ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စကော့တလန်မှာ လူ ၃ ယောက် ဓားထိုးခံရ
ဗြိတိန်နိုင်ငံ စကော့တလန်နယ် ဂလတ်စဂိုမြို့လယ်က ဟိုတယ်တခုရဲ့ လှေကားထဲမှာ လူ ၃ ယောက် ဓားနဲ့ အထိုးခံခဲ့ရပြီးနောက် သေဆုံးသွားကြပြီလို့ ယူဆရပါတယ်။
ဓားနဲ့ထိုးတဲ့သံသယတရားခံကို ရဲကပစ်သတ်လိုက်ပြီလို့ သိရပါတယ်။
ရဲတယောက်လည်း ဓားနဲ့အထိုးခံရကြောင်း စကော့တလန်ရဲအဖွဲ့ချုပ်က အတည်ပြုပါတယ်။ West George လမ်းမပေါ်မှာရှိတဲ့ Park Inn ဟိုတယ်ရဲ့အပြင်ဘက်မှာ လက်နက်ကိုင်ရဲအဖွဲ့က စောင့်ကြပ်နေဆဲဖြစ်ပါတယ်။
ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေရှိပြီး အများပြည်သူအတွက် အန္တရာယ်မရှိကြောင်း စကော့တလန်ရဲအဖွဲ့ရဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။
“အဖြစ်အပျက်ဟာ ကြောက်မက်ဖွယ်ကောင်းပါတယ်။” လို့ စကော့တလန် ဝန်ကြီးချုပ် နီကိုလာ စတာဂျင်ကဆိုပါတယ်။
သူ့ဆီကို သတင်းပေးပို့နေတဲ့အတွက် တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း သိလာရပြီလို့ ဆိုပါတယ်။
အားလုံးနဲ့ထပ်တူခံစားရပါတယ်လို့လည်းသူကဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ဂလတ်စဂိုမှာ ဖြစ်ပွားတဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်အတွက် အထူးဝမ်းနည်းမိပါတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ရာပတ်ဝန်းကျင်ကိုရှောင်ရှားကြဖို့ စကော့တလန်ရဲအဖွဲ့ရဲ့ လက်ထောက်ရဲချုပ် စတိဂျွန်ဆင်ကတိုက်တွန်းထားပါတယ်။
“အခင်းဖြစ်ပွားရာနေရာကို လက်နက်ကိုင်ရဲအရာရှိတွေရောက်ခဲ့ပါတယ်။ သံသယရှိသူအမျိုးသားကို လက်နက်ကိုင် ရဲအရာရှိတယောက်က ပစ်သတ်လိုက်ကြောင်း အတည်ပြုနိုင်ပါတယ်”လို့လည်း သူက ဆိုပါတယ်။
“အခုဖြစ်ရပ်နဲ့ ဆက်စပ်တဲ့ တရားခံတယောက်ယောက်ကို လောလောဆယ်လိုက်လံရှာဖွေ ဖမ်းဆီးနေတာမျိုး မရှိကြောင်းလည်း အများပြည်သူကို အသိပေးချင်ပါတယ်”လို့ သူကဆိုပါတယ်။
“ရဲအရာရှိတယောက် ဒဏ်ရာရခဲ့ပြီး သူဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်းလည်း အတည်ပြုပါတယ်” လို့ဆိုပါတယ်။
Park Inn ဟိုတယ်ဟာ လောလောဆယ်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေကို ယာယီနေစရာ အဖြစ် ချထားပေးနေတဲ့ နေရာလို့ သိရှိထားကြပါတယ်။
အခင်းဖြစ်ပြီးစမြင်ကွင်းကို အနီးနားက ရုံးအဆောက်အအုံတခုပေါ်က ကြည့်နေသူ ခရိတ်မီလ်ရွိုင်းက လူ ၄ ယောက်ကို သူနာပြုကားနဲ့ ခေါ်သွားတာမြင်တယ်လို့ ဆိုပါတယ်။
“မြေပေါ်မှာ လူတယောက်လဲနေတာကိုလည်းမြင်ပါတယ်။
သူဟာ အာဖရိကနွယ်ဖွားဖြစ်ပြီး ရှူးဖိနပ်စီးလျက်သားဖြစ်ပါတယ်။
သူဟာ မြေပေါ်မှာလဲနေပြီး သူ့ဘေးဘက်ကို လူတယောက်ကအုပ်ကိုင်ထားပါတယ်။
သေနတ်ဒဏ်ရာလား၊ ဓားဒဏ်ရာလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး” လို့လည်း ပီအေ သတင်းဌာနကို သူက ပြောပါတယ်။
အဲဒီလူဟာ နောက်မကြာခင်အချိန်အတွင်းမှာ သူနာပြုကားနဲ့ တင်သွားတဲ့ လူ ၄ ယောက်ထဲက တယောက်ဖြစ်ပြီး အတိုက်ခိုက်ခံခဲ့ရသူ တယောက်လို့ ထင်ရပါတယ်လို့လည်း ဆိုပါတယ်။
“အဲဒီနောက်မှာ သူနာပြုကားတွေ ထပ်ရောက်လာပါတယ်။ လက်နက်ကိုင်ရဲတွေလည်း ဘီယာဆိုင်ဘေးက ဟိုတယ်ထဲကို ပြေးဝင်သွားတာတွေ့ရပါတယ်” လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့အပြင်မှာ ရပ်နေပါသေးတယ်။ နောက်တော့ ရဲတွေရောက်လာပါတယ်။ အဓိကရုဏ်းထိန်းရဲတွေက ကျွန်တော်တို့ကို အထဲဝင်ပြီး တံခါးတွေကို သော့ချထာဖို့ ပြောပါတယ်” လို့ဆိုပါတယ်။