ယူကေ - လေကြောင်းကလာသူတွေ ကွာရန်တင်းဝင်စေဖို့ ဗြိတိန်စီစဥ်

    • ရေးသားသူ, တွမ် ဘာရစ်ချ်
    • ရာထူးတာဝန်, သယ်ယူပို့ဆောင်ရေးဆိုင်ရာ သတင်းထောက်၊ ဘီဘီစီ သတင်းဌာန
  • ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေးကို တုံ့ပြန်ဖို့အတွက် အိုင်ယာလန်နိုင်ငံက လာတဲ့သူကလွဲလို့ ကမ္ဘာ့ဘယ်နိုင်ငံကမဆို ဗြိတိန်ကို ရောက်လာသူတွေ ၁၄ ရက် သီးသန့်ခွဲနေခိုင်းမယ့် ကွာရန်တင်းလုပ်မယ့်အကြောင်း အစိုးရက သူတို့ကို အကြောင်းကြားထားတယ်လို့ Airlines UK ဗြိတိန် လေကြောင်းလိုင်းများ အဖွဲ့က ပြောပါတယ်။

ဒီစည်းမျဥ်းသတ်မှတ်ချက်က မေလ ကုန်ရင် စအသက်ဝင်လာဖွယ် ရှိပါတယ်။

ဒီမူဝါဒဟာ "ဘယ်လိုပြန်ဖြုတ်မလဲဆိုတဲ့ အစီအစဥ်အတိအကျ" ရှိဖို့လိုပြီး အပတ်စဥ် ပြန် သုံးသပ်ဖို့ လိုတယ်လို့ Airlines UK အဖွဲ့က ပြောပါတယ်။

ဗြိတိန်ကိုရောက်လာတဲ့သူတွေ အနေနဲ့ ပုဂ္ဂလိကပိုင် နေရာတခုမှာ ကိုယ့်ဘာသာကိုယ် သီးသန့် ခွဲနေထိုင်ရမှာပါ။

သက်ဆိုင်ရာ ကာယကံရှင်တွေအနေနဲ့ ဗြိတိန်နယ်စပ်ကိုရောက်ပြီဆိုရင် သူဘယ်မှာနေမလဲဆိုတဲ့ လိပ်စာတခုကို ပေးရလိမ့်မယ်လို့ အစိုးရပိုင်းနဲ့ Airlines UK က သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

ဒီကန့်သတ်ချက်အသစ်ကို ဘယ်လောက်ကြာကြာ ထားမလဲ၊ ဗြိတိန်နိုင်ငံသားမဟုတ်သူတွေကို သူတို့ငှားထားတဲ့ ပုဂ္ဂလိကပိုင်နေရာတွေမှာ ကွာရင်တင်း နေခွင့်ပြုမှာလားဆိုတာတော့ သိပ်ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

"ဘာတွေလုပ်ရမယ်ဆိုတဲ့ အစိုးရရဲ့ အဆိုပြုချက်အသေးစိတ်ကို ကြည့်ရဦးမယ်" လို့ Airlines UK အဖွဲ့က သူတို့ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

ဗြိတိန်က လေဆိပ်များဆိုင်ရာ တာဝန်ရှိသူတွေကတော့ "ကွာရန်တင်းလုပ်စေတာဟာ ဗြိတိန်ရဲ့ လေကြောင်းဆိုင်ရာ လုပ်ငန်းတွေကို အကြီးအကျယ် သက်ရောက်စေရုံတင်မက၊ အဲဒီထက် ပိုကျယ်ပြန့်တဲ့ စီးပွားရေး အပိုင်းတွေကိုပါ ထိခိုက်တယ်" လို့ ပြောပါတယ်။

ဗြိတိန်မှာရှိတဲ့ လေဆိပ်အများစုကို ကိုယ်စားပြုတဲ့ လေဆိပ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများအသင်းက ကယ်ရင် ဒီးက ဒီ စည်းမျဥ်းတွေကို ချမှတ်ရင် "သိပ္ပံနည်းကျ အချက်အလက်တွေကို အခြေခံပြီးတော့သာ ရွေးချယ်ကန့်သတ်တဲ့ အခြေခံနဲ့ လုပ်ဆောင်သင့်တယ်" လို့ ဆိုပါတယ်။

ဒါမှ "အဓိကစီးပွားရေး ကဏ္ဍတွေအပေါ် ထိခိုက်သက်ရောက်မှုတွေကို လျှော့ချနိုင်မှာ" လို့ပြောပါတယ်။

ကုန်ပစ္စည်းတွေသယ်ယူနေတဲ့ လော်ရီကားမောင်းသူတွေ၊ ကုန်တင်သင်္ဘောသားတွေ စတဲ့ အဓိက မရှိမဖြစ်လုပ်ငန်းတွေမှာ လုပ်နေရတဲ့ အလုပ်သမားတွေအနေနဲ့ ဒီ ကွာရန်တင်းနေရမယ်ဆိုတဲ့ စည်းမျဉ်းကနေ လွတ်ကင်းခွင့်ပေးထားမယ်လို့ ဘီဘီစီက နားလည်ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘီဘီစီသတင်းထောက် အင်ဒရူးမားက ဗြိတိန်ကိုရောက်လာတဲ့သူတွေကို ကွာရန်တင်းထားမှာလား လို့ အစိုးရ သယ်ယူပို့ဆောင်ရေး ဝန်ကြီးကို မေးခဲ့ပါတယ်။

ဝန်ကြီး ဂရန့် ရှပ်(စ) က "အဲဒီ ကိစ္စတွေကို အသေအချာကြည့်နေတယ်၊ နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပိုးကူးစက်နှုန်းကို ထိန်းချုပ်န်ိုင်ဖို့ ဗိုင်းရပ်စ်ကို အပြင်ကနေ တင်သွင်းမလာစေအောင် အဲဒီလို အသေအချာကြည့်နေရတာပါ" လို့ ဖြေသွားပါတယ်။

"လူတွေ ခပ်ခွာခွာနေရတဲ့ အနစ်နာခံမှုတွေကို ဆက်ရှိပေးနေအောင် ကျွန်တော်တို့ လုပ်ဆောင်ပေးနေတာလည်း အရေးကြီးသလို၊ နိုင်ငံတွင်းကို လာမယ့် သူတွေကို အဲဒီစည်းမျဥ်းတွေ လိုက်နာစေပြီး ဗြိတိန်က ပြည်သူတွေ အနေနဲ့လည်း ချထားတဲ့ စည်းမျဉ်းတွေကို လိုက်နာပေးဖို့ ကျွန်တော်တို့ ပန်ကြားနေတာကလည်း အရေးကြီးပါတယ်" လို့လည်း သူက ပြောသွားပါတယ်။

တကယ်လို့ အခုအချိန်မှာ ကွာရန်တင်းက လိုတယ်ဆိုရင် အရင်သီတင်းပတ် အတော်များများတုန်းကကော ဘာလို့ မလိုခဲ့တာလဲဆိုတဲ့ အမေးကို တချို့က မေးချင်မှာပါ။

ကမ္ဘာ့ကပ် အချိန်ကာလထဲမှာ လူတွေ သောင်းနဲ့ချီပြီး ဗြိတိန်ထဲကို ဝင်ခဲ့ကြတာပါ။