ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီးတစ်ယောက်ရဲ့ စာမေးပွဲ ကိုယ်ရေးအချက်အလက်တွေ ဘယ်လိုအခိုးခံခဲ့ရလဲ
ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ဂါကာအိုလို့ခေါ်တဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ကျောင်းသား၁၀သန်းလောက် တရုတ်ပြည် တလွှားမှာ ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။
အဲ့ဒီစာမေးပွဲကို ကျောင်းသားတွေက စိုးရမ်ပူပန်ခဲ့ကြသလို သူတို့မတိုင်ခင် အရင်စာမေးပွဲတွေတုန်းက ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အချက်အလက်နဲ့ စာမေးပွဲရလဒ်တွေ စနစ်တကျ ခိုးယူခံ ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကလည်း မကြာခင်က ထွက်လာခဲ့ပါတယ်။
ချန်ချွန်ဇီအတွက် အဲ့ဒီစာမေးပွဲက အရာရာပြောင်းလဲစေခဲ့ပါတယ်။ လယ်သမားသား သမီးတစ်ယောက်ဖြစ်လို့ တက္ကသိုလ်တက်မယ့် သူ့အိပ်မက်တွေအကောင်အထည်ဖြစ်လာဖို့ကလည်း ဒီစာမေးပွဲ ရလဒ်အပေါ်မူတည်ခဲ့ပါတယ်။
စာမေးပွဲမအောင်ရင် သူ့အိပ်မက်တွေက ဘာမှ အရာထင်တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ စာမေးပွဲကျခဲ့ပါတယ်။
တက္ကသိုလ်ဝင်ခွင့်မရတော့အတွက် စက်ရုံ အလုပ်သမ၊ စားပွဲထိုး ၊အလုပ်ပေါင်းစုံကို မူလတန်းပြ ဆရာမတစ်ယောက် ဖြစ်မလာခင်အထိ သူလုပ်ခဲ့ရပါတယ်။
ဒါပေမဲ့ အဲ့ဒီကနေ ၁၆နှစ်ကြာပြီးတဲ့အချိန်ကြမှ သူ့ နာမည်နဲ့ လူတစ်ယောက် ရှန်ဒွန်နည်းပညာ တက္ကသိုလ်ဝင် တက်ခွင့်ရခဲ့တယ်ဆိုတာ သူသိလိုက်ရပါတယ်။
အဲ့ဒီသူက သူမဟုတ်ပါဘူး။ သူ့နာမည် သူ့ကိုယ်ပိုင်အချက်လက် ၊သူ့စာမေးပွဲရလဒ်တွေ ကိုသုံးပြီး တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အထိ မိန်းကလေးတစ်ယောက်ကတက်သွားတာပါ။
မကြာခင်က မီဒီယာတွေ ဖေါ်ပြခဲ့တဲ့ သတင်းတွေအရ ၂၀၀၂ကနေ ၂၀၀၉ခုနှစ်အတွင်း ရှိန်ဒွန်ခရိုင် ထဲက ကိုယ်ပိုင်အချက်အလက်ခိုးခံရတဲ့ကျောင်းသား၂၄၂ယောက်ထဲမှာ သူလည်း တစ်ယောက် အပါအဝင်လို့ သိရပါတယ်။
တုန်လှုပ်စရာကောင်းတဲ့ စနစ်တကျ ပူးပေါင်းလိမ်လည်မှု
ခက်တယ်လို့ နာမည်ကြီးတဲ့ ကောလိပ်ဝင်ခွင့် ဂါကာအို သို့မဟုတ် အထက်တန်းကျောင်း စာမေးပွဲကို တရုတ်၊ သင်္ချာ၊အင်္ဂလိပ်စာနဲ့ ပြီးရင် ကိုယ်လိုချင်တဲ့ ဘာသာတစ်ခုခု တွဲဖြေရပါတယ်။
