖူးသူ ပြင်သစ်လီဂျင်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးတို့ ပါဝင်ပါတယ်။

ဒါပေမဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါတာတွေက တကယ် ဖြစ်နိုင်ပါသလား။ ကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်ဟောင်းတစ်ဦးကတော့ အတော်လေးကို ဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

"The Mole" "အတွင်းထဲ သပ်လျှိုဝင် ထောက်လှမ်းခဲ့တဲ့ သူလျှို"လို့ အမည်ပေးထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးခဲ့သူ ဒိန်းမတ် ဒါရိုက်တာ မက်ဒ်စ် ဘရူဂါ က နိုင်ငံတကာ ဥပဒေကို မြောက်ကိုရီးယားတို့ ဘယ်လို ချိုးဖောက်နေသလဲ ဆိုတာကို ဖော်ထုတ်ဖွင့်ချဖို့ နက်နဲရှုပ်ထွေးတဲ့ စုံစမ်းလှုပ်ရှားမှုတစ်ခုကို ၃ နှစ်ကြာ စီစဉ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

ကွန်မြူနစ် အာဏာရှင်စနစ်ကို တပ်မက်စွဲလန်းသူ အလုပ်လက်မဲ့ စားဖိုမှူးကတော့ အူးလ်ရစ် လာဆန် ဆိုသူပါ။ သူဟာ မက်ဒ်စ် ဘရူဂါရဲ့ အကူအညီနဲ့ စပိန်နိုင်ငံမှာ ရှိတဲ့ မြောက်ကိုရီးယားအစိုးရကို ထောက်ခံအားပေးတဲ့ KFA ခေါ် ကိုရီးယားချစ်ကြည်ရေးအသင်းတစ်ခုထဲ တဖြည်းဖြည်း စိမ့်ဝင်နေရာယူခဲ့ပါတယ်။

အဲဒီနောက် လာဆန် ဟာ ထိပ်ပိုင်းအရာရှိကြီးတွေကြားထဲအထိ တိုးဝင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ မြောက်ကိုရီးယား အစိုးရအရာရှိကြီးတွေရဲ့ ယုံကြည်မှု၊ ရင်းနှီးမှုကို ရယူလာနိုင်ခဲ့ပါတယ်။

KFA အသင်းဝင် ဖြစ်လာတဲ့ လာဆန်ဟာ "မြောက်ကိုရီးယားအစိုးရနဲ့ တွေ့ခွင့်ပေးနိုင်သူ"အဖြစ် ကမ္ဘာတစ်ဝန်းက သိထားကြတဲ့ စပိန်လူမျိုး အထက်တန်းလွှာတစ်ဦးဖြစ်သူ KFA ဥက္ကဋ္ဌ အလက်ဂျက်ဒရို ကာအို ဒီ ဘန်နော့စ် နဲ့ အဆက်အသွယ် ရလာခဲ့ပါတယ်။

ရုပ်ရှင်ရိုက်ကူးနေချိန်ကာလအတွင်း မြောက်ကိုရီးယား စစ်ယူနီဖောင်းနဲ့ တစ်ခါတလေ တွေ့ရတတ်တဲ့ ကာအို ဒီ ဘန်နော့စ် က မြောက်ကိုရီးယားအစိုးရနဲ့ သူတွေ့ခွင့်ရှိတယ်၊ သူ့ရဲ့ သြဇာ လွှမ်းမိုးမှု ရှိတယ်လို့ ကြွားဝါပြောခဲ့ပါတယ်။

အဲဒီနောက် မူးယစ်မှုနဲ့ ထောင်ကျခဲ့ဖူးတဲ့ ပြင်သစ် လီဂျင်တပ်ဖွဲ့ဟောင်းတစ်ဦးလို့ ဆိုတဲ့ ဂျင်မ် လက်ထရက်ချ် ဗော့ထရပ် ကို နိုင်ငံတကာ လက်နက်မှောင်ခို ရောင်းဝယ်သူအဖြစ် လုပ်ခိုင်းဖို့ ငှားခဲ့ပါတယ်။ သူကလည်း အကောင်းစား ဂျက်ကက်၊ဘောင်းဘီ ဆင်တူဝတ်စုံတွေ အမျိုးမျိုးနဲ့ ဝင်ပါခဲ့ပါတယ်။

ဒီကိစ္စမှာ ကြိုးကိုင်စီစဉ်တဲ့သူက ဒါရိုက်တာ ဘရူဂါ ကိုယ်တိုင် ဖြစ်ပြီး ရုပ်သေးဆရာ လို့ သူ့ကိုယ်သူ အမည်ပေးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကားကို ဖြစ်မြောက်ဖို့ အချိန် ၁၀ နှစ်လောက် ယူခဲ့ရတယ်လို့ သူက ပြောပါတယ်။ အခု ဒီမှတ်တမ်းရုပ်ရှင်ကို ဘီဘီစီနဲ့ စကင်ဒီနေဗီးယား အသံလွှင့်ဌာနတို့ ပူးတွဲ ထုတ်လုပ်ထားပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ဟာ တကယ့်အဖြစ်အပျက်လို့ လားလားမှ ယုံစရာမရှိတဲ့ အူကြောင်ကြောင် ရီစရာ ကားတစ်ကားပါ။

"ကျွန်တော်က စိတ်ခံစားမှုကို အသားပေးရိုက်ကူးတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ" လို့ ဘရူဂါက ရုပ်ရှင်ကားထဲမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူ ခုံရုံးအဖွဲ့မှာ ပူးတွဲညှိနှိုင်းသူအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဟူး ဂရစ်ဖစ် ကတော့ ဒီရုပ်ရှင်ကားထဲက ဖော်ထုတ်ဖွင့်ပြချက်တွေဟာ အတော်ကြီးကို ဖြစ်နိုင်လောက်တယ် လို့ ပြောပါတယ်။

"ဒီမှတ်တမ်းရုပ်ရှင်ဟာ ကျွန်တော်တို့ တွေ့ဖူးသမျှထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အွန်းအတွက် အရှက်ရစရာ အကောင်းဆုံး ရုပ်ရှင်ကားတစ်ခုပဲ"လို့ သူက ပြောပါတယ်။

"ဒီကားဟာ အပျော်တမ်းရိုက်ထားတာ ဖြစ်လို့ နိုင်ငံတကာမှာ လူကြိုက်များ ရေပန်းစားမှာ မဟုတ်ပါဘူးလို့ ပြောလို့မရပါဘူး။ရုပ်ရှင်ကားထဲမှာ ပါတာတွေက လူတွေ တကယ့်ကို သိချင်နေတဲ့ အချက်တွေ ဖြစ်နေပါတယ်"

မြောက်ကိုရီးယားဟာ နျူကလီးယားစီမံကိန်းကြောင့် ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရတာပါ။ သူ့ရဲ့ နျူကလီးယား တီထွင်ထုတ်လုပ်မှုနဲ့ စမ်းသပ်မှုတွေကို မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က ၂၀၁၀ ခုနှစ်ကတည်းကစလို့ စောင့်ကြည့်လေ့လာနေပြီး အစီရင်ခံစာ နှစ်စဉ် ထုတ်ပြန်နေခဲ့တာပါ။ ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ပါသလိုတော့ လက်နက်တွေ တင်ပို့ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘယ်လို ရှောင်တိမ်းမလဲဆိုတာကို မြောက်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်တွေ ဆွေးနွေးတာမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။

