လူထုဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့အပြီး လက်ဘနွန်အစိုးရ ဆင်းပေးခဲ့

ရေးသားခဲ့သည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ပေါက်ကွဲမှုကြီးဖြစ်ခဲ့ပြီး မြို့လည်းတစ်စိတ်တစ်ပိုင်း ပျက်စီး၊ လူပေါင်း ၂၀၀ ကျော် အသက်ဆုံးခဲ့ရပြီးတဲ့နောက် သြဂုတ်လ ၉ ရက်နေ့မှာတော့ အစိုးရ နုတ်ထွက်သွားခဲ့ပါတယ်။

နုတ်ထွက်တဲ့ အကြောင်းကို ဝန်ကြီးချုပ် ဟာဆန်ဒီယပ်က နိုင်ငံပိုင် ရုပ်သံကနေ ကြေညာသွားခဲ့တာပါ။

ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံသားအများစုက အစိုးရခေါင်းဆောင်တွေဟာ ပေါ့လျော့ပျက်ကွက်မှုနဲ့ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် သူတို့မှာ တာဝန်ရှိတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း သုံးရက်ဆက်တိုက်ဖြစ်ခဲ့ပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေ တွန်းထိုး တိုက်ခိုက်ခဲ့ကြပါတယ်။

ပြီးခဲတဲ့အပတ်က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ ဆိပ်ကမ်းမှာ ဘေးအန္တရာယ်ကင်းရေး အစီအမံတွေ အသေအချာမရှိဘဲ သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ် တန်ချိန် ၂၇၅၀ ကနေ ပေါက်ကွဲခဲ့တာပါ။

အစိုးရအဖွဲ့နုတ်ထွက်တာကို သမ္မတ မီရှဲအောင်းက လက်ခံခဲ့ပြီး နောက်ထပ် ဝန်ကြီးအဖွဲ့သစ် မဖွဲ့ရသေးခင်အချိန်အထိ ဆက်ပြီး ယာယီတာဝန်ယူပေးဖို့ ပန်ကြားခဲ့ပါတယ်။

မစ္စတာ ဒီယပ်ဟာ ဒီနှစ်ဆန်း ဇန်နဝါရီလကမှ ဝန်ကြီးချုပ်တာဝန်ကို ရယူခဲ့သူ ဖြစ်ပါတယ်။ သူကတော့ သူ့ အစိုးရဟာ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် နိုင်ငံတွင်းမှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက် လာဘ်စားမှုတွေက သိပ်ကို နက်ရှိုင်းလွန်းတယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ ပါလီမန်က ဝန်ကြီးချုပ်အသစ်တစ်ယောက်ကို ရွေးရပါမယ်။ လက်ဘနွန်မှာ ရှိနေခဲ့တဲ့ လူမျိုးရေး ဘာသာရေး အုပ်စုကွဲတွေကြားက အားပြိုင်မှုတွေ အာဏာလွန်ဆွဲပွဲတွေ ဆက်တွေ့နေရဦးမယ်လို့ ဘီဘီစီအရှေ့အလယ်ပိုင်း သတင်းထောက် တွမ်ဘိတ်တမန်းက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူစုစုပေါင်းဟာ ၂၂၀ အထိ ရှိလာပြီး လူပေါင်း ၁၁၀ လည်း ပျောက်ဆုံးနေဆဲလို့ ဘေရွတ်မြို့တော်ဝန် မာဝမ် အာဘွတ်က ဒေသခံသတင်းမီဒီယာတွေကို ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လော်ရီကားမောင်းသမားတွေ အတော်များများလည်း ပျောက်နေတဲ့အထဲမှာ ပါတယ်လို့ သူက ဆိုပါတယ်။

အဲဒီ ပေါက်ကွဲမှုကြီးဟာ ပြင်းထန်လွန်းလို့ ဘေရွတ်မြို့က ၇ ကီလိုမီတာ အဝန်းအဝိုင်းလောက်အတွင်းမှာ ရှိတဲ့ အဆောက်အအုံတွေ ပျက်စီးကုန်ပါတယ်။ လူ နှစ်သိန်းကျော်လည်း အိုးအိမ်မဲ့သွားတာ၊ ဒါမှမဟုတ် ပြတင်းမှန်တွေမရှိ တံခါးတွေ မရှိတော့တဲ့ အိမ်တွေမှာ နေနေကြရပါတယ်။

သြဂုတ်လ ၉ ရက်နေ့ အစိုးရနုတ်ထွက်ကြောင်း ကြေညာအပြီးမှာပဲ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေလို့ ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အစိုးရ ဘာကြောင့် နုတ်ထွက်ရတာလဲ

လက်ဘနွန်မှာတော့ လူထုကြား မကျေနပ်မှုတွေက တငွေ့ငွေ့လောင်မြိုက်နေခဲ့တာ ကြာပါပြီ။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းကလည်း စီးပွားရေးကျပ်တည်းပြီး အစိုးရရဲ့ အကျင့်ပျက်လာဘ်စားမှုတွေအပေါ် လူထုက မကျေလည်ဖြစ်နေချိန် WhatsApp က ခေါ်ဆို ပြောကြားမှုတွေကို အခွန်ကောက်ဖို့ အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးတွေ ဖြစ်လာလို့ အစိုးရ နုတ်ထွက်ပေးခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာတော့ ဆန္ဒပြပွဲတွေ နည်းနည်းငြိမ်သွားပါတယ်၊ ဒါပေမယ့် စီးပွားရေး ဆုတ်ယုတ်မှုကတော့ ပိုဆိုးလာနေခဲ့ပြီး ဘေရွတ်ဆိပ်ကမ်းက ပေါက်ကွဲမှုကြီးဟာ အစိုးရရဲ့ နှစ်ပေါင်းများစွာကြာအောင် အကျင့်ပျက်မှုတွေနဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့်ပဲဆိုပြီး လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်ရပုံကို စုံစမ်းစစ်ဆေးပါမယ်လို့ အစိုးရက ကတိပြုခဲ့ပေမယ့် လူထုကတော့ မယုံကြည်တော့ပါဘူး။ အစိုးရအနေနဲ့ နုတ်ထွက်ပါပြီလို့ မကြေညာခင်ကတည်းက ဝန်ကြီး တချို့က နုတ်ထွက်ဖို့ ကမ်းလှမ်းတာတွေ ရှိနေခဲ့ပါပြီ။

အခုလို အစိုးရ နုတ်ထွက်သွားပေမယ့် လူထုရဲ့ အမျက်ဒေါသကတော့ ဒီမှာပြီးသွားမယ့်ပုံ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ကမှ လူထု ဆန္ဒပြပွဲတွေကြောင့် ဖွဲ့စည်းအာဏာရယူလာခဲ့တဲ့ အစိုးရက အခုတော့လည်း အရင်က လူထု ဆန့်ကျင်ခဲ့တဲ့ အကျင့်ပျက်လာဘ်စားမှု စွပ်စွဲချက်တွေနဲ့ပဲ ရာထူးက ဆင်းပေးခဲ့ရပြန်တာ ဖြစ်ပါတယ်။