ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝေလငါး ၄၀၀ နီးပါး သြစတြေးလျကမ်းခြေမှာ လာတင်ပြီး သေဆုံး
သြစတြေးလျမှာ ပင်လယ်ကမ်းခြေ သောင်ပြင်ပေါ်လာတင်ခဲ့တဲ့ ဝေလငါး ကောင်ရေ ၃၈၀ လောက် သေဆုံးခဲ့ရပြီး ဒါဟာ ဝေလငါးနဲ့ပတ်သက်ပြီး မှတ်တမ်းတွေအရ အများဆုံး သောင်တင် သေဆုံးမှုဖြစ်ပါတယ်။
တက်စ်မေးနီးယား ပြည်နယ် အနောက်ဘက်ကမ်းခြေမှာ ရာနဲ့ချီတဲ့ ဆူးတောင်ရှည် လမ်းပြ ဝေလငါးတွေ (Pilot Whale)တနင်္လာနေ့ကတည်းက သောင်လာတင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့အထိ ကယ်ဆယ်သူတွေဟာ ဝေလငါး အကောင် ၅၀ ကို ပင်လယ်ထဲ ပြန်ရောက်အောင် ပို့ပေးနိုင်ခဲ့ပြီး နောက်ထပ် အကောင် ၃၀ လောက်ကိုလည်း ကယ်တင်နိုင်အောင် ကြိုးစားနေဆဲပါ။
တက်စ်မေးနီးယားပြည်နယ်အစိုးရ အရာရှိတွေက ဝေလငါးတွေ အသက်ရှိနေသရွေ့ ကယ်ဆယ်တာတွေ ဆက်လုပ်နေမယ်လို့ ဆိုပါတယ်။
နစ်ခ် ဒက်ကာက "သူတို့အသက်ရှိနေသေးတယ်၊ ရေ(တိမ်)ထဲမှာ ရှိနေသေးတယ် ဆိုရင် သူတို့အတွက် မျှော်လင့်ချက်ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ ပိုပင်ပန်းနွမ်းလျလာပါတယ်" လို့ ပြောပါတယ်။
ရာနဲ့ချီ ရှိတဲ့ ဝေလငါးသေတွေ ကမ်းခြေတလျောက် ပြန့်ကြဲနေပြီး သူတို့ကို ဖယ်ရှားဖို့အလုပ်ကိုလည်း လုပ်နေရတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
ဒီဝေလငါးတွေ ဘာ့ကြောင့် ကမ်းပေါ်လာတင်တာလဲ ဆိုတဲ့ အကြောင်းရင်းကို အခုထိ ဘယ်သူမှ အပြည့်အဝ မသိကြသေးပါဘူး။ ဒီ ဝေလငါးမျိုးက သောင်လာ တင်တင်တတ်တဲ့ အဖြစ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။
၁၉၉၆ ခုနှစ် ဩစတြေးလျအနောက်ပိုင်းမှာ အဲဒီအချိန်အထိ စံချိန်တင်များတဲ့ အဖြစ်ဖြစ်ခဲ့တုန်းက ဝေလငါး ကောင်ရေ ၃၂၀ သောင်တင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာ ဖြစ်ခဲ့သမျှ အများဆုံးတွေထဲက တခုပါ။
ဝေလငါးတွေ သောင်လာတင်တဲ့ နေရာက ဘယ်မှာလဲ
ဝေလငါးတွေ အများစု သောင်လာတင်တဲ့နေရာက မက်ခ်ကွာရီ ဟက်ဒ်စ် အရပ် အနီးတဝိုက်မှာပါ။
တနင်္လာနေ့က ပထမဆုံး ကယ်တင်ဖို့လာခဲ့ကြတဲ့သူတွေ ရေတွက်ကြည့်တော့ ဝေလငါး၂၇၀ ကောင် တွေ့ပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့က ရဟတ်ယာဥ်တစီးနဲ့ ဝဲကြည့်ရာမှာတော့ နောက်ထပ် အကောင် ၂၀၀ ကို အနီးအနားမှာ တွေ့လိုက်ရပါတယ်။
အစိုးရအရာရှိတွေက နောက်ထပ်တွေ့ရတဲ့ အုပ်က ဒီရေနဲ့အတူ ကမ်းပေါ်လာတင်တာဖြစ်မယ်လို့ ဆိုပါတယ်၊ သေချာတာကတော့ ဒီ ဝေလငါးတွေဟာ တအုပ်ထဲက ငါးတွေပါ။
ကယ်ဆယ်ရေးက ဘာတွေလုပ်ဆောင်နိုင်လဲ
လူပေါင်း ၆၀ လောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့က သိုင်းကြိုးတွေ၊ တခြား ကိရိယာ ပစ္စည်းတွေကို သုံးကာ ဝေလငါးတွေကို သောင်ပြင်ကနေ မယူ သယ်ဆောင်ပေးပြီး ရေထဲပြန်ချပေးနိုင်အောင် လုပ်ကြပါတယ်။
ပင်လယ်ကမ်းနားက ရေထဲမှာ သူတို့ ပြန်ရောက်ရင်တော့ ပင်လယ် ရေနက်ပိုင်းရှိရာကို သူတို့ကို သွားစေဖို့ လမ်းပြပေးသလို အဲဒီ လမ်းအတိုင်း သူတို့ ပြန်ကူးသွားအောင် လုပ်ပေးကြပါတယ်။
ဒီလိုနည်းနဲ့ ဝေလငါး အကောင် ၅၀ ကို ပင်လယ်တွင်းကို ပြန်ပို့နိုင်ခဲ့တယ်လို့ ကယ်ဆယ်သူတွေက ပြောပါတယ်။ ဒါဟာ "အောင်မြင်မှု" တခုလို့ ပြောရမှာပါလို့လည်း သူတို့က ဆိုပါတယ်။
ဒီရေတက်တာက ပြင်းထန်လို့ လွတ်မြောက်ပြီးသား ဝေလငါး တချို့ ကမ်းခြေကို ပြန်ရောက်လာကြောင်းလည်း သူတို့က ပြောပါတယ်။
ဝေလငါး ကျွမ်းကျင်သူတွေက ဒီအကောင်တွေ အသက်မသေဘဲ လွတ်မြောက်နိုင်တာတောင် သူတို့အနေနဲ့ ပင်ပန်းပြီး အားနည်းနေလိမ့်မယ်လို့ ဆိုပါတယ်။ လမ်းပြဝေလငါး တကောင်ဟာ အလျား ၇ မီတာ ( ၂၂ ပေ) လောက်ကို ကြီးလာနိုင်ပြီး ကိုယ်အလေးချိန် ၃ တန် အထိရှိလာနိုင်ပါတယ်။
ဝေလငါးတွေ ဘာကြောင့် ကမ်းလာတင်တာလဲ
ဝေလငါးတွေ သောင်တင်ရတဲ့ အကြောင်းရင်းကို ပညာရှင်တွေကိုယ်တိုင် အတိအကျမသိသေးပါဘူး။ သီအိုရီတွေ အမျိုးမျိုးရှိပြီး တချို့က ငါးတွေလိုက်ဖမ်းစားရင်း သူတို့ ဘယ်ကို ရောက်မှန်းမသိ ရောက်ကာ ကမ်းစပ်ကို ရောက်လာတာလို့ မှန်းဆကြတာတွေလည်း ရှိပါတယ်။
သောင်တင်ကြတဲ့ ဝေလငါးတွေထဲမှာ ပိုင်းလော့ ဝေလငါးက အုပ်လိုက်သောင်တင်ကြတာ တွေ့ရပါတယ်။ အကြောင်းကတော့ သူတို့က အုပ်လိုက် စုစုစည်းစည်းနေကြသလို တကောင်နဲ့ တကောင်လည်း အမြဲမပြတ် ဆက်သွယ်နေကြတာပါ။
ဦးဆောင်တဲ့ တကောင်က မှားပြီး တအုပ်လုံးနောက်ကပါလာကာ ကမ်းစပ် သောင်တွေပေါ်လာတင်တာလည်း ဖြစနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
ကမ်းခြေမှာ ပြေပြေလေး စောက်ပြီး ရေတိမ်တဲ့ နေရာက ဧရိယာအကျယ်ကြီးလိုဖြစ်နေတာမျိုးကလည်း တချို့ ဝေလငါးအုပ်တွေ အတွက် ဒုက္ခပိုတွေ့စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဝေလငါးတွေဟာ ရေတိမ်တဲ့ ကမ်းခြေတွေမှာ ကမ်းစပ်က ဘယ်မှာရှိတယ်ဆိုတာကို သူတို့ကထုတ်လွှင့်တဲ့ အသံလှိုင်း (sonar pulses) တွေနဲ့ မှန်းပြီးတိုင်းတာရတာခက်သွားလို့ပါ။
သြစတြေးလျ ဝေလငါးတွေ သောင်တင်ရင် ၈၀ ရာခိုင်နှုန်းက တက်စ်မေးနီးယားပြည်နယ်မှာ ဖြစ်ပြီး မက်ခ်ကွာရီ ဟက်ဒ်စ် အရပ်က အများဆုံးဖြစ်လေ့ရှိတဲ့နေရာလို့လည်း သိရပါတယ်။