ပညာရေးစနစ်ရဲ့ ဗဟိုချက်လိုဖြစ်နေတဲ့ အဲ့ဒီစာမေးပွဲကို ၁၉၅၀ကျော်နှစ်တွေကစခဲ့ပြီး ယဥ်ကျေးမှု တော်လှန်ရေးဖြစ်နေတဲ့ကာလအတွင်းမှာတော့ ခဏနားခဲ့ရပါတယ်။
ဒါပေ့မဲ့ ဂါကာအိုစာမေးပွဲက စာမေးပွဲတစ်ခုတည်းလို့တောင် ပြောလို့မရပါဘူး ။ အထူးသဖြင့် အထောက်အပံ့မရှိတဲ့ ကျောထောက်နောက်ခံမရှိတဲ့သူ သန်းနဲ့ချီအတွက် အောင်မြင်မှုနဲ့ ဘဝတိုးတက် ပြောင်းလဲဖို့ လက်မှတ်တစ်ခုလို့ ပြောနိုင်ပါတယ်။
ချန်တို့မိသားစု ဇတ်လမ်းက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တရုတ် တစ်နိုင်ငံလုံးနီးပါးကို ပျံ့နှံ့သွားခဲ့လို့ အံ့အားသင့်ခဲ့ကြပါတယ်။
သူတို့ မိသားစုကဆင်းရဲပြီး ကလေးတစ်ယောက်ကိုပဲ ပညာရေးအပြည့်အဝ ထောက်ပံ့နိုင်လို့ ချန် ကျောင်းဆက်တက်နိုင်ဖို့ သူ့ထက် ပညာပါရမီနည်းတဲ့ သူ့အကိုကို ကျောင်းက ထုတ်ခဲ့ရတာကြောင့်ပါ။
ဒီလိုကိစ္စမျိုးက တရုတ်နိုင်ငံတောပိုင်းမှာတော့ ရှားတယ်လို့ ပြောရမှာပါ။ ပညာရေး အတွက်ဆိုရင် အများအားဖြင့် သမီးမိန်းကလေးတွေကပဲ သားယောကျ်ားလေးတွေကို ပိုဦးစားပေးရတတ်တာပါ။
ဆင်းရဲတဲ့မိဘအထောက်အပံ့နဲ့ အနာဂတ်မျှော်လင့်ချက်တွေနဲ့အတူ ၂၀၀၄ခုနှစ် စာမေးပွဲကို သူ ဝင်ဖြေခဲ့ပါတယ်။ အရင်စနစ်က ကျောင်းတက်ခွင့်မရဘူးဆိုတဲ့ တက္ကသိုလ်ဝင်ခွင့်အငြင်းခံရတဲ့စာတွေ တက္ကသိုလ်ကျောင်းသားတွေဆီကို မပို့ပေးပါဘူး။
ကျောင်းတက်ခွင့်ရတဲ့ စာမရဘူးဆိုရင် သူတို့အငြင်းခံရပြီဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း လက်ခံ နားလည်ထားကြပါတယ်။
အဲ့ဒါကြောင့် တက္ကသိုလ်တွေပုံမှန်စဖွင့်တဲ့အချိန် စက်တင်ဘာလမရောက်ခင်အထိ သူ့ဆီကို စာရောက်မလာတော့ ဆုံးဖြတ်ချက်ချပြီး မြို့ပေါ်တက် အလုပ်လုပ်ခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ နှစ်တွေအများကြီးကြာပြီး ဒီနှစ်မေလထဲ ကိုပြန်ရောက်လာတော့ သက်ကြီးပိုင်း သင်ရိုးတစ်ခုကို တက်မယ်လို့သူဆုံးဖြတ်တဲ့အတွက် အမည်စာရင်းသွင်းဖို့ သူလုပ်ခဲ့ပါတယ်။
အစိုးရဝက်ဘ်ဆိုက်ထဲမှာ သူ့ကိုယ်ရေးအချက်အလက်တွေဖြည့်တော့ သူ့နာမည်နဲ့ လူတစ်ယောက် ၂၀၀၄မှာ တက္ကသိုလ်ဝင်ခွင့်ရပြီး ၂၀၀၇က ဘွဲ့ရသွားတယ်ဆိုတာ တွေ့လိုက်ရပါတယ်။
