အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ် နေအိမ်တွင်သေဆုံး

ရေးသားခဲ့သည်။

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တုဝေဟာ တယ်လ်ဗိမြို့စွန်က သူ့နေအိမ်တိုက်ခန်းမှာ သေဆုံးနေကြောင်း အစ္စရေးရဲအဖွဲ့နဲ့ မီဒီယာတွေက အတည်ပြုပြောကြားပါတယ်။

အသက် ၅၇ နှစ်ရှိ မစ္စတာတုဝေဟာ သူ့အိပ်ရာထဲမှာသေဆုံးနေတာတွေ့ရပေမယ့် ဘာ့ကြောင့်သေဆုံးတယ်ဆိုတာ မသိရသေးပါဘူး။

သူ့ကို အစ္စရေးသံအမတ်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ခန့်ထားခဲ့တာပါ။ ဒီ့အရင်က သူဟာ ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

သူ့မှာ ဇနီးနဲ့သားတယောက်ရှိပေမယ့် သူတို့ဟာ အစ္စရေးမှာ ရှိနေပုံမရပါဘူး။ သူဟာ တယ်လ်ဗိမြို့ဆင်ခြေဖုံးက ဟာဇလိယာမှာနေထိုင်ပါတယ်။

ပုံမှန်လုပ်ထုံးလုပ်နည်းလိုအပ်ချက်အရ ရဲအဖွဲ့ဟာ အခင်းဖြစ်ပွားရာကို ရောက်နေပါတယ်လို့ အစ္စရေးရဲအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကနဦးတွေ့ရှိချက်တွေအရ မစ္စတာတုဟာ အိပ်ပျော်နေစဥ်မှာ သဘာဝအလျောက်သေဆုံးခဲ့တာလို့ အမည်မဖော်ပြတဲ့ ဆေးပညာအသိုင်းအဝိုင်းကို ကိုးကားပြီး အစ္စရေး ချန်နယ် ၁၂ ရုပ်မြင်သံကြားသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာတုကို သံအမတ်အဖြစ်ခန့်အပ်ပြီးပြီးချင်း တရုတ်သံရုံးဝက်ဘ်ဆိုက် စာမျက်နှာပေါ် သူမှတ်ချက်ပြုရေးသားခဲ့ရာမှာ “ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးပမာဏရှိနိုင်ငံနဲ့ အလားအလာကောင်းရှိတဲ့ အစ္စရေးနိုင်ငံတို့ရဲ့ ဆက်ဆံရေး”ဆိုပြီး ချီးကျူးရေးသားခဲ့ပါတယ်။

သောကြာနေ့တုန်းကတော့ အစ္စရေးကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်နိုင်ငံရဲ့ ကိုရိုနာကပ်ဘေးနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေအပေါ် ဝေဖန်ခဲ့တာကို အစ္စရေး တရုတ်သံရုံးက ပြန်လည်ပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ကိုရိုနာ ကပ်ဘေးနဲ့ ပတ်သက်ပြီး တရုတ်က ဘယ်တုန်းကမှ သတင်းအချက်အလက်ဖုံးဖိထားတာမျိုးမရှိဘူးလို့ ငြင်းဆန်ပြီး “မစ္စတာပွန်ပီယိုရဲ့ အဓိပ္ပာယ်မရှိတဲ့မှတ်ချက်ကို တရုတ်သံရုံးက ရှုတ်ချတယ်”လို့ ဂျေရုစလင်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။