အစ္စရေးနဲ့ ယူအေအီးတို့ သမိုင်းဝင် သံတမန်ဆက်သွယ်မှုရဲ့ နောက်ခံနဲ့ အလားအလာ

ရေးသားခဲ့သည်။

အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ယူအေအီးတို့ဟာ သြဂုတ်လ ၁၃ ရက်နေ့က သမိုင်းဝင် သံတမန် ဆက်သွယ်မှုစလုပ်ဖို့ သဘောတူနိုင်ခဲ့ကြပြီး ဒီသဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအရ အစ္စရေးက ပါလက်စတိုင်းမှာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသကို အစ္စရေးနယ်မြေထဲ ထည့်ဖို့ကိစ္စကို ဆိုင်းငံ့ထားဖို့ သဘောတူခဲ့ပါတယ်။

အခုလို သဘောတူညီမှုမှာ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အဲဒီနှစ်နိုင်ငံဟာ သမိုင်းဝင် သဘောတူညီမှုယူနိုင်ခဲ့တာ ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အရှိန်မြင့် ရှေ့တိုးမှုတစ်ခုလည်း ဖြစ်တယ်လို့ ရုတ်တရက်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ ထရမ့်က အဲဒီ ကြေညာချက်အတွက် တွစ်တာမှာ ပြောဆိုမှု လုပ်အပြီးမှာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယားဟူ ကလည်း သမိုင်းဝင်နေ့ပါပဲ ဆိုပြီး ဟီဘရူးဘာသာနဲ့ တွစ်တာမှာ ပြန်လည် ရေးသားခဲ့ပါတယ်။

အာရပ်နဲ့ အစ္စရေးတို့ ဆက်ဆံရေး အေးခဲနေတဲ့ အခြေအနေတစ်ခု အရည်ပျော်လာပြီဆိုတော့ နောက်ထပ် အာရပ်နဲ့ မွတ်ဆလင်နိုင်ငံတွေကလည်း အာရပ်စော်ဘွားများနိုင်ငံကို အတုယူလာကြဖို့ မျှော်လင့်ပါတယ်လို့လည်း မစ္စတာ ထရမ့်က သတင်းသမားတွေကို ပြောဆိုခဲ့ပြီး လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ အမေရိကန်သမ္မတ ရုံးခန်းအတွင်း အဲဒီ သဘောတူ လက်မှတ်ထိုးခြင်း အခမ်းအနား ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယားဟူ နဲ့ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဇာရက် အယ်လ်နာရန်တို့ရဲ့ အခုလို သမိုင်းဝင် သဘောတူညီမှုဟာ အစ္စရေးနိုင်ငံ ၁၉၄၈ က လွတ်လပ်ရေးကြေညာပြီးနောက်ပိုင်း တတိယမြောက် အာရပ်-အစ္စရေး ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုလည်း ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ အာရပ်နိုင်ငံတွေထဲက ပထမဆုံးအနေနဲ့ အီဂျစ်နဲ့ ၁၉၇၉ မှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့ပြီး ၁၉၉၄ မှာတော့ ဂျော်ဒန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ထားတာ ဖြစ်ပါတယ်။

မွတ်ဆလင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အနောက်အာဖရိက က မော်ရတေးနီးယားနိုင်ငံကလည်း အစ္စရေးနဲ့ ၁၉၉၉ မှာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပေမဲ့၂၀ဝ၉ ခုနှစ်မှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့တို့ အဓိက တိုက်ခိုက်ကြတဲ့ ဂါဇာစစ်ပွဲကြောင့် မော်ရတေးနီးယား နိုင်ငံဘက်က သံတမန် စတင် ရုပ်သိမ်းအပြီး နှစ်ဖက် သံတမန် ဆက်ဆံရေး ပျက်ပြားခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ အခုလို ယူအေအီးနဲ့ တရားဝင် အဆက်အဆံလုပ်ဖို့ သဘောမတူခင်အထိ ဘယ်အာရပ်ပင်လယ်ကွေ့ နိုင်ငံနဲ့မှ သံတမန် ဆက်ဆံရေး ရှိမထားခဲ့ပါဘူး။

ဒါပေမဲ့ အီရန်ရဲ့ လုပ်ရပ်တွေကို စိုးရိမ်ကြတာချင်းတူတဲ့အတွက် အစ္စရေးနဲ့ ယူအေအီးတို့ တရားဝင်မဟုတ်တဲ့ ဆက်ဆံရေး လမ်းကြောင်းတော့ ရှိထားတယ်လို့ ဆိုပါတယ်။

အခုလို နှစ်ဖက် သဘောတူညီမှု ဖြစ်လာလိမ့်မယ်ဆိုပြီး ပါလက်စတိုင်းခေါင်းဆောင်တွေက ထင်မထားကြဘူးဆိုတဲ့ သတင်းဖော်ပြမှုတွေလည်း ရှိခဲ့ရာမှာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုရင် ဒါဟာ သစ္စာဖောက်ခံရတာလို့ ပြောဆိုခဲ့တဲ့အပြင် အာရပ်စော်ဘွားများနိုင်ငံက ပါလက်စတိုင်းသံအမတ်ကိုလည်း မိခင်နိုင်ငံကို ပြန်ခေါ်ခဲ့ပါတယ်။

အမေရိကန်အတွက် နိုင်ငံခြားရေးမူဝါဒ အောင်ပွဲနဲ့ အစ္စရေး ဝန်ကြီးချုပ်အတွက် အမြတ်ထွက်စရာ အခြေအနေလား

အမေရိကန်နိုင်ငံဆိုင်ရာ ယူအေအီး သံအမတ် ယူဆက်ဖ် အယ်လ် အိုတိုင်ဘာက အစ္စရေးနဲ့ အခုလို သဘောတူညီမှု ယူနိုင်တာဟာ ဒေသတွင်းမှာ သံခင်းတမန်ခင်း ကျင့်စဥ်ရဲ့ အောင်မြင်မှုလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီ သဘောတူညီမှုဟာ အာရပ်-အစ္စရေး ဆက်ဆံရေးမှာ တင်းမာနေတာကို လျော့ချပြီး အပြုသဘော ပြောင်းလဲမှုတွေ လုပ်ရာမှာလိုအပ်တဲ့ အားအင်သစ်တွေကို ဖန်တီးပေးနိုင်တဲ့ သိသာတဲ့ ရှေ့တိုးမှု တစ်ခုဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ရဲ့ အကြီးတန်း အကြံပေးဖြစ်သူ ဂျရတ် ကွတ်ရှနာကလည်း အစ္စရေးဟာ အမေရိကန်နဲ့ မတိုင်ပင်ဘဲ ဘယ်လို နယ်မြေသိမ်းသွင်း ချဲ့ထွင်မှုမျိုးမှ လုပ်လိမ့်မယ်လို့ မယူဆကြောင်းနဲ့ အစ္စရေးနဲ့ အာရပ်စော်ဘွားများနိုင်ငံအကြား အပြန်အလှန် ဆက်ဆံမှုတွေ လျင်လျင်မြန်မြန် ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခုလို အစ္စရေးနဲ့ အာရပ်စော်ဘွားများနိုင်ငံတို့ ငြိမ်းချမ်းရေး သဘောတူညီမှုယူအပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယားဟူ က အစ္စရေးရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောကြားခဲ့ပြီး ပါလက်စတိုင်းက အနောက်ဘက်ကမ်းခြေဒေသကို အစ္စရေးပိုင်မြေအဖြစ် တရားဝင်ထည့်သွင်းဖို့ အစီအစဥ်ကို ဆိုင်းငံ့လိုက်တာသာ ဖြစ်ပြီး ထည့်သွင်းစဥ်းစားတဲ့ အစီအစဥ်တွေထဲမှာ ပါဝင်နေတုန်းပဲလို့ ပြောဆိုခဲ့ပါတယ်။

“အမေရိကန်ရဲ့ အပြည့်အဝ ပူးပေါင်းလုပ်ဆောင် ကူညီမှုနဲ့ ဂျူဒေယာနဲ့ ဆမာရီယာ (အနောက်ဘက် ကမ်းခြေဒေသ) တို့မှာ အစ္စရေးရဲ့ အချုပ်အခြာအာဏာ ဖြန့်ကြက်ဖို့ဆိုတဲ့ ကျွန်တော့ရဲ့ အစီအစဉ်က အပြောင်းအလဲမရှိပါဘူး။ ဒါ ကျွန်တော်လုပ်ဖို့ ဆုံးဖြတ်ထားပြီးသား ကိစ္စပါ။ အပြောင်းအလဲ မရှိပါဘူး။ ဒီ ဂျူဒေယာနဲ့ ဆမာရီယာဒေသ အစ္စရေး အချုပ်အခြာအာဏာ ဖြန့်ကြက်ဖို့ အစီအစဉ်ကို ဆွေးနွေးစရာ ကိစ္စတခုအဖြစ် ကျွန်တော်ကိုယ်တိုင် တင်သွင်းခဲ့တယ် ဆိုတာကိုလည်း သတိပေးပါရစေ။ ဒီကိစ္စက ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်နေဆဲပါပဲ” လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖန်တီးထုတ်လုပ်ရေး၊ စွမ်းအင်အရေး၊ ရေအရင်းအမြစ်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေနဲ့တကွ အခြားအရေးကိစ္စများစွာမှာ အာရပ်စော်ဘွားများနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း မစ္စတာ နက်တန်ယားဟူ က ပြောပါတယ်။

ဒီလို အစ္စရေးနဲ့ ယူအေအီး နိုင်ငံတို့ သဘောတူနိုင်မှုဟာ လာမယ့် နိုဝင်ဘာလမှာ သမ္မတအဖြစ် ပြန်လည် အရွေးခံမယ့် သမ္မတ ထရမ့်အတွက် နိုင်ငံခြားရေး မူဝါဒ အောင်ပွဲ အဖြစ်ယူဆနိုင်ပြီး အကျင့်ပျက် ခြစားမှုနဲ့ စွပ်စွဲခံနေရတဲ့ အစ္စရေး ဝန်ကြီးချုပ် နက်တန်ယားဟူအတွက်လည်း ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာ မြင့်တက်စေမယ့် သဘောတူညီမှု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ဒီခေါင်းဆောင် နှစ်ဦးစလုံးဟာ သူတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးအပေါ် ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ လူထုထောက်ခံမှုနှုန်း ကျလာတာနဲ့ ကြုံနေရသူတွေ ဖြစ်ပါတယ်။

အစ္စရေးဘက်မှာဆိုရင် အနောက်ဘက်ကမ်းခြေဒေသကို အစ္စရေးပိုင်နယ်မြေထဲ ထည့်လိုတဲ့ လက်ယာအစွန်းရောက်တွေက အစ္စရေးနဲ့ အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု ကြေညာချက်အပေါ် ဒေါသထွက်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးနဲ့ ယူအေအီးတို့ ဘာတွေဆက်လုပ်ဖို့ သဘောတူခဲ့ကြသလဲ

လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ အစ္စရေးနဲ့ အာရပ်စော်ဘွားများနိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ တိုက်ရိုက်လေကြောင်းပျံသန်းမှု၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ကျန်းမာရေး၊ ယဥ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် အရေး၊ နှစ်ဖက် သံရုံးထူထောင်ရေးနဲ့တကွ အခြား နှစ်ဖက်လုံး အကျိုးရှိစေမယ့် အရေးကိစ္စတွေအတွက် နှစ်ဖက်တွေ့ဆုံပြီး သဘောတူ လက်မှတ်ထိုးကြဖို့ စီစဉ်ထားပါတယ်။

အစ္စရေးအနေနဲ့လည်း အမေရိကန်သမ္မတ ထရမ့်ရဲ့ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး အစီအစဥ်ထဲမှာ ဖော်ပြထားတဲ့ ဒေသတွေအပေါ် အစ္စရေး အချုပ်အခြာ အာဏာ သက်ရောက်ကြောင်း ကြေညာမှု ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

အဲဒီ ဒေသတွေကတော့ အစ္စရေးအစိုးရက ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေဒေသအတွင်း တည်ထောင်ထားတဲ့ ဂျူးလူမျိုးများ အခြေချ နေထိုင်တဲ့ မြို့ကွက်တွေနဲ့တကွ ဂျော်ဒန်တောင်ကြားဒေသက နည်းဗျူဟာအရ အချက်အချာကျတဲ့ ဒေသတွေဖြစ်ပြီး ဒါတွေကို အစ္စရေးအစိုးရရဲ့ တရားဝင်ပိုက်နက်ထဲထည့်သွင်းဖို့ ကိစ္စကို မစ္စတာ ထရမ့်ရဲ့ အဲဒီ ငြိမ်းချမ်းရေး အစီအစဥ်က ထောက်ခံထားတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေကတော့ ဒီလိုလုပ်တာဟာ သူတို့အတွက် အနာဂတ်မှာ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ နိုင်ငံဖြစ်လာဖို့ဆိုတဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးရာကျပြီး နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက်ရာကျတယ်လို့ ယူဆကြရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအများစုကလည်း ဒါကို ထောက်ခံကြပါတယ်။

အာရပ်စော်ဘွားများနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်ဝါ ဂါဂက်ရှ်ကတော့ သူတို့ဘက်က အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတာဟာ အစ္စရေးက အနောက်ဘက် ကမ်းခြေကို အစ္စရေးပိုင်နက်ထဲ ထည့်တော့မယ်ဆိုတဲ့ “ချိန်ကိုက်ဗုံး” ကို ရပ်တန့်သွားအောင် လုပ်လိုက်တဲ့ ရဲတင်းတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးဘက်က အခုလို ပါလက်စတိုင်းနယ်မြေကို အစ္စရေးအပိုင်လုပ်ဖို့ ကိစ္စကို ဆိုင်းငံ့တာမဟုတ်ဘဲ ရပ်ဆိုင်းလိုက်တာလို့ ယူအေအီး ဘက်က ယူဆကြောင်းကိုလည်း မစ္စတာ ဂါဂက်ရှ်က ပြောပါတယ်။

ဒီကိစ္စအပေါ် ပါလက်စတိုင်းတွေရဲ့ ဝေဖန်မှုကို တုံ့ပြန်ရာမှာတော့ မစ္စတာ ဂါဂက်ရှ်က သူတို့ အနေနဲ့ ဒေသတွင်းမှာ အမြင်အမျိုးမျိုး ရှိကြတာကို အသိအမှတ်ပြုကြောင်းနဲ့ ထုံးစံအတိုင်း မကျေမနပ် ပြောကြတဲ့ အသံတွေကို ကြားရလိမ့်မယ်လို့ မျှော်လင့်ထားပြီးသား ဖြစ်ပေမဲ့ ဒီလို ဖြစ်လာမှာ စိုးရိမ်ခဲ့တာကြားက လုပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးအနေနဲ့လည်း အာရပ်ဒေသက တခြားနိုင်ငံတွေနဲ့တကွ အခြားနိုင်ငံတကာက မွတ်ဆလင်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေး တိုးချဲ့ဖို့ လုပ်သွားမှာဖြစ်ပြီး ဒီလို တိုးချဲ့နိုင်ဖို့အတွက် အမေရိကန်၊ ယူအေအီးတို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေး၊ အာရပ်စော်ဘွားများနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ “အရှေ့အလယ်ပိုင်းအတွက် နည်းဗျူဟာကျတဲ့ လုပ်ငန်းစဥ်” ကို ထူထောင်မှာဖြစ်ပြီး ဒီသုံးနိုင်ငံက ခေါင်းဆောင်တွေဟာ ဒေသတွင်း ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရော၊ ဒေသတွင်း အကျိုးအတွက်ပါ အယူအဆတွေ တူညီကြတယ်လို့လည်း ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံတမန်ရေး လမ်းကြောင်းကနေ ဒေသတွင်း တည်ငြိမ်ရေးလုပ်ဖို့၊ စီးပွားရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကိစ္စတွေမှာ ဝေမျှတာဝန်ယူလိုကြတယ်လို့လည်း ဆိုပါတယ်။

အစ္စရေး-ယူအေအီး သဘောတူညီချက်ကို တုံ့ပြန်မှုများ

ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့အနေနဲ့ အစ္စရေးက ပါလက်စတိုင်း အနောက်ဘက် ကမ်းခြေဒေသမှာ နယ်မြေသိမ်းသွင်းမှု မလုပ်ဘူးလို့ မျှော်လင့်ပြီး ဒါကို ဆိုင်းငံ့လိုက်တဲ့ ဒီသဘောတူညီချက်ဟာ ပိုပြီး ငြိမ်းချမ်းတဲ့ အရှေ့အလယ်ပိုင်း ဒေသ ဖြစ်လာရေး လမ်းကြောင်းပေါ်ရောက်ဖို့ ကြိုဆိုရမယ့် ခြေလှမ်းတစ်ရပ်ပါပဲလို့ ပြောဆိုခဲ့ပါတယ်။

အီဂျစ်သမ္မတ အဗ္ဗဒူ ဖက်တာ အယ်လ် စီစီ ကလည်း ဒီသဘောတူညီမှုကို ကြိုဆိုခဲ့ပြီး ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန် ဆဖာဒီ ကလည်း ဒီသဘောတူညီမှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့တိုးဖို့ တွန်းအားဖြစ်စေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်း အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ ဟာနန် အက်ရှ်ရာဝီ ကတော့ ဒီသဘောတူညီမှုကို ရှုတ်ချခဲ့ပြီး ယူအေအီး ဟာ အစ္စရေးနဲ့ လျှို့ဝှက်သဘောတူထားတာတွေကို အများရှေ့မှာ ထုတ်ပြလိုက်တာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီလို သဘောတူခဲ့တဲ့ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက်အနေနဲ့ သဘောတူညီမှု ယူနိုင်ခဲ့တဲ့ မိတ်ဆွေ ဆိုသူတွေရဲ့ အလှည့်စား မခံရပါစေနဲ့လို့ မျှော်လင့်ကြောင်းကိုလည်း အက်ရှ်ရာဝီက ပြောပါတယ်။

အီရန်အစိုးရ သတင်းဌာန IRNA ရဲ့ သတင်းဖော်ပြချက်အရ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီသဘောတူညီမှုကို အရှက်ရစရာဆိုပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း ဂါဇာဒေသက ဟားမတ်စ် စစ်သွေးကြွတွေကတော့ ဒီသဘောတူညီမှုဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးလိုက်တာဖြစ်တယ်လို့ တင်စား ပြောဆိုခဲ့ပါတယ်။

မေးခွန်းထုတ်စရာ ဖြစ်နေသေးတဲ့ မြင်သာတဲ့ ခြေလှမ်း လှမ်းမှုလား

(ကာကွယ်ရေးဆိုင်ရာ ဘီဘီစီသတင်းထောက် ဂျော်နသန် မားကပ်စ်ရဲ့ သုံးသပ်ချက်)

အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့ သံတမန်ဆက်ဆံရေး အပြည့်အဝ ထူထောင်တဲ့ အနေနဲ့ အပြန်အလှန် သံရုံးတွေ ထူထောင်တာ၊ ပုံမှန် ကုန်သွယ်ရေး ချိတ်ဆက်မှု ထူထောင်တာဟာ သိသာ ထင်ရှားတဲ့ သံတမန်ရေး ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။

ဒါပေမ ဒီသဘောတူညီမှုရဲ့ ကတိထားချက်တွေ အပြည့်အဝ ဖြစ်လာနိုင်ပါ့မလား ဆိုတာနဲ့ အခြားအာရပ်ပင်လယ်ကွေ့ နိုင်ငံတွေက ယူအေအီး နိုင်ငံ လိုပဲ အလားတူ လုပ်လာပါ့မလား ဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။

ဒီသဘောတူညီမှုဟာ အမေရိကန်သမ္မတ ထရမ့် အဆိုပြုနေတဲ့ ပါလက်စတိုင်းအရေး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြည့်စုံ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ဆိုတဲ့ ပုံစံမျိုးကို ရောက်ဖို့ အလှမ်းဝေးလှသေးပေမယ့် ဘက်ပေါင်းစုံအတွက် ရေတိုအကျိုးရှိမယ့် သဘောတူညီမှုလို့တော့ ဆိုနိုင်ပါတယ်။

ဒီသဘောတူညီမှုကို အမေရိကန်အိမ်ဖြူတော်က ပထမဆုံး စတင်ကြေညာခဲ့ရာမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရဖို့ အလားအလာတွေ ပိုမို ခက်ခဲလာတဲ့ ကာလကို ကြုံနေရတဲ့ ဒေါ်နယ်ထရမ့်အတွက်တော့ အောင်မြင်မှု အသေးစားလေးတစ်ခုလို့ ဆိုနိုင်ပါတယ်။

မလိုလားသူတွေ ဝိုင်းနေတဲ့ အခြေအနေကြုံနေရတဲ့ အစ္စရေး ဝန်ကြီးချုပ် နက်တန်ယားဟူ အတွက်လည်း အနောက်ဘက် ကမ်းခြေဒေသက အဓိကကျတဲ့ ဒေသတွေကို အစ္စရေးနယ်မြေထဲ ထည့်မယ်ဆိုပြီး ကျယ်ကျယ်လောင်လောင် နှုတ်ကျွံထားတဲ့အပေါ် ထွက်ပေါက်ရသွားခဲ့ပါတယ်။

အခုလို ပါလက်စတိုင်းပိုင် နယ်မြေကို အစ္စရေးပိုင်နက်ထဲ ထည့်သွင်းမယ့်ကိစ္စကို အမေရိကန်ဘက်က ပြတ်ပြတ်သားသား ထောက်ခံတာမျိုးမရှိရုံသာမက နိုင်ငံတကာကလည်း သိသိသာသာ ဆန့်ကျင်မှုရှိခဲ့တာကြောင့် တကယ်တမ်းလုပ်ဖို့ မဖြစ်နိုင်လောက်ဘူးဆိုတဲ့ အဖြေထွက်ထားပြီး ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာ ၂၀၁၉ အတွင်း ရွေးကောက်ပွဲ ၂ ကြိမ်လုပ်ခဲ့ရပြီး ၂၀၂၁ မှာ ဝန်ကြီးချုပ် အဖြစ်က ထွက်ပေးပါမယ်ဆိုတဲ့ ကတိနဲ့သာ မစ္စတာ နေတန်ယားဟူက ပြီးခဲ့တဲ့ ဧပြီလကမှ ညွန့်ပေါင်း အစိုးရဖွဲ့ပြီး ခေါင်းဆောင် လုပ်နေရတာ ဖြစ်ပါတယ်။

မစ္စတာ နက်တန်ယားဟူ အနေနဲ့ ရွေးကောက်ပွဲထပ်လုပ်ဖို့ သူ့ရဲ့လှုံ့ဆော်မှု မထင်မှတ်ဘဲ အောင်မြင်ခဲ့မယ်ဆိုရင် အစ္စရေးနဲ့ အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ ‘ငြိမ်းချမ်းရေး’ သဘောတူနိုင်မှုကို သူ့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အလားအလာ ကောင်းစေမယ့် အရာတစ်ခုလို့ သဘောထားကောင်း ထားနိုင်ပါတယ်။

အာရပ်စော်ဘွားများနိုင်ငံအတွက်ဆိုရင်တော့ ဒီသဘောတူညီမှုက လက်ငင်း ဘာအမြတ်ထွက်သလဲဆိုတာ တိတိကျကျ ပြောဖို့ ပိုခက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီသဘောတူညီမှုကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးကို ပိုပြီးအားကောင်းစေပြီး အစ္စရေးနဲ့ သဘောတူညီမှုကြောင့် စီးပွားရေး၊ လုံခြုံရေးနဲ့ သိပ္ပံဖွံ့ဖြိုးမှု အကျိုးကျေးဇူးတွေ ရကောင်း ရနိုင်ပါတယ်။

ပါလက်စတိုင်းတွေအတွက်ကတော့ ဒီလို သဘောတူညီမှုက အားမလို အားမရ မကျေနပ်မှုတွေကိုသာ ဖြစ်ပေါ်စေပြီး တကယ်တမ်း ပါလက်စတိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ထပ်ပြီး ဘေးဖယ်ခံရတဲ့ အခြေအနေကို ကြုံရတာလို့ ဆိုနိုင်ပါတယ်။

အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ အစ္စရေးနဲ့ ယူအေအီး သဘောတူညီမှုဟာ ကနဦး အမြင်မှာတွေ့ရတဲ့ အလားအလာထက်ကျော်တဲ့ အောင်မြင်မှုတွေ ဖြစ်နိုင်ချေ ရှိသလို အဲ့ဒီ အလားအလာတွေထက် လျော့နည်းတဲ့ အောင်မြင်မှုသာ ရနိုင်ချေရှိတဲ့ သဘောတူညီမှုလည်း ဖြစ်နေပါတယ်။