ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယား အစိုးရလူတစ်ဦးကို သတ်ခဲ့မှု ကင်ဂျုံအွန်း ပြန်တောင်းပန်
တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ သတ်ပစ်လိုက်တာနဲ့ ပတ်သက်လို့ ကင်ဂျုံအွန်းက မလုပ်စဖူး ကိုယ်တိုင် တောင်းပန်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
သိက္ခာကျစရာ ဒီဖြစ်ရပ် လုံးဝ မဖြစ်သင့်ခဲ့ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားပိုင်နက် ပင်လယ်ပြင်မှာ မျောပါနေတဲ့ အသက် ၄၇ နှစ်အရွယ် အဲဒီအမျိုးသားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ တွေ့ခဲ့တာလို့ တောင်ကိုရီးယားက ပြောပါတယ်။
အဲဒီနောက်မှာ သူ့ကို မြောက်ကိုရီးယား တပ်ဖွဲ့တွေက ပစ်သတ်ခဲ့ပြီး အလောင်းကို မီးတင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီသတ်ဖြတ်မှုဟာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အသတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီကိစ္စကြောင့် တောင်ကိုရီးယားမှာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်မှာ ရဲအစောင့်အရှောက်တွေ တင်းတင်းကြပ်ကြပ် ချထားပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက် မခံရအောင် ကာကွယ်တဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံထဲ ခိုးဝင်လာသူမှန်သမျှကို တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ အမိန့် ချမှတ်ထားတယ်လို့ ယူဆရပါတယ်။
ကင်ဂျုံအွန်း က ဘာတွေ တောင်းပန်ထားသလဲ
သမ္မတမွန်ဂျေအင်းဆီ ပို့လိုက်တဲ့ တောင်းပန်စာထဲမှာ ဒီဖြစ်ရပ် လုံးဝမဖြစ်သင့်ခဲ့ဘူးလို့ ရေးထားကြောင်း တောင်ကိုရီးယား သမ္မတရဲ့ အိမ်ပြာတော်ရုံးက ပြောပါတယ်။
ဒါဟာ "သိက္ခာကျ အရှက်ရစရာကိစ္စ"ဖြစ်တယ်လို့ ကင်ဂျုံအွန်းက ဆိုပြီး သမ္မတမွန်ဂျေအင်းနဲ့ တောင်ကိုရီးယားပြည်သူတွေကို ဝမ်းနည်း စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် သူ့အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်မိကြောင်း ရေးထားတယ်လို့ အိမ်ပြာတော်က ပြောပါတယ်။ ဒါဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ ပထမဆုံး တရားဝင် တုံ့ပြန်ချက် ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဖြစ်ရပ်အကြောင်း သူတို့ရဲ့ စုံစမ်းစစ်ဆေးမူရဲ့ ရလဒ်တွေကိုလည်း မြောက်ကိုရီးယားက ပြောပြခဲ့ပါတယ်။ မြောက်ကိုရီးယားပိုင်နက် ရေပြင်ထဲ ဝင်လာခဲ့အပြီး သူဘယ်သူဘယ်ဝါ ဆိုတာကို မဖော်ပြဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အဲဒီလူကို မြောက်ကိုရီးယားတပ်ဖွဲ့တွေက သေနတ်နဲ့ ၁၀ ချက်ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုကြောင်း တောင်ကိုရီးယား နိုင်ငံတော် လုံခြုံရေး ညွှန်ကြားရေးမှူး ဆူဟွန်းက ပြောပါတယ်။
ဒါပေမဲ့လည်း အဲဒီလူရဲ့အလောင်းကို မီးရှို့ခဲ့တယ်ဆိုတာ မဟုတ်ဘဲ အဲဒီလူ လိုက်ပါလာတဲ့ ဖော့ဘောပစ္စည်းကိုပဲ မီးရှို့ခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက အခိုင်အမာ ပြောခဲ့ပါတယ်။
"ဘယ်သူဘယ်ဝါ မသိရတဲ့ အဲဒီ ကျူးကျော်သူကို ပစ်ခတ်ခဲ့ပြီး လိုက်ရှာခဲ့ရာမှာ မတွေ့ခဲ့ဘဲ ဖြစ်ခဲ့အပြီးမှာ ရောဂါကာကွယ်တားဆီးရေး အရေးပေါ်အမိန့်အရ အဲဒီလူလိုက်ပါလာတဲ့ ဖော့ဘောကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြောင်း မစ္စတာ ဆူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ အကြား မကြာသေးခင်က အပြန်အလှန် ရေးခဲ့ကြတဲ့ စာတွေကို ထုတ်ပြန် ဖော်ပြဖို့ကိုလည်း တောင်ကိုရီးယား သမ္မတအိမ်တော်ရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီစာတွေထဲမှာ ကင်ဂျုံအွန်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးနဲ့ မကြာသေးခင်က တိုင်ဖွန်းမုန်တိုင်းတွေကြောင့် ထိခိုက်ခဲ့ရမှုတွေကို ရင်ဆိုင်ကျော်လွှားနေရတဲ့ ဖိအားဒဏ်၊ အခက်အခဲတွေကို တခြားသူတွေထက် သူနားလည် သဘောပေါက်တယ်လို့ ရေးထားပါတယ်။