ရုပ်ရှင်ထဲက အရေးပါတဲ့ အခန်းတစ်ခုထဲမှာ မြောက်ကိုရီးယားအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ ရှေ့မှောက် လက်နက်မှောင်ခို ရောင်းဝယ်သူ မစ္စတာဂျိမ်းစ် ခေါ် ဂျင်မ် လက်ထရက်ချ် ဗော့ထရပ် နဲ့ မြောက်ကိုရီးယားလက်နက်စက်ရုံတစ်ခုက ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးနေပုံကို စားဖိုမှူးဟောင်း သူလျှို လာဆန် က ဗီဒီယို ရိုက်ကူးနေတာ တွေ့ရပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲကို ပြုံယမ်းမြို့ ဆင်ခြေဖုံးရပ်ကွက်က တောက်ပြောင်ခမ်းနားတဲ့ မြေအောက် စားသောက်ဆိုင်တစ်ခုမှာ လုပ်ခဲ့တာပါ။

အဲဒီမှာ ရှိနေတဲ့ မြောက်ကိုရီးယားတွေ အားလုံးကိုတော့ ဘယ်သူဘယ်ဝါ အသေအချာ မပြောနိုင်ပါဘူး။ အဲဒီတုန်းကအကြောင်း နောက်ပိုင်းမှာ လက်ထရက်ချ် ဗော့ထရပ် ရီမောစရာ ပြန်ပြောပြတာက မြောက်ကိုရီးယား အစိုးရတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သူ့ကုမ္ပဏီအမည်ကို စေ့စေ့ပေါက်ပေါက် မေးခဲ့တုန်းက ပါးစပ်ထဲရှိတဲ့ ကုမ္ပဏီအမည်တစ်ခုကို သူ လုပ်ကြံ ပြောခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို အခြေခံ အသေးစိတ်အချက်အလက်မျိုးကို သူတို့အဖွဲ့ ကြိုစဉ်းစားမထားတာက အတော့်ကို အံ့သြစရာကောင်းလှသလို တကယ့်မြောက်ကိုရီးယားအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ဒီလို လက်မှတ်ရေးထိုးပွဲမျိုးကို ဗီဒီယိုရိုက်ကူးခွင့်ပြုတာ၊ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခွင့်ပြုပြီး အပြန်အလှန်ပေးအပ်တာ မျိုးကလည်း တွေးတောင် မတွေးဝံ့လောက်အောင်ပါပဲ။

လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်ထဲမှာ နရေး ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ကင် ရီယောင်းချိုလ် ရဲ့ လက်မှတ်ကိုတွေ့ရပါတယ်။ နရေး ဆိုတဲ့အမည်ဟာ ကိုရီးယားကျွန်းဆွယ်မှာ တွေ့ရလေ့ရှိတဲ့အမည် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ရဲ့အစီရင်ခံစာထဲမှာ "ကိုရီးယား နရေး ကုန်သွယ်ရေး ကော်ပိုရေးရှင်း" ဆိုတဲ့ ကုမ္ပဏီတစ်ခုဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှောင်တိမ်း လုပ်ဆောင်နေတဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေပြီး ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ ခေါ် မြောက်ကိုရီးယားနိုင်ငံ တရားမဝင် လုပ်ရပ်တွေ လုပ်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ငွေဝင်အောင် လုပ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲမှာ မြောက်ကိုရီးယားအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ ရှိနေတာကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ သူတို့ လုံးဝမသိတဲ့ မမြင်ဖူးတဲ့ ပုဂ္ဂလိက စီးပွားရေးသမားတစ်ဦးနဲ့ လက်နက်အရောင်းအဝယ် လုပ်ဖို့ စိတ်အားထက်သန်နေတယ် ဆိုတာကို ဖော်ပြနေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်ဟောင်း ဂရစ်ဖစ် က ပြောပါတယ်။

"ဒါကို ကြည့်ရင် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက အလုပ်ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ မြောက်ကိုရီးယားတွေဟာ သူတို့ရဲ့ လက်နက်တွေကို အသည်းအသန် ရောင်းချင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်"

တစ်ကြိမ်မှာတော့ ၂၀၁၇ ခုနှစ်မှာ ကမ်ပါလာမြို့ တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယား လက်နက်မှောင်ခိုရောင်းဝယ်သူတစ်ဦးလို့ ဆိုတဲ့ မစ္စတာ ဒန်နီ က မြောက်ကိုရီးယားလက်နက်တွေကို ဆီးရီးယားနိုင်ငံဆီ ပို့ပေးနိုင်သလား ဆိုပြီး လက်ထရက်ချ် ဗော့ထရပ် ကို မေးခဲ့ပါတယ်။

