ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ အာသံပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၅၀ ကျော်သေဆုံး
အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ရေကြီးလို့ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူ ၂ သန်းကျော် ဒုက္ခရောက်ခဲ့ရကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
သည်းကြီးမဲကြီး ရွာတဲ့မိုးဟာ ထောင်ပေါင်းများစွာသော ရွာတွေကို ရေအောက်နှစ်မြှုပ်ပစ်ခဲ့တာပါ။ အဲဒီရွာတွေက ထွက်ပြေးစွန့်ခွာလာသူတွေအတွက် ဒုက္ခသည်စခန်းတွေ စီစဥ်ခဲ့ရပါတယ်။
ခရိုင် ၂၀ မှာ လူပေါင်း ၆ သောင်းအတွက် ကယ်ဆယ်ရေးစခန်း ၄၈၀ ဆောက်လုပ်ခဲ့ပါတယ်။ လမ်းတွေ၊ အိမ်တွေ၊ အဆောက်အဦတွေအများအပြား ရေနစ်မြုပ်ခဲ့ကြပါတယ်။
အရွေးကောက်ခံလွှတ်တော်အမတ်တယောက်က ရင်ခေါင်းလောက်ရှိတဲ့ ရွှံ့ဗွက်ရေထဲဖြတ်ပြီး ဒုက္ခသည်မိသားစုကို ကိုယ်တိုင်ကယ်တင်တဲ့ ဗီဒီယိုတခု လူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။
လွှတ်တော်အမတ် အမ်ရီနယ်ဆိုင်ကယ်က လွှမ်းမိုးခံရတဲ့ အိမ်ထဲကနေ ကလေးနှစ်ယောက်နဲ့ မိခင်တယောက်ကို တခြားအမျိုးသားတချို့နဲ့ အတူ သစ်လုံးဖောင်နဲ့ ကယ်ဆယ်ရွှေ့ပြောင်းပေးနေတဲ့ ဗီဒီယိုကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး သူ့မဲဆန္ဒနယ်ဟာ ရေလွှမ်းမိုးမှုကြောင့် ဒုက္ခရောက်နေရပြီလို့ ရေးသားခဲ့တာပါ။ အတွင်းပိုင်းမှာ ပိတ်မိနေတဲ့လူတွေကို သူတို့ကယ်တင်နေကြတယ်လို့လည်း ရေးသားခဲ့ပါတယ်။
ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကာဇီရန်ဂါအမျိုးသားဥယျာဥ်လည်း ရေနစ်မြုပ်ခဲ့ပြီး အနည်းဆုံး တိရစ္ဆာန်ရိုင်း ၅၁ ကောင် သေဆုံးခဲ့ပါတယ်။
တိရစ္ဆာန်ရိုင်း ၁၀၂ ကောင်ကိုတော့ တာဝန်ရှိသူတွေက ကယ်တင်ခဲ့ကြပါတယ်။
ကျားတချို့၊ ကြံ့တချို့ဟာ သူတို့ဘာသာ ရေဘေးတိမ်းရှောင်ပြီး ရွာနီးချုပ်စပ်ကို ရောက်ကုန်ကြပါတယ်။
ကာဇီရန်ဂါ အမျိုးသားဥယျာဥ်ဟာ တကမ္ဘာလုံးမှာရှိတဲ့ ချိုတချောင်းကြံ့ရဲ့ သုံးပုံနှစ်ပုံနေထိုင်တဲ့ နေရာဖြစ်ပါတယ်။
ပြည်နယ်တခုလုံးမှာ ရေဘေးကယ်ဆယ်ရေး အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှေပေါင်း ၁၀၀ စီစဥ်ချထားခဲ့တယ်လို့ သတင်းမီဒီယာတွေမှာရေးသားဖော်ပြပါတယ်။
မိုးသည်းတာဟာ အိန္ဒိယမှာ ကြုံတွေ့နေကျပါ။ ဒါပေမယ့် အခုတကြိမ်မှာ မိုးကြောင့်ရေအလွန်ကြီးခဲ့သလို ကိုဗစ်-၁၉ ကပ်ဘေး ကာလဖြစ်တဲ့အတွက် အခက်အခဲပိုကြီးမားပါတယ်။
အာသံပြည်နယ်မှာ နှစ်စဥ်မိုးသည်း၊ ရေကြီးလေ့ရှိပြီး တခါတရံမြေပြိုမှုလည်း ဖြစ်ပါတယ်။ လူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး တခါတလေမှာ ပိုင်ဆိုင်ပစ္စည်းတွေကိုတောင် မသယ်ယူနိုင်ကြပါဘူး။
ပြီးခဲ့တဲ့နှစ်က အငြင်းပွားဖွယ် နိုင်ငံသားဥပဒေတရပ်ထုတ်ပြန်ခဲ့ရာမှာ အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထားပြသနိုင်ရမယ်လို့ ဆိုထားတဲ့ အတွက် အထောက်ထားမဲ့ လူအများအပြားဟာ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ရေဘေးကြောင့် အထောက်အထားစာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးကုန်ကြလို့ ဖြစ်ပါတယ်။
မနှစ်က ဒီလိုအချိန်မှာလည်း အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ နေရာ အနှံ့အပြားမှာ မိုးရွာရေကြီးမှုကြောင့် လူပေါင်း သန်းချီရွှေ့ပြောင်းခဲ့ကြရပါတယ်။
အိန္ဒိယမှာတော့ အာသံနဲ့ ဘီဟာပြည်နယ်တွေဟာ အဆိုးဆုံးတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။