တောင်ကိုရီးယားပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခဝေဒနာတွေကို သူထပ်တူ ခံစားနေမိတယ် ဆိုတာဟာ သူ့ရဲ့ တကယ့်စိတ်ရင်းအမှန်ပါ လို့ လည်း သူ့ရဲ့စာတွေထဲမှာ ဖော်ပြထားပါတယ်။
တကယ်ဆိုရင် ဒီဖြစ်ရပ်ကြောင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့အကြား ဆွေးနွေးမှုတွေ ပြန်စရေးမှာ တကယ့်အန္တရာယ်ကြီး ဖြစ်သွားနိုင်ပါတယ်။
ဒီကိစ္စဟာ တောင်ကိုရီးယားလူမျိုး အတော်များများအတွက် လွယ်လွယ်နဲ့ ခွင့်လွှတ်၊ မေ့ပျောက်လို့ ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ မြောက်ကိုရီးယားပိုင်နက်ရေပြင်မှာ လက်နက်မဲ့ အရပ်သားတစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ပုံဖြစ်နေတာမို့ သူတို့ ထိတ်လန့် ဒေါသထွက်နေကြပါတယ်။ ဒီဖြစ်ရပ်ဟာ မြောက်ကိုရီးယားအစိုးရ မကြာခဏ လုပ်လေ့ ရှိတဲ့ ညှာတာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေကို ပြန်အမှတ်ရစေပါတယ်။
ဒါ့အပြင် ဒီဖြစ်ရပ်အပေါ် မြောက်ကိုရီးယားဘက်က ပြောတဲ့ အချက်အလက်တွေဟာ တောင်ကိုရီးယား အစိုးရက ထုတ်ပြန်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ တစက်မှ မကိုက်ညီတာ တွေ့ရပါတယ်။
ဒါပေမဲ့လည်း ကင်ဂျုံအွန်းဆီက မလုပ်စဖူး ကိုယ်တိုင် တောင်းပန်ထားတဲ့စာ ပို့လာတဲ့အတွက်တော့ တောင်ကိုရီးယားပြည်သူတွေရဲ့ အမျက်ဒေါသတွေကို တနည်းတဖုံ ပြေလျော့သွားစေနိုင်ပါတယ်။
တကယ်လို့များ ဒီလိုသာ မတောင်းပန်ခဲ့ဘူး ဆိုရင်တော့ မကြာသေးခင်က ကင်ဂျုန်အွန်း ရေးခဲ့တဲ့ ရင်းရင်းနှီးနှီးစာတွေက ဘာမှ အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အခြေအနေတွေ ပြေလည်အောင် ကြိုးစားခဲ့တာကို ကြည့်ခြင်းအားဖြင့် ကင်ဂျုံအွန်းဟာ နှစ်နိုင်ငံ ဆွေးနွေးပြောဆိုဖို့ သူ့ဘက်က လိုလားနေပါတယ်ဆိုတာကို သိစေချင်တဲ့သဘော ဖြစ်တယ်လို့ ဆိုးလ်မြို့က ဘီဘီစီသတင်းထောက် လော်ရာ ဘစ်ကာက သုံးသပ်ပါတယ်။
သတ်ဖြတ်မှု ဘယ်လိုဖြစ်ခဲ့တာလဲ
ငါးလုပ်ငန်းဌာနက ဝန်ထမ်းဟာ မြောက်ဘက်နဲ့ နယ်စပ် ခြောက်မိုင်လောက်ကွာတဲ့ ယုံပြောင်ကျွန်းနားက သူ့ ကင်းလှည့် ရေယာဥ်ပေါ်ကနေ တနင်္လာနေ့က ပျောက်သွားခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
သားသမီး နှစ်ယောက်ရဲ့ အဖေ အသက် ၄၇ နှစ် အရွယ် အမျိုးသားဟာ သူ့ ဖိနပ်ကို သင်္ဘောပေါ်မှာ ထားသွားခဲ့ပါတယ်။ သူဟာ မြောက်ဘက်ကို ဘက်ပြောင်းသွားဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရပြီး ဒါမျိုးအဖြစ်နည်းပေမဲ့ မဖြစ်ဖူးတော့ မဟုတ်ပါဘူး။ သူဟာ မကြာခင်က ကွာရှင်းထားသူဖြစ်ပြီး ငွေကြေး အဆင်မပြေတာတွေ ရှိတယ်လို့ တောင်ကိုရီးယား သတင်းတွေက ဆိုပါတယ်။
အင်္ဂါနေ့ ဒေသအချိန် မွန်းလွဲ သုံးနာရီခွဲလောက်မှာတော့ မြောက်ဘက်က ကင်းလှည့်ရေယာဥ်က အသက်ကယ်အင်္ကျီ ဝတ်ထားတဲ့သူ့ကို ပင်လယ်ထဲမှာ တွေ့ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ဆက်ပြောပါတယ်။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ ဝတ်လိုက်ကြသူတွေက အထက်က တာဝန်ရှိသူက သူ့ကို သတ်ပစ်ဖို့ အမိန့်မပေးခင် အဝေးက လှမ်းပြီးမေးမြန်းခဲ့ကြပါတယ်။ အဲဒီနောက် သူ ရေထဲမှာ ပစ်သတ်ခံခဲ့ရပါတယ်။
နောက်တော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက အလောင်းကို ပင်လယ်ထဲမှာပဲ မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အတွက် လုပ်တာ ဖြစ်မယ်လို့ ယူဆတဲ့ အကြောင်းလည်း ဖြည့်ပြောပါတယ်။