သမ္မတ၊ အတိုင်ပင်ခံနဲ့ အရာရှိကြီးတွေကို ဧကချီ မြေကွက်တွေ ချထားပေးတယ်လို့ သမ္မတရုံးပြော

ရေးသားခဲ့သည်။

နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအရာရှိကြီးတွေကို ဧကနဲ့ ချီတဲ့ မြေကွက်တွေ ချထားပေးတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီကနေ့ ဇွန်လ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥတ္တရသီရိမြို့နယ်အတွင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ၊ သူတို့နဲ့ အထက် နိုင်ငံရေးရာထူးရှိတဲ့ ပုဂ္ဂိုလ်တွေကို သတ်မှတ်ဈေးနှုန်းနဲ့ အဆင့်လိုက် မြေကွက် ချပေးထားတယ်လို့ နေပြည်တော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောတာ ဖြစ်ပါတယ်။

သမ္မတအဆင့် ပေ ၄၀၀ ပတ်လည်၊ ဝန်ကြီးအဆင့်ကို ပေ ၃၀၀ ပတ်လည်၊ ဒုဝန်ကြီးအဆင့်ကို ပေ ၂၅၀ ပတ်လည်၊ ညွှန်ကြားရေးမှူးအချုပ်အဆင့်ကို ပေ ၁၀၀ ပတ်လည် ချထားပေးတယ်လို့ ပြောပါတယ်။

ဒီမြေကွက်တွေကို အစိုးရစျေးနှုန်းနဲ့ ပေးတာဖြစ်ပြီး နေပြည်တော် စည်ပင်သာယာရေးကောင်စီက သတ်မှတ်တဲ့ စျေးနှုန်းအတိုင်းပေးရမယ်လို့လည်း ဆိုပါတယ်။

ဦးဇော်ဌေး ပြောတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရမယ့် ပေ ၄၀၀ ပတ်လည် မြေကွက်ဟာ ၃ ဧက ခွဲကျော်လောက်ရှိပြီး ဝန်ကြီးတွေကိုပေးမယ့် ပေ ၃၀၀ ပတ်လည်ကတော့ ၂ ဧက ကျော် အကျယ်အဝန်း ရှိပါတယ်။

ဒီမြေကွက်တွေကို တစ်ဧက ဘယ်လောက်နှုန်းနဲ့ မြေကွက်တွေချထားပေးသလဲ ဆိုတာကို သတင်းထောက်တွေက မေးရာမှာတော့ ဦးဇော်ဌေးက တိတိပပ မဖြေခဲ့ပါဘူး။

အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ချပေးမယ့် မြေဧက အကျယ်အဝန်းနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ချဲ့ကားပြောဆိုမှုတွေ ရှိတယ် ဆိုပြီးတော့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ရှစ်ဧကလောက် ယူတယ်ဆိုတဲ့ အွန်လိုင်းမှာ ရေးထားတဲ့ အကျယ်အဝန်းတွေက မဖြစ်နိုင်တဲ့ အတိုင်းအတာတွေကို ရည်ရွယ်ချက်ရှိရှိ ချဲ့ကားပြီး ရေးထားတယ်လို့ ပြောပါတယ်။

အဲဒီလို လုပ်တာဟာ ၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ disinformation campaign လုပ်တဲ့သဘောဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်တယ်လို့လည်း သူက ဆိုပါတယ်။

နေပြည်တော်မှာ မြေတစ်ဧကကို ကျပ်သိန်း ၅၀ နှုန်းနဲ့ ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင် အပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ UMFCCI၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကြံ့ခိုင်ရေးပါတီဌာနချုပ်စတဲ့ အဖွဲ ၂၄ ဖွဲ့အတွက်လည်း မြေကွက်တွေ ချထားပေးပြီး ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိ ဥတ္တရသီရိမြို့နယ်အတွင်းမှာ၂ ဧကမှာ မြေကွက် (၁၀) ကွက်၊ နောက် ၁ ဧကမှာ (၆) ကွက် နေပြည်တော်စည်ပင်က ဖော်ဆောင်နေတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် လက်ရှိ DG, MD ရာထူးတာဝန်တွေ ထမ်းဆောင်နေသူတွေနဲ့ မြေကွက်မရသေးသူတွေကိုလည်း လျှောက်ထားလာမယ် ဆိုရင် ထပ်ချပေးဖို့ မြေကွက်တွေကို နေပြည်တော် စည်ပင်က ဖော်ဆောင်နေသလို အငြိမ်းစား ဝန်ထမ်းတွေအတွက်လည်း တိုက်ခန်းပေါင်း ၃ ထောင်ကျော် တည်ဆောက်နေပြီး အငှားအိမ်ရာတွေ ဖော်ဆောင်နေတယ်လို့လည်း ပြောပါတယ်။