ဒီမေးခွန်းကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယား ဟာ သူတိုကိုယ်တိုင် လက်နက်တွေ တင်ပို့ဖို့ အခက်အခဲတွေ ပိုတွေ့လာနေတယ် ဆိုတာကို ပြနေတယ်လို့ ဂရစ်ဖစ် က သုံးသပ်ပါတယ်။

အာဖရိကဒေသက အကြီးဆုံး ရေအိုင်ကြီးဖြစ်တဲ့ လိတ် ဗစ်တိုးရီးယားက ကျွန်းစုတစ်စုကို ဝယ်ယူရေး ဆွေးနွေး ပြောဆိုဖို့အတွက် မစ္စတာဂျိမ်းစ်ဟာ ပြုံယမ်းမှာတွေ့ခဲ့တဲ့ မြောက်ကိုရီးယားအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူ ယူဂန်ဒါနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဇိမ်ခံအပန်းဖြေ ကမ်းခြေတစ်ခု ဆောက်ဖို့ ဆိုပြီး ယူဂန်ဒါ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကို ပြောထားပေမဲ့ မစ္စတာ ဂျိမ်းစ်နဲ့ မြောက်ကိုရီးယားတွေကတော့ လက်နက်တွေနဲ့ မူးယစ်ဆေးတွေ ထုတ်ဖို့ မြေအောက်စက်ရုံတစ်ခုဆောက်ရေးကို တိတ်တဆိတ် ဆွေးနွေးနေကြပါတယ်။

ဒီကိစ္စကလည်း တော်တော့်ကို စိတ်ကူးယဉ် ရုပ်ရှင်ဆန်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားတွေက ဒါမျိုး အရင်က လုပ်ခဲ့ဖူးပါတယ်။ နမ်မီးဘီးယားနိုင်ငံ လက်ပါ့ဒ် မြစ်ဝှမ်းက ကြေးနီ မိုင်းဟောင်းတစ်ခုမှာ လက်နက်စက်ရုံတစ်ခု မြောက်ကိုရီးယားတို့ ဆောက်ခဲ့ဖူးပါတယ်။ အပြင်ပန်းမှာတော့ ရုပ်တုတွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ ဆောက်ဖို့ လုပ်နေတာလို့ ဗန်းပြခဲ့ပါတယ်။

ကိုရီးယား မိုင်းဖွံ့ဖြိုးမှု ကုန်သွယ်ရေး ကော်ပိုရေးရှင်း (Komid)ရဲ့ လုပ်ငန်းတွေကို မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့က ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အကြားမှာ စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ကနဦးက နမ်မီးဘီးယားမှာ စက်ရုံတွေ ထပ်ဆောက်ဖို့ ရုပ်ရှင်ကားထဲမှာ ပြောခဲ့တဲ့ မြောက်ကိုရီးယားတွေဟာ နောက်ပိုင်းမှာ ယူဂန်ဒါနိုင်ငံမှာ ပြောင်းဆောက်ဖို့ စိတ်ပြောင်းသွားတာဟာ နမ်မီးဘီးယားအစိုးရအပေါ် ကုလသမဂ္ဂက ဖိအားပေးမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဂရစ်ဖစ် က ပြောပါတယ်။

"နမ်မီးဘီးယားမှာ ရှိတဲ့ မြောက်ကိုရီးယားစီမံကိန်းတွေကို ပိတ်ပစ်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ မြောက်ကိုရီးယား လက်နက်မှောင်ခိုသူတွေ စိတ်ကြိုက် သွားခွင့်ရတဲ့ အာဖရိကနိုင်ငံက အနည်းအပါးပဲ ရှိပါတော့တယ်။ အဲဒီထဲမှာ ယူဂန်ဒါနိုင်ငံက တစ်ခုအပါအဝင်ပါ"လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ကားမှာ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေအတွက် စိတ်ဝင်စားစရာအချက် နောက်တစ်ချက်က ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ဖို့ ကြိုးစားရာမှာ နိုင်ငံခြားတိုင်းပြည်တွေမှာ ရှိနေတဲ့ မြောက်ကိုရီးယား သံရုံးတွေက သံတမန်တွေလည်း ပါဝင်ပတ်သက်နေပုံရတယ် ဆိုတဲ့ အချက်ပါပဲ။

ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင် ယူလ်ရစ် လာဆန် ဟာ စတော့ခ်ဟုမ်းမြို့က မြောက်ကိုရီးယား သံရုံးကို သွားခဲ့ပြီး အဲဒီမှာ မစ္စတာ ရီ ဆိုတဲ့ သံတမန်တစ်ဦးဆီကနေ ယူဂန်ဒါနိုင်ငံက စီမံကိန်းအတွက် အစီအစဉ်တွေ ဆိုတဲ့ စာအိတ်တစ်အိတ်ကို လက်ခံယူခဲ့တာကို တွေ့ရပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ထဲက အရေးပါတဲ့ တခြားဇာတ်ဝင်ခန်းတွေလိုပဲ သူတို့နှစ်ဦး တွေ့ဆုံပုံကို လာဆန်က ဗီဒီယို ခိုးရိုက်ခဲ့ပါတယ်။ သူပြန်ထွက်လာခါနီးမှာ မစ္စတာ ရီ က သိုသိုသိပ်သိပ် လုပ်ဖို့ သူ့ကို သတိပေးခဲ့ပါတယ်။

"တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ဒီကိစ္စကို သံရုံးက ဘာမှ မသိဘူးလို့ ပြောနော်။ ဟုတ်ပြီလား"လို့ မစ္စတာ ရီက ပြောခဲ့ပါတယ်။

ဒါတွေကို ကြည့်ရင် အားလုံး ကိုက်ညီမှု ရှိတယ်လို့ ဂရစ်ဖစ် က ပြောပါတယ်။

"ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တကယ် ချိုးဖောက်ခဲ့မှု ဒါမှမဟုတ် ချိုးဖောက်ဖို့ ကြိုးစားခဲ့မှုတွေမှာ မြောက်ကိုရီးယား သံတမန်ရုံးပရဝဏ်အတွင်း ဒါမှမဟုတ် သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ ပါဝင်ပတ်သက်နေတယ် ဆိုတာကို ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိမှု အများစုက ဖော်ပြနေတယ်"လို့ သူက ပြောပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါတဲ့ လက်နက်မှောင်ခို ရောင်းဝယ်ရေး သဘောတူချက်တွေကတော့ တစ်ခုမှ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ တစ်ဖက်က လူတွေက အရောင်းအဝယ်ငွေ စတောင်းလာချိန်မှာ မစ္စတာ ဂျိမ်းစ် ကို ဘရူဂါက ကိုယ်ရောင်ဖျောက်ခိုင်းလိုက်ပါတော့တယ်။

ရုပ်ရှင်ရိုက်ကူးသူတွေက သူတို့ရဲ့ အထောက်အထားတွေကို စတော့ခ်ဟုမ်းမြို့က မြောက်ကိုရီးယားသံရုံးကို ပေးပို့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရသေးပါဘူး။

KFA ကိုရီးယားချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ အလက်ဂျက်ဒရို ကာအို ဒီ ဘန်နော့စ် ကတော့ သူ့ပုံတွေဟာ သူသက်သက် ဟန်ပြ သရုပ်ဆောင်ခဲ့တာသာ ဖြစ်ပြီး ဒီမှတ်တမ်းရုပ်ရှင်ကားဟာ မတရား အသုံးချ ဘက်လိုက်ထားတဲ့ လုပ်ဇာတ်ကြီးဖြစ်တယ်လို့ ပြောပါတယ်။