ဒါပေ့မဲ့ အဲ့ဒီထဲမှာတွေ့ရတဲ့ပုံက သူ့ပုံမဟုတ်ပါဘူး။တဖြည်းဖြည်းနဲ့ သူစဥ်းစားပြီး ရှင်းလာတာက သူ့နာမည်နဲ့ တစ်ယောက်ယောက် တက္ကသိုလ်ဝင်ခွင့်ရအောင်လုပ်ပြီး ဘွဲ့ရတဲ့အထိ လိမ်သွားတယ် ဆိုတာကိုပါ။
လိမ်တဲ့သူရဲ့ ဦးလေး ဒေသန္တရအရာရှိက ဒေသခံတက္ကသိုလ်ဝင်ခွင့် စစ်ဆေးတဲ့ ဒါရိုက်တာနဲ့ ပေါင်းပြီး ချန်ရဲ့ စာမေးပွဲအချက်အလက်တွေကို ရအောင်ယူခဲ့တယ်လို့ စွပ်စွဲထားတာကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖေါ်ပြခဲ့ပါတယ်။
ချန်ရရမယ့် တက္ကသိုလ်ဝင်ခွင့်စာကို စာတိုက်က သူ့ဆီမပို့ရသေးခင် လိမ်တဲ့သူရဲ့ အဖေက ဖြတ်ယူခဲ့တယ်ဆိုတာလည်း စွပ်စွဲထားပါတယ်။
ပြီးတော့ လိမ်တဲ့သူတွေက ကျောင်းလျှောက်လွှာပုံစံထဲမှာ ချန်ရဲ့ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး
အကူအညီနဲ့ တက္ကသိုလ်လိမ်တက်တဲ့သူရဲ့ အချက်အလက်တွေ အားလုံးကိုဖြည့်ပြီး အတုလုပ်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့ပါတယ်။
ရဲညွှန်ကြားရေးမှုးတစ်ယောက်နဲ့ အလုပ်အတူလုပ်ခဲ့ကြတဲ့ လိမ်တဲ့သူရဲ့ ဆွေမျိုးတွေနဲ့ ရှန်ဒွန်နည်းပညာတက္ကသိုလ်ဝန်ထမ်းတစ်ယောက်က တက္ကသိုလ်ဝင်ခွင့် အတည်ဖြစ်သွားအောင် သိသိကြီးနဲ့ လုပ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ဘယ်လိုဖြစ်ဖြစ် သူတို့ရဲ့မစာနာတဲ့ လုပ်ရပ်ကြောင့် လယ်သမား သမီးချန်အတွက် တက္ကသိုလ် ဝင်ခွင့်ဆုံးရှုံးခဲ့ရတာပါ။
ချန်းရဲ့ ကိုယ်ပိုင်အချက်အလက်ကို ခိုးယူခဲ့တဲ့ လိမ်တဲ့သူရဲ့ နာမည်အစစ်က ချန်ယန်ပင်း လို့ခေါ်ပါတယ်။
ဒီနေ့မတိုင်ခင်အထိ သူ့ကို ချန်ချွန်ဇီလို့ ပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေက သိနေကြတယ်လို့ မီဒီယာတွေ ကပြောပါတယ်။ သူ့ဘွဲ့ကို တက္ကသိုလ်က ပြန်ရုပ်သိမ်းခဲ့ပြီး အလုပ်ကလည်း အထုတ်ခံခဲ့ရပါတယ်။ အစိုးရသတင်းထုတ်ပြန်ချက်တစ်ခုမှာလည်း သူ့ကိုစုံစမ်းစစ်ဆေးတာတွေ လုပ်နေဆဲလို့ ပြောထားပါတယ်။
"သူနဲ့ လူချင်းတွေ့ရင် ငါ့ကိုယ်ပိုင် အချက်အလက်တွေကို ဘာလို့ခိုးရတာလဲ။ နင်ကငါ့နေရာမှာ အစားထိုးလိုက်တော့ ငါဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးမိဘူးလား။ အရမ်းတစ်ကိုယ်ကောင်း မဆန်လွန်းဘူးလားလို့ မေးလိုက်ချင်တယ် " လို့ တရုတ်အစိုးရပိုင် စီစီတီဗီ အင်တာဗျုးတစ်ခုထဲမှာ ချန်က ပြောခဲ့ပါတယ်။
သူ့ဇာတ်လမ်းကိုသိလိုက်ရတဲ့ သူတွေ ဒေါသူပုန်ထခဲ့ကြပြီး နှစ်ပေါင်းများစွာ ကြိုးစားရတဲ့ စာမေးပွဲတစ်ခုမှာ အားလုံးတန်းတူအခွင့်အရေး အာမခံချက် ရသင့်တယ်ဆိုတဲ့ အချက်ကိုလည်း အများစုက ထောက်ပြ မေးခွန်းထုတ်နေကြပါတယ်။
" ဂါကာအို စာမေးပွဲက မချမ်းသာတဲ့လူတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ တချို့လူတွေ နားမလည်ကြဘူး။ သူတို့ကလေးတွေကို ထောက်ပံ့ဖို့ မိဘတွေ အလုပ်ကြိုးကြိုးစားစား လုပ်ကြရပေမဲ့ အာဏာရှိတဲ့လူတချို့က သူတို့လမ်းကို ပိတ်ခဲ့ကြတယ်" လို့ ဝီဘိုစာမျက်နှာ ပေါ်မှာ လူတစ်ယောက်ကရေး ခဲ့ပါတယ်။
လယ်သမားတစ်ယောက်အနေနဲ့ ဘာတတ်နိုင်မှာလဲ
ဂါကာအိုစာမေးပွဲ လိမ်လည်မှုက နှစ်မျိုးနှစ်စားရှိတယ်လို့ သိပ္ပံပညာရေး တရုတ်အမျိုးသား အင်စတီ ကျု့ရဲ့ သုတေသီ ချုဇာဟောင်းကပြောပါတယ်။
ပထမအမျိုးအစားက ခံရတဲ့သူက အလုပ်ခံရမှန်းမသိပဲနဲ့ လုပ်သွားကြတာ။ နောက်တစ်ခုက ငွေကြေး အပေးအယူသဘောတူညီချက်တွေပါနိုင်တဲ့ နှစ်ဘက်သဘောတူညီမှုနဲ့ လုပ်ကြတာ။
ပထမအမျိုးစားမှာ ပါဝင်ပတ်သက်တဲ့သူတွေက အဖွဲ့အစည်း တစ်ဖွဲ့တည်းမကဘူးလို့ သူက ပြောပါတယ်။
"အကြမ်းအားဖြင့်တော့ ကျောင်းတွေ၊စာမေးပွဲစစ်တဲ့ အဖွဲ့အစည်းတွေ၊ဝင်ခွင့် လက်ခံတဲ့ ရုံးတွေနဲ့ အိထောင်စုဝင်လူဦးရေ စိစစ်တဲ့ ဌာနတွေပူးပေါင်းပါဝင်ကြပါတယ်။ အဲ့ဒါကြောင့် ဆက်နွယ်မှု အများစုမှာ လွယ်ပေါက် ကယ်ပေါက်တွေရှိနေတယ်ဆိုရင် ဒါက ပူးပေါင်းလိမ်လည်မှု လုပ်တာလို့ပြနိုင်တယ်" လို့ ဘီဘီစီ တရုတ်သတင်းဌာန ကို မစ္စတာချုက ပြောခဲ့ပါတယ်။
ခံရတဲ့ သူအများစုက ပုံမှန်အားဖြင့် နိမ့်ကျဆင်းရဲတဲ့ လူမှုအသိုင်းအဝန်းက လူတွေဖြစ်လို့ သူတို့ခံ ခဲ့ရတယ်ဆို သိခဲ့ရင်တောင် ပြန်တုံ့ပြန်ဖို့ မလွယ်ဘူးဆိုတာ ချန်ရဲ့ အဖေအပြောအရ သိလိုက်ရပါ တယ်။
"လယ်သမားတစ်ယောက်အနေနဲ့ ဘာလုပ်နိုင်မှာလဲ။ ကျွန်တော်ကသာ အာဏာအပြည့်ရှိတဲ့သူဆိုရင် ကျွန်တော့်သမီးကို သူ့တို့လာလုပ်ရဲပါ့မလား "လို့ တရုတ်မီဒီယာတစ်ခုမှာ သူကပြန် မေးခွန်းထုတ်ခဲ့ပါတယ်။
