ပါကစ္စတန် ကရာချိမြို့က စတော့စျေးကွက် အဆောက်အအုံ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကရာချိမြို့က စတော့အိတ်ချိန်း အဆောက်အအုံကို သေနတ်သမားလေးဦးက ဇွန်လ ၂၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစောင့်နှစ်ဦးနဲ့ ရဲတစ်ဦး သေဆုံးခဲ့ပြီး လူ ၇ ဦးဒဏ်ရာ ရခဲ့ပါတယ်။ စီးနင်းတိုက်ခိုက်တဲ့ သေနတ်သမားတွေလည်း သေဆုံးခဲ့ပါတယ်။

သေနတ်သမားတွေဟာ စတော့စျေးကွက် အဆောက်အအုံရဲ့ ပင်မဂိတ်ကြီးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ပြီးနောက် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စတော့အိတ်ချိန်းက ကုန်သွယ်မှုလုပ်တဲ့ အထပ်ထိတော့ မဝင်လာနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အထဲမှာရှိတဲ့ ၀န်ထမ်းတွေဟာ သော့ခတ်ထားတဲ့ အခန်းတွေမှာ ပုန်းနေခဲ့ကြပြီး လူအတော်များများကိုတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီဧရိယာကို ရှာဖွေမှုတွေ လုပ်ခဲ့ကြပါတယ်။

Baloch Liberation Army က စစ်သွေးကြွတွေကတော့ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ သူတို့ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

ဘာလူချစ်စတန် (Balochistan) လူမျိုးစုတွေဟာ ပါကစ္စတန်ကနေ သီးခြားခွဲထွက်နိုင်ဖို့နဲ့ ဘာလူချစ်စတန်ပြည်နယ်က သယံဇာတွေကို ခွဲဝေရာမှာ ပိုပြီးရနိုင်ဖို့အတွက်အတွက် ကာလကြာရှည်စွာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ စစ်သွေးကြွအကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးတော့ များသောအားဖြင့် စစ်သွေးကြွတွေဟာ အစ္စလာမ္မစ်အုပ်စုတွေ ဖြစ်ကြပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲပါတယ်။

တနင်္လာနေ့က တိုက်ခိုက်မှုမှာ အော်တိုမစ်တစ်ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေဟာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ပြီးနောက် စတော့အိတ်ချိန်းအပြင်ဘက်က လုံခြုံရေးစခန်းကို သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။

သေနတ်သမားတွေဟာ ငွေရောင်ကိုရိုလာကားနဲ့ ရောက်လာကြတာဖြစ်ပြီးတော့ လုံခြုံရေးဂိတ်အရောက် ရဲတွေက တားဆီးရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ စဖြစ်တာလို့ ရဲတပ်ဖွဲ့စစ်ဆေးရေးမှူးချုပ် က ဘီဘီစီကို ပြောပါတယ်။

အစောင့်တွေက ပြန်လည်တိုက်ခိုက်ရာမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြတဲ့ သေနတ်သမားလေးဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရသူ ခုနစ်ဦး အနက် ၃ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

တိုက်ခိုက်သူတွေဟာ စတော့အိတ်ချိန်း အဓိက အဆောက်အအုံထဲ ဝင်ရောက်ပြီး ဗုံးဖောက်ခွဲမှု မလုပ်နိုင်ခဲ့တဲ့အပြင် ဖောက်ခွဲရေး လက်နက်တွေလည်း သူတို့ဆီက ပြန်ရခဲ့ကြောင်းလည်း တာဝန်ရှိသူတွေ ကပြောပါတယ်။ ပါကစ္စတန် စတော့အိတ်ချိန်းကလည်း ဘယ်စစ်သွေးကြွမှ အဆောက်အအုံ အတွင်းကို မဝင်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

သေနတ်သမားတွေဟာ ကားပါကင်ကနေ တစ်ဆင့် အဆောက်အအုံထဲကို ဝင်ရောက်လာခဲ့ကြပြီး တွေ့သမျှ အကုန်သေနတ်နဲ့ ပစ်သွားတယ်လို့ ဆိုပါတယ်။

စတော့အိတ်ချိန်း အဆောက်အအုံထဲက လူအများစုဟာ အခန်းတွေမှာ သော့ခတ်ပြီး ပုန်းနေခဲ့ကြသလို သူတို့ကို နောက်ပေါက်ကနေ ကယ်ထုတ်ပြောင်းရွေ့ပေးခဲ့တယ်လို့ ဒေသရုပ်သံ သတင်းက ပြောပါတယ်။

စတော့အိတ်ချိန်းဟာ ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေတည်ရှိတဲ့ ကရာချိမြို့ရဲ့ လုံခြုံရေး တင်းကျပ်တဲ့နေရာမှာ တည်ရှိပါတယ်။