အလွန်ကြီးမားတဲ့ဆန္ဒပြပွဲကြီးတွေ အမေရိကန်မှာ ဖြစ်ပွား

ရေးသားခဲ့သည်။

အလွန်ကြီးမားတဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲကြီးတွေ အမေရိကန် ပြည်ထောင်စုတဝန်းမှာ ဖြစ်ပွားနေပါတယ်။ ဂျော့ဖလွိုက်သေဆုံးမှုက အစပျိုးခဲ့တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး၊ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ၁၂ ရက်မြောက်အဖြစ် ဆက်လက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

နယူးယောက်၊ ချီကာဂို၊ လော့စ်အိန်ဂျယ်နဲ့ ဆန်ဖရန်စစ္စကိုတို့မှာလည်း ကြီးမားတဲ့ လူအုပ်ကြီးတွေ ဆန္ဒပြနေကြပါတယ်။

သူမွေးဖွားရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဂျော့ဖလွိုက်ရဲ့ နာရေးအခမ်းအနား မပြုလုပ်ခင်သူ့ကိုဂါရဝပြုပွဲတွေကိုလည်း ဒီအတောအတွင်းမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

မေလ ၂၅ ရက်နေ့က လက်နက်မဲ့ လူမည်း အမျိုးသား ဂျော့ဖလွိုက်ဟာ ရဲလက်ထဲမှာအသက်ဆုံးရှုံးခဲ့ပါတယ်။

မင်နီယာပိုလစ်မှာ ဖြစ်ပွားတဲ့ အဲဒီအဖြစ်အပျက် ဗွီဒီယိုထဲမှာ လူဖြူရဲအရာရှိကဂျော့ဖလွိုက်ရဲ့ ဇက်ကိုဒူးနဲ့ ၉ မိနစ်နီးပါး နင်းထားတာတွေ့ခဲ့ရပါတယ်။

ရဲအရာရှိ ဒဲရက်ချော်ဗင်ကို ရာထူးကထုတ်ပယ်ထားပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ အတူရှိနေတဲ့ တခြားရဲအရာရှိ ၃ ယောက်ကိုလည်း ရာထူးက ထုတ်ပယ်ပြီး လူသတ်မှုမှာ အားပေးကူညီမှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတွေဟာတခြားနိုင်ငံတွေကိုလည်း ကူးစက်ပြန့်ပွားဖြစ်ပေါ်နေပါတယ်။

ဗြိတိန်နိုင်ငံမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာစိုးရိမ်လို့ လူစုလူဝေးမလုပ်ဖို့ အစိုးရကတားမြစ်ထားတဲ့ကြားက ကြီးမားတဲ့လူစုလူဝေးကြီးဟာ လန်ဒန်မြို့လယ် လွှတ်တော်ရင်ပြင်မှာစုဝေး ဆန္ဒပြနေကြပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ္စဘိန်းမြို့ကြီးတွေမှာ သြစတြေးလျ ဌာနေတိုင်းရင်းသားတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ စပိန်အပါအဝင် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၄၀ မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်းမှာ ဘာတွေ ဖြစ်ပွားခဲ့သလဲ

အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကြီးဆုံးဆန္ဒပြပွဲလို့ ယူဆရတဲ့ ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲမှာ လူမည်းအသက်လည်း အရေးပါတယ် ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ ပြည်ထောင်စု အစိုးရ လွှတ်တော်အဆောက်အဦအနီး၊ လင်ကွန်းအထိမ်းအမှတ်အနီး၊ လားဖီးယက်ပန်းခြံ၊ အိမ်ဖြူတော်အနီးတို့အပြင် လောလောလတ်လတ် နာမည်သစ်ပေးထားတဲ့ လူမည်း အသက်အရေးပါတယ်ဆိုတဲ့ ပလာဇာတို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော်ဝန် မြူရီယယ်ဘောက်ဆာက ဆန္ဒပြပွဲတွေဟာ သမ္မတထရမ့်ကို သတင်းစကားပေးပို့နိုင်ခဲ့တယ်လို့ဆိုပြီး ကြိုဆိုခဲ့ပါတယ်။ တနင်္လာနေ့ကအိမ်ဖြူတော် အနီး ဘုရားရှိခိုးကျောင်းကို သမ္မတထရမ့် မသွားရောက်မီ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးအသုံးပြုလူစုခွဲခဲ့ပါတယ်။

“ဝါရှင်တန်ဒီစီမှာ ဒါမျိုးလုပ်ရင် တခြား ဘယ်ပြည်နယ်မှာမဆိုလည်း သူဒါမျိုးလုပ်လာနိုင်တာပဲ။ကျွန်မတို့ ဘဝတွေဟာ လုံခြုံစိတ်ချမှုရှိတော့မှာ မဟုတ်ဘူး။ ကျွန်မတို့စစ်သားတွေကို ဒီလိုအသုံးမချသင့်ဘူး။ အမေရိကန်နိုင်ငံသားတွေကို ဖယ်ရှားဖို့ အတွက် အမေရိကန် စစ်သားတွေကို ခိုင်းစေဖို့ မသင့်ဘူး။” လို့အမျိုးသမီးမြို့တော်ဝန် မြူရီယယ်ဘောက်ဆာက ဆိုပါတယ်။ ဥပဒေစိုးမိုးရေးအရာရှိအားလုံးနဲ့ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တို့ကို မြို့တွေမှာ “မလိုအပ်ဘဲ” ချထားတယ်လို့ဆိုပြီး ဖယ်ရှားပေးဖို့ သူကတောင်းဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆန္ဒပြသူ အဲရစ်ဝုဒ်က “ကျွန်တော်ဒီနေရာကို ရောက်လာတယ်ဆိုတာမလာဘဲကို မနေနိုင်တော့လို့ ရောက်လာတာပါ။ အသားအရောင်ခွဲခြားမှုဟာအမေရိကန်ရဲ့ အစိတ်အပိုင်း တခုဖြစ်နေတာ ကြာလှပါပြီ။” လို့ဆိုပါတယ်။

အသက် ၄၆ နှစ်အရွယ် ခရစ္စတယ်ဘယ်လင်ဂျာကတော့ “ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တမူထူးခြားတယ်လို့ ခံစားရပါတယ်။ ညီညွတ်ခိုင်မာမှုနဲ့ တန်းတူညီမျှရေးဆိုတဲ့ သတင်းစကားကို ထုတ်ဖော်ပြသနိုင်တယ်”လို့ မျှော်လင့်ချက်ထားနေပါတယ်။

ဆန္ဒပြပွဲတွေ ဖြစ်ကာစက ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်တွေကိုလည်း မြို့အများအပြားမှာ ပြန်ရုပ်သိမ်းလိုက်ပါပြီ။ တင်းကျပ်မှုတွေ လျှော့ပေါ့ပေးလိုက်သလို ဖမ်းဆီးမှုတွေလည်းသိပ်မလုပ်တော့ပါဘူး။

ဒါပေမဲ့ ပို့လန်းနဲ့ အော်ရီဂွန်ပြည်နယ်တို့မှာ ဥပဒေမဲ့စုဝေးခြင်းနဲ့ အများပြည်သူကိုနှောင့်ယှက်မှု ဆိုင်ရာ ဥပဒေကို စနေနှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရားရေးဌာနကို ခဲ၊ဓာတ်ဆီပုလင်းတို့နဲ့ အပစ်ပေါက်ခံရပြီးနောက်မှာ ထုတ်ပြန်ခဲ့တာပါ။ ဆီယဲ့တဲမှာလည်းအလားတူ ပစ်ပေါက်မှုမျိုးရှိခဲ့ပြီး ရဲအရာရှိတချို့ ထိခိုက်နာကျင်ခဲ့တယ်လို့ ဆိုပါတယ်။

စောစောပိုင်းမှာလည်း နယူးယောက်မှာ ဘရွတ်ခလင်တံတားကို ဆန္ဒပြသူတွေ ဖြတ်ကျော်ခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမှာတော့ ဂိုးဒင်းဂိတ်တံတားကို ဆန္ဒပြသူတွေက ခေတ္တပိတ်ဆို့ထားခဲ့ပါတယ်။ ချီကာဂိုမှာ လူပေါင်း ၃ သောင်းလောက် ယူနီယံပန်းခြံမှာ စုဝေးခဲ့ပါတယ်။ ဟောလီးဝုဒ်လမ်းဆုံကို လော့စ်အိတ်ဂျယ်ဆန္ဒပြသမားတွေက ပိတ်ဆို့ထားခဲ့ပါတယ်။

ရစ်ခ်ျမွန်၊ ဗာဂျီးနီးယားတို့မှာတော့ လူမည်းသမိုင်းနဲ့ပတ်သက်ခဲ့ဖူးတဲ့ ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်တယောက်ရဲ့ ရုပ်တုကို ဆန္ဒပြသူတွေက ဖြိုချခဲ့ပါတယ်။အတ္တလန္တာနဲ့ ဖီလာဒဲဖီးယားတို့မှာတော့ လူထုက “တရားမျှတမှုအလိုရှိသည်၊ ချစ်ခြင်းမေတ္တာ အလိုရှိသည်”လို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

လူမည်းအသက်အရေးပါသလို အဆောက်အဦတွေလည်း အရေးပါပါတယ်လို့ တန်းညှိရေးသားခဲ့တဲ့ ဖီလာဒဲဖီးယားအင်ကွားရားသတင်းစာရဲ့ ထိပ်ဆုံးအယ်ဒီတာကိုလည်း သတင်းသမားအများအပြားရဲ့ ရှုတ်ချအပြစ်တင်သံတွေ ထွက်ပေါ်လာပြီးနောက်မှာ ရာထူးက အနားပေးခဲ့ပါတယ်။

အခုလို အများပြည်သူ အုံကြွနေတဲ့အချိန်မျိုးမှာ အဆောက်အဦတွေလည်း အရေးပါပါတယ်ဆိုတဲ့ သတင်းခေါင်းစဥ်တင်ခဲ့တာဟာ ဆိုးဆိုးဝါးဝါးမှားယွင်းတဲ့ကိစ္စဖြစ်တယ်လို့ ဆိုပြီး တာဝန်ရှိသူ စတန်ဝစ္စခနော်စကီက တောင်းပန်ခဲ့ပါတယ်။

ဘတ်ဖဲလိုး ပြည်နယ်မှာ အသက် ၇၅ နှစ်အရွယ် ဆန္ဒပြအဖိုးအိုကို တွန်းလှဲခဲ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တဲ့ ဗွီဒီယို ထွက်ပေါ်လာပြီးနောက် ရဲ ၂ ယောက်ကို တိုက်ခိုက်မှုအမျိုးအစား ဒုတိယအဆင့်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ရဲအဖွဲ့၊ ထောက်လှမ်းရေးနဲ့ နိုင်ငံတော် ကာကွယ်ရေး တပ်ဖွဲ့တို့ကို အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျေးဇူးတင်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဝါရှင်တန်လူထုဟာ ကြိုတင်မှန်းဆထားတာထက် အများကြီးနည်းတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြသူတွေရဲ့ လိုလားချက်

ဆန္ဒပြမှုကို ထောက်ခံသူတွေရဲ့ ဆိုရှယ်မီဒီယာနဲ့ လမ်းတွေပေါ်မှာဖော်ပြချက်တွေ အရ ကာလရှည်ကြာရှိနေခဲ့တဲ့ အသားအရောင်ခွဲခြားမှု၊ မညီမျှမှု၊ ရဲရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူအများအပြားကိုကျန်းမာရေး စောင့်ရှောက်မှု မရအောင် ခွဲခြားထားရှိမှု စတဲ့အချက်တွေ ပါဝင်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ လူမည်း အမေရိကန်တွေ ထောင်သွင်းအကျဉ်းချခံရမှုဟာ လူဖြူအမေရိကန်တွေ ထောင်သွင်း အကျဉ်းချခံရမှုထက် ၅ဆပိုများတယ်လို့ အသားအရောင်ကွဲပြားသူများဘဝမြှင့်တင်ရေး အဖွဲ့အစည်း NAACP ကဆိုပါတယ်။ လူမည်းနဲ့ လူဖြူတွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ဆတူသာရှိတဲ့တိုင်အောင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျသူလူမည်း အရေအတွက်ဟာ လူဖြူအရေအတွက်ထက် ၆ ဆပိုများတယ်လို့လည်း ဆိုပါတယ်။

မီးဖွားစဥ်မှာလူမည်းအမျိုးသမီး သေဆုံးမှုဟာ လူဖြူအမျိုးသမီး သေဆုံးမှုထက် ၂ ဆပိုများတယ်လို့ တရားဝင်ကျန်းမာရေး ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။စာသင်ကျောင်း၊ အိုးအိမ်နဲ့ အများပြည်သူပိုင်ဝန်ဆောင်မှုတွေမှာ အစိုးရကိုယ်တိုင် ပိတ်ဆို့ ဟန့်တားထားတဲ့ လူမည်းလူဖြူခွဲခြားမှုဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ဖြစ်ပါတယ်။

ဖျူးသုတေသနဌာနရဲ့ ၂၀၁၉ ခုနှစ်လေ့လာချက်အရလူမည်း ၁၀ ယောက်မှာ ၈ ယောက်က ကျွန်စနစ်ရဲ့ အမွေဆိုးဟာ လူမည်းအမေရိကန်တွေအပေါ်မှာ ဒီနေ့အထိရိုက်ခတ်နေဆဲပဲလို့ ဆိုကြပါတယ်။ လူမည်းဆယ်ယောက်မှာ ၅ ယောက်ကတော့ အမေရိကန်မှာ ဘယ်တော့လူဖြူလူမည်း တန်းတူညီမျှမှုဆိုတာ ရှိလာမယ်မထင်ဘူးလို့ ဆိုကြပါတယ်။

ဂျော့ဖလွိုက်နာရေးအခမ်းအနား

မြောက်ကယ်ရိုလိုင်းနားရေးဖို့မြို့မှာ ပြုလုပ်ခဲ့တဲ့ဂျော့ဖလွိုက်ရဲ့ နာရေးအခမ်းအနားကို ရာပေါင်းများစွာသောလူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ သူမွေးဖွားရာနေရာနားက ဘုရားရှိခိုးကျောင်းအနီးမှာ ပန်းစည်း၊ ပန်းခွေတွေချထားခဲ့ကြပါတယ်။

အဲဒီနောက်မှာ မိသားစုသီးသန့် နာရေးအခမ်းအနား ဆက်လက်ကျင်းပခဲ့ပါတယ်။ မြောက်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး ရွိုင်းကူးပါးက မစ္စတာဖလွိုက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ စနေတရက်လုံး အလံတဝက်လွှင့်ထူဖို့ ညွှန်ကြားခဲ့ပါတယ်။မင်နီယာပိုးလစ်ကို မရွှေ့ပြောင်းခင်မှာ သူနောက်ဆုံးနေထိုင်ခဲ့တဲ့ ဟျူးစတန်မြို့မှာလည်း အင်္ဂါနေ့မှာ နာရေးအခမ်းအနားပြုလုပ်ဖို့ ရှိပါတယ်။