ကောလိပ်ဝင်ခွင့်အတွက် အခြားသူရဲ့ ကိုယ်ရေးအချက်အလက်ခိုးယူတဲ့ကိစ္စကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ဖို့ ပြီးခဲ့တဲ့လကလုပ်ခဲ့တဲ့ တရုတ်ပါလီမန်အစည်းအဝေးမှာလည်း တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီလိုလုပ်တဲ့လူတွေရဲ့လုပ်ရပ်က "ပိုက်ဆံခိုးတဲ့ သူခိုးတွေကျုးလွန်တာထက် အများကြီးပိုဆိုးတယ် "လို့ ကိုယ်စားလှယ်တစ်ယောက်က ပြောခဲ့ပါသေးတယ်။
ဒီလို အဖြစ်မျိုးတွေ ထပ်မကြုံရမအာင် ကောလိပ်ဝင်ခွင့် ပုံစံသစ်တခုကို လုပ်ထားပြီလို့ ရှန်ဒွန်ခရိုင် တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။
အဲ့ဒီစနစ်အရ ကျောင်းတက်ဖို့ ကမ်းလှမ်းတဲ့စာ ၊ ကိုယ်ရေးအချက်အလက် ကတ်ပြား၊ နေထိုင်ခွင့် လက်မှတ်နဲ့ စာမေးဝင်ဖြေတဲ့ လက်မှတ်တွေကို ကောလိပ်ဝင်ခွင့်ရဖို့ ကျောင်းသားတွေက တင်ပြရမှာပါ။
တက္ကသိုလ်ဝင်ခွင့်ရတဲ့ ရလဒ်တွေကို အွန်လိုင်းကနေထုတ်ပြန်ပေးပြီးတော့ text message ကနေတစ်ဆင့်လည်း ဖုန်းကိုလှမ်းပို့ပေးဖို့ စီစဥ်ထားပါတယ်။
ကျောင်းသားတွေရဲ့ အချက်အလက်မှတ်တမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် အွန်လိုင်းကနေ ထုတ်ပြန်နေလို့ လိမ်မယ့်သူတွေ ပိုခက်သွားပြီလို့ ရန်မင်တက္ကသိုလ်ပါမောက္ခ ချန်ဖန်ပင်းက ဘီဘီစီ တရုတ်ဌာန ကိုပြောခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနကလည်း ကိုယ်ပိုင်အချက်အလက် ခိုးယူတဲ့ကိစ္စမှာ ပါဝင်ပတ်သက်တဲ့ ဘယ်ကျောင်းသားကိုမဆို တက္ကသိုလ်ဝင်ခွင့်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။
ချန်ချွန်ဇီကိစ္စကို စုံစမ်းစစ်ဆေးဖို့နဲ့ လူ၄၆ယောက်ကို အပြစ်ပေးထားပြီလို့ ဒေသန္တရအာဏာပိုင် တွေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
အခုတော့ ချန်က သူ့ဘဝအတွက် ရသင့်ရထိုက်တာကို ပြန်ရဖို့ ကြိုးစားနေပြီး သူ တက္ကသိုလ်ဝင် ခွင့်ပြန်ရဖို့ ရှန်ဒွန်တက္ကသိုလ်ကို တောင်းဆိုထားပါတယ်။
ချန် ဝင်ခွင့်တောင်းတာကို အစပိုင်းမှာ ငြင်းပယ်ခဲ့လို့ လူတွေ အုတ်အော်သောင်းတင်းဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ "သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အဲ့ဒီကိစ္စကို သေသေချာချာလုပ်ဆောင်နေပြီ" လို့ တက္ကသိုလ်ဘက်က ပြန်ပြောထားပါတယ်။