မျိုးဆက်သစ်တွေ ထိုင်းမှာ အစိုးရကို ဘာလို့ဆန့်ကျင် ဆန္ဒပြနေကြတာလဲ

ရေးသားခဲ့သည်။

သူတို့ဟာ ငယ်ရွယ်သူတွေ ဖြစ်တယ်။ မကျေမနပ် ဒေါသထွက်နေပြီး အပြောင်းအလဲကို တောင်းဆိုနေကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေအများကြီး မစုဖို့ တားမြစ်ထားတဲ့ကြားက ပြီးခဲ့တဲ့တစ်ပတ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း အစိုးရ ဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲတခုမှာ ထိုင်းလူငယ် ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

သူတို့တောင်းဆိုထားတဲ့ အဓိကအချက် ၃ ချက် ဖြစ်တဲ့ လွှတ်တော်ဖျက်သိမ်းပေးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနဲ့ အစိုးရကို ဝေဖန်သူတွေအပေါ် အနှောင့်အယှက်ပေးနေမှုတွေ ရပ်ဆိုင်းပေးရေး စတဲ့ အချက်တွေ မရမချင်း ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ လူငယ်တွေက ပြောနေပါတယ်။

လူငယ်အတော်များများက ဂျပန် ကာတွန်းဇာတ်ကောင်ပုံစံမျိုး၊ Hunger Games ရုပ်ရှင်ထဲက အလေးပြုတဲ့ပုံစံမျိုး အပါအဝင် ဆန္ဒပြနည်း ပုံစံသစ်တွေ သုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။

စိတ်ပျက်နေကြတဲ့ လူငယ်တွေ

နိုင်ငံရေးမတည်ငြိမ်မှု၊ ဆန္ဒပြမှုတွေက ထိုင်းနိုင်ငံမှာ ဟိုးအရင်တည်းက ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဖေဖော်ဝါရီလက စခဲ့တဲ့ ဆန္ဒပြမှုအသစ်တွေကတော့ လူကြိုက်များတဲ့ အတိုက်အခံပါတီတစ်ခုကို ဖျက်သိမ်းပစ်ဖို့ အမိန့်ထုတ်ခဲ့အပြီးနောက်ပိုင်း ဖြစ်လာခဲ့တာပါ။

၂၀၁၄ ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်၂၀၁၉ ခုနှစ် မတ်လမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့် ရခဲ့ကြတဲ့ လူငယ်အတော်များများက နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စစ်အုပ်ချုပ်‌ရေးပုံစံလည်း ပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် စစ်တပ်က သူတို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍ ပိုခိုင်မာလာအောင် ရှေ့တိုးဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယုချန်အိုချာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲထည့်ခွင့်ရခဲ့ကြတဲ့ လူငယ်မဲဆန္ဒရှင်တွေအကြား ရေပန်းစားခဲ့တဲ့ တာနာထုံ ဂျွန်ရွန်ရန်ကစ် ဦးဆောင်တဲ့ ဒီမိုကရေစီလိုလားတဲ့ Future Forward Party (FFP) ပါတီက လူထုထောက်ခံမှု တတိယ အများဆုံး ရခဲ့ပါတယ်။

ကြွေးမြီကိစ္စနဲ့ ထိုင်းဒီမိုကရေစီပါတီ ဖျက်သိမ်းခံခဲ့ရ

ဒါပေမယ့် တာနာထုံဆီကနေ FFP ပါတီက အလှူငွေ လက်ခံယူခဲ့တာဟာ တရားမဝင် ငွေချေးခဲ့တာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါတီကိုဖျက်သိမ်းပစ်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရားရုံးက အမိန့်ချခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ လူထောင်ပေါင်းများစွာက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေကြောင့် ဆန္ဒပြမှုတွေ ဆိုင်းငံ့ခဲ့ရပါတယ်။

ဇွန်လမှာတော့ အထင်ကရ ဒီမိုကရေစီလှုပ်ရှားသူတစ်ဦး ရုတ်တရက် ပျောက်ဆုံးသွားရာကနေ မကျေနပ် ကန့်ကွက်မှုတွေ ပြန်ဖြစ်လာခဲ့ပြန်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘောဒီးယားမှာ ထွက်ပြေးခိုလှုံနေတဲ့ ဝမ်ချာလီအမ် ဆက်ဆာစစ် ကို ကားတစီးပေါ် အတင်းဆွဲတင် ဖမ်းဆီးသွားတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

သူ့ကို ပြန်ပေးဆွဲဖို့ ထိုင်းအစိုးရက နောက်ကွယ်ကနေ စီစဉ်ခဲ့တာလို့ ဆန္ဒပြသူတွေက စွပ်စွဲခဲ့ကြပါတယ်။ ထိုင်းရဲနဲ့ အစိုးရကတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ပူးကောင်၊ နို့လက်ဖက်ရည်နဲ့ ထိုင်းဆန္ဒပြပွဲ

ဒီလို အဖြစ်အပျက်တွေ ပေါင်းပြီး ဆန္ဒပြမှုအသစ်တွေ ဖြစ်လာစေခဲ့တာလို့ မဟီဒေါတက္ကသိုလ် နိုင်ငံရေး ပါမောက္ခ ပွန်ချာဒါ ဆီရီဗူနာဘွတ် က ပြောပါတယ်။

"အစိုးရရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီ မကျဘူးလို့ ကျောင်းသားတွေက ယူဆကြပါတယ်။တရားမျှတတဲ့ အစိုးရ တစ်ရပ်ရဖို့ သူတို့က လိုလားနေကြပါတယ်"လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာမှုကို စိတ်ပျက်နေတဲ့ ဆန္ဒပြသူတွေက အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးဖို့၊ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့၊ လက်ရှိဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့၊ တက်ကြွလှုပ်ရှားသူတွေကို အနှောင့်အယှက်ပေးနေတာတွေ ရပ်ဖို့ အခုအခါ တောင်းဆိုလာကြပါတယ်။

တကယ်ဆိုရင် ထိုင်းနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ် ကြေညာချက်အရ ဆန္ဒပြပွဲတွေ လုပ်ခွင့်မရှိဘဲ စည်းမျဉ်း ချိုးဖောက်ရင် ထောင်ဒဏ်၂ နှစ် အထိ ကျခံ ရနိုင်ပါတယ်။

ဒီဆန္ဒပြပွဲတွေမှာ ဦးဆောင်သူရယ်လို့ သတ်သတ်မှတ်မှတ် မရှိပေမဲ့ Free Youth ဆိုတဲ့ လူငယ်အုပ်စုတစ်စုက တွန်းအားပေး လှုပ်ရှားနေတာပါ။

ဒီအုပ်စုထဲမှာ တက္ကသိုလ်ကျောင်းသား အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့တွေ ပါဝင်ပြီး ခေါင်းဆောင်အဖြစ် ခန့်ထားတာ မရှိဘူးလို့ ဆစ်ဒနီ တက္ကသိုလ်က ဒေါက်တာ အိမ်ဆင်ပန်က ပြောပါတယ်။

"သူတို့တွေက လတ်တလောနှစ်ပိုင်းတွေအတွင်း ဟောင်ကောင်မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကနေ သင်ခန်းစာ ယူခဲ့ကြပါတယ်။ အဲဒီမှာ ဆန္ဒပြပွဲတွေကို နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ပါတီတွေက ဦးဆောင် လုပ်တာမျိုးထက် သီးခြားလွတ်လပ်တဲ့ ပုဂ္ဂိုလ် တဦးချင်းစီကို စုပေါင်း ကိုယ်စားပြုထားတဲ့ အုပ်စုတွေအနေနဲ့ ဆန္ဒပြနေကြတာပါ" လို့ ဆိုပါတယ်။

ထိုင်း၊ ဟောင်ကောင်နဲ့ တိုင်ဝမ်တို့မှာ ဒီမိုကရေစီလိုလားတဲ့ ၊ တရုတ် ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ ပေါင်းပြီး "Milk Tea Alliance" " နို့လက်ဖက်ရည် ညွန့်ပေါင်းအဖွဲ့" ဆိုတဲ့ အဖွဲ့တစ်ခု ဖွဲ့ထားတာ ရှိပါတယ်။ ဒီ ၃ နေရာစလုံးမှာ နှစ်နှစ်ခြိုက်ခြိုက် သောက်လေ့ ရှိတဲ့ လဘက်ရည်ကို အစွဲပြုပြီး အမည်ပေးထားတာပါ။

တခါ ထိုင်းမှာ ဆန္ဒပြသူတွေက ဆန္ဒပြပုံ နည်းလမ်းသစ်တွေ တီထွင် ကြံဆခဲ့ကြပါတယ်။

ဥပမာ ဟမ်တာရို ဆိုတဲ့ ဂျပန် ရုပ်ရှင်ဇာတ်လမ်းတွဲထဲက ကာတွန်းဇာတ်ကောင် ပူးလေးတစ်ကောင်ရဲ့ပုံကို သူတို့ရဲ့ အာဏာဖီဆန်တဲ့ ပုံစံ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြတာမျိုးပါ။

အဲဒီ ဟမ်တာရို ပူးကောင်လေးရဲ့ ဂျပန်ရုပ်ရှင် ဇာတ်ဝင်သီချင်းကိုလည်း စာသားပြောင်းပြီး အစိုးရဆန့်ကျင်ရေး သီချင်းအဖြစ် ထိုင်းဆန္ဒပြသူတွေက အသုံးပြုခဲ့ကြပါတယ်။

သီချင်းထဲမှာ ပါတဲ့ "နေကြာစေ့တွေက အရသာအရှိဆုံး" ဆိုတဲ့ စာသားကို "အခွန်ဆောင်သူတွေရဲ့ ငွေက အရသာအရှိဆုံး" လို့ ပြောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် Hunger Games ရုပ်ရှင်ထဲမှာ အာဏာပိုင်တွေကို အာခံတဲ့ သင်္ကေတအဖြစ် သုံးတဲ့ လက်သုံးချောင်း ထောင်ပြတဲ့ ပုံစံကိုလည်း ဆန္ဒပြတဲ့သူတွေ လိုက်အတုခိုး လုပ်ခဲ့ကြတာ တွေ့ရပါတယ်။

"ထိုင်းလူငယ်တွေဟာ မကျေနပ်မှုကို နှိုးဆွ ဖော်ပြတဲ့ ပေါ့ပ်ဂီတ ယဉ်ကျေးမှုပုံစံမျိုးတွေကို ပိုအသုံးပြုလေ့ ရှိတယ်" လို့ ဒေါက်တာ ဆင်ပန်က ပြောပါတယ်။

"ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အမြဲ ဖိနှိပ်ထားတဲ့ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာနေလာခဲ့တာရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတာပါ။ ဒါ့ကြောင့် ဖိနှိပ်ကန့်သတ်မှုတွေ အားလုံးကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတွေ သူတို့ အမြဲ ကြံဆ ဖန်တီးနေကြတာပါ"

ဘန်ကောက်မြို့တော်မှာလိုပဲ တခြားမြို့ငယ်လေးတွေမှာလည်း ဆိုရှယ်မီဒီယာကို သုံးပြီး ချက်ချင်း လူစု၊ ချက်ချင်း လူစုခွဲ ကိုယ်ရောင်ဖျောက်တဲ့ ဆန္ဒပြနည်းတွေကို သုံးလာကြပါတယ်။

"ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တွစ်တာလူမှုကွန်ရက်ကို သူတို့ အတော်လေး အသုံးပြုလာကြပါတယ်။ trending hashtags ကိုအသုံးပြုတာက လူထု ပါဝင်လာအောင် ဆော်သြစည်းရုံးဖို့တင်မက ခုမှ စဖွဲ့စည်း ပေါ်ပေါက်လာတဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို လူတွေကြား ထင်ထင်ရှားရှား သိလာစေဖို့ လုပ်တာ ဖြစ်တယ်" လို့ ဒေါက်တာဆင်ပန်က ပြောပါတယ်။

မျိုးဆက် ကွဲပြားမှု

ပြဿနာတစ်ခုက လူငယ်မျိုးဆက် ကျောင်းသားတွေ ဘာလိုချင်တယ် ဆိုတာကို အသက်ကြီးတဲ့ မျိုးဆက်တွေက နားမလည်ကြတာပဲလို့ ပါမောက္ခ ပွန်ချာဒါ က ပြောပါတယ်။

"အသက်ကြီးသူ အများစုက အခုအစိုးရကို ထောက်ခံကြပြီး လူငယ်တွေမှာတော့ ဆန့်ကျင်ဘက် အမြင်တွေနဲ့ပါ"

ရှပ်နီဝတ်တွေနဲ့ အတိုက်အခံတွေကို ထောက်ခံတဲ့ ရှပ်ဝါဝတ်တွေအကြား အရင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခပုံစံမျိုးနဲ့ မတူဘဲ "အခုလက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခက အသက်ကြီးသူတွေနဲ့ လူငယ်မျိုးဆက်တွေအကြားက ပြဿနာ ဖြစ်တယ်" လို့ သူက ပြောပါတယ်။

"ကလေးတွေက လူကြီးတွေကို ပြန်အာမခံသင့်ဘူး ဆိုတဲ့ အတွေးအခေါ် အမြင်မျိုးကို အဆင့်မြင့်အာဏာပိုင်တွေနဲ့ အသက်ကြီးပိုင်း တချို့က စွဲစွဲမြဲမြဲ ယုံကြည်ထားတာမျိုး ရှိနေတယ်။ လူငယ်တွေဘက်ကလည်း သူတို့ပြောချင်တာတွေ၊ သူတို့ရဲ့ စိုးရိမ်မှုတွေကို တိုင်းပြည်အုပ်ချုပ်နေကြတဲ့ လူကြီးပိုင်းက လေးလေးနက်နက် လက်ခံ နားထောင်စေချင်နေတယ်။ သူတို့ကို လေးလေးစားစား ဆက်ဆံတာ ခံချင်နေတယ်" လို့ ဒေါက်တာ ဆင်ပန်က ပြောပါတယ်။

လမ်းမတွေပေါ်မှာတော့ ဆန္ဒပြပွဲတွေက ပွဲဆူလာနေပါပြီ။ ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေက သက်ရောက်မှုတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါသလား။

"ဒီဆန္ဒပြပွဲတွေက ရောက်နိုင်သလောက် အတိုင်းအတာကို မရောက်သေးတဲ့အတွက် အစိုးရကို အကြီးအကျယ် လှုပ်ခတ်သွားအောင်တော့ လုပ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ သူတို့ကို လူတွေ သတိပြုမိတဲ့ အနေအထားတော့ ရောက်နေပါပြီ။ ဒါပေမဲ့ ဒီထက် ပိုအရှိန်မြှင့် လုပ်သွားဖို့တော့ လိုနေပါသေးတယ်" လို့ ‌ဒေါက်တာဆင်ပန်က ပြောပါတယ်။