လော့စ်အိန်ဂျယ်လိစ် ရဲတွေ ချောင်းမြောင်းပစ်ခတ်ခံရ

ရေးသားခဲ့သည်။

ချောင်းမြောင်းတိုက်ခိုက်ခံရတယ်လို့ ရဲတွေက ပြောတဲ့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာတွေရခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ် (LA) ရဲ တပ်ဖွဲ့ဝင် နှစ် ယောက်ကို ဆေးရုံမှာ အရေးတကြီးကုသနေရပါတယ်။

အဲဒီအဖြစ်ကိုရိုက်ထားတဲ့ ဗီဒီယိုတစ်ခုထဲမှာ လူတစ်ယောက်က ရဲတွေရဲ့ ကားနားကို ချဉ်းကပ်လာပြီး သေနတ်နဲ့ ရဲတွေကို ပစ်ကာ ထွက်ပြေးသွားပါတယ်။

လော့စ်အိန်ဂျယ်လိစ် ကောင်တီ ရဲအရာရှိချုပ် အဲလက်စ် ဗီလန်နျူဗာက အဲဒီတိုက်ခိုက်မှုဟာ "သူရဲဘောကြောင်တဲ့ လုပ်ရပ်" ပဲလို့ ပြောပါတယ်။ ပစ်ခတ်တယ်လို့ သံသယရှိခံရသူဟာ ထွက်ပြေးလွတ်မြောက်နေဆဲပါ။

အက်ဖ်ဘီအိုင်(FBI) မှတ်တမ်းတွေအရ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်မှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀ လောက် တာဝန်ထမ်းဆောင်နေစဉ် အသတ်ခံခဲ့ရပြီး အဲဒီထဲက ၈ ယောက်က ချောင်းမြောင်း တိုက်ခိုက်ခံရပြီး အသက်ဆုံးရသူတွေဆိုတာ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ကုသမှုပေးနေတဲ့ ဆေးရုံအရေးပေါ်ဌာန ဝင်ပေါက်ကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားပြီး ရဲတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေကြတယ်လို့ ရဲတွေနဲ့ တခြားမျက်မြင်သက်သေတွေက ပြောပါတယ်။ အတိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမည်ကို ထုတ်ဖော်ပြောတာမရှိလို့ မသိရသေးပေမဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး တစ်ယောက်နဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ယောက် တို့ဖြစ်တယ်လို့ ပြောကြပါတယ်။

LA ကောင်တီ ရဲတပ်ဖွဲ့က တွစ်တာက တစ်ဆင့် သတင်းထုတ်ပြန်ရာမှာ "ကင်းလှည့်တဲ့ကားပေါ်မှာ ထိုင်နေစဉ် အမျိုးသား ရဲတပ်ဖွဲ့ဝင် တစ်ယောက်နဲ့ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တစ်ယောက် ချောင်းမြောင်းတိုက်ခိုက်တာခံခဲ့ရတယ်။ သူတို့ နှစ် ယောက်လုံး သေနတ်ဒဏ်ရာ အများအပြားရခဲ့ပြီး အခု အသက်လုနေရတဲ့အခြေအနေမှာ ရှိနေတယ်။ သူတို့ နှစ် ယောက်လုံး ခွဲစိတ်ခန်းထဲမှာ ကုသမှုခံယူနေတယ်။ ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူ လွတ်မြောက်နေဆဲပဲ" လို့ ဆိုပါတယ်။

ရဲအရာရှိ ဗီလန်နျူဗာက "ဒီ (ရဲ) အလုပ်က အန္တရာယ်များတယ်ဆိုတာကို ဒီ စိတ်မကောင်းစရာ သတင်းက သတိပေးလိုက်တာပါ။ ဆောင်ရွက်မှုတွေ၊ အပြောအဆိုတွေက နောက်ဆက်တွဲပြဿနာတွေ ရှိပါတယ်။ လူတွေက ဥပဒေ အတိုင်းလေးစား လိုက်နာဖို့ဆိုတာကို မနှစ်သက်ကြတဲ့အတွက် ကျွန်တော်တို့တွေ အလုပ်လုပ်ရတာ မလွယ်ပါဘူး" လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက် ဗီဒီယိုကို ဖြန့်ဝေရင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က "တိရစ္ဆာန်တွေ နာတော့မယ်" လို့ တွစ်တာကနေ ရေးပါတယ်။

သူပြန်အရွေးချယ်ခံရဖို့ ပေးထားတဲ့ ကတိတွေထဲမှာ တရားဥပဒေအတိုင်း လိုက်နာစေအောင်လုပ်မယ် ဆိုတာက အဓိကကျတဲ့ ကတိတစ်ခုပါ။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယားက ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ် အက်ဒမ် ရှစ်ခ်က ရဲတပ်ဖွဲ့ဝင် နှစ်ယောက် အမြန်ကျန်းမာလာစေဖို့ သူဆုမွန်တောင်းနေကြောင်း ပြောပါတယ်။

"ရပ်ရွာအသိုင်းအဝိုင်းကို ကာကွယ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အန္တရာယ်ကြားကနေ နေ့တိုင်း တာဝန်ယူနေရတာ"၊ "သူရဲဘောကြောင်ကြောင်တိုက်ခိုက် ကျူးလွန်သူကို အမြန်ဆုံး တရားစီရင်နိုင်ဖို့ မျှော်လင့်တယ်" လို့ သူက တွစ်တာက တစ်ဆင့် စကားပါးပါတယ်။