အကအဖွဲ့ကိုဓားနဲ့ တိုက်ခိုက်သူ ဆော်ဒီမှာ သေဒဏ်စီရင်ခံရ

ရေးသားခဲ့သည်။

ဆော်ဒီအာရေးဗျမှာ ကပြဖျော်ဖြေနေတဲ့ စပိန်အကသမား အနည်းဆုံး ၃ ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့သူ အမျိုးသားတဦးကို အစိုးရက သေဒဏ်စီရင်လိုက်ပါတယ်။

ကြာသပတေးနေ့က သူ့ကို မြို့တော်ရီးယာ့ဒ်မှာ သေဒဏ်စီရင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလတုန်းက မြို့တော် ရီးယာ့ဒ်က ကပွဲတခုမှာ စပိန်အကအဖွဲ့ ကပြဖျော်ဖြေနေစဥ် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အသက် ၃၃ နှစ်ရှိ ယီမင်နိုင်ငံသား အီမတ်အယ်လ်မန်ဆူရီဟာ အယ်ခိုင်းဒါး အဖွဲ့ဝင်လို့ အစိုးရမီဒီယာက ထုတ်ပြန်ပြောဆိုပါတယ်။

ဆော်ဒီအာရေဗျမှာ ဖျော်ဖြေမှုတွေကို ရှေးရိုးဘာသာရေးသမားတွေက နှစ်ပေါင်းများစွာ ကန့်သတ်တားမြစ်ထားခဲ့ရာကနေ စတင်လျော့ပေါ့ပေးချိန်မှာ အခုဖြစ်ရပ်ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှုဟာ နိုဝင်ဘာလ၁၁ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆော်ဒီအာရေဗျ မြို့တော်ရီးယာ့ဒ်ရှိ ဘုရင်အဗ္ဗဒူလာဥယျာဥ်ထဲက ကဇာတ်ရုံမှာ လူတယောက်က အတင်းဝင်ရောက်လာပြီး အကအဖွဲ့သားတွေကို ဓားနဲ့ဝင်ထိုးခဲ့တာ ဖြစ်ပါတယ်။

ဓားနဲ့ထိုးတဲ့ အယ်လ်မန်ဆူရီကို စွဲချက်အမျိုးမျိုးတင် တရားစွဲခဲ့ပြီး အပြစ်ရှိကြောင်း အထူးတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ စွဲချက်တွေထဲမှာ ယီမင် အယ်လ်ခိုင်းဒါးအဖွဲ့ဝင် အဖြစ်စွပ်စွဲချက်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါးအဖွဲ့ကတော့ အခုတိုက်ခိုက်မှုကို သူတို့လုပ်တယ်လို့ မဆိုပါဘူး။

နောက်ထပ်လူတယောက်ကိုတော့ အထူးရာဇဝတ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အယ်လ်မန်ဆူရီဟာ ဆော်ဒီမှာ ဖျော်ဖြေရေးလုပ်ငန်းဆိုင်ရာ အာဏာပိုင်အဖွဲ့အသစ်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြောင်းလည်း သူ့ကိုယ်သူ ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်ဖြန့်ခဲ့တယ်လို့ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။

အိမ်ရှေ့မင်းသား မိုဟမ္မက် ဘင်ဆော်လမန်က သူ့ကို ၂၀၁၇ ခုနှစ်မှာ အိမ်ရှေ့စံ ခန့်အပ်ပြီးချိန်ကစပြီး သူ့အခေါ် ဗားရှင်း ၂၀၃၀ လို့ခေါ်တဲ့ ခေတ်မီရေးပြုပြင်ပြောင်းလဲမှု လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။

ဆယ်စုနှစ်ကျော်ကြာအောင် ရုပ်ရှင်နဲ့ ကျား၊မစုံတွဲဖျော်ဖြေမှုတွေ တားမြစ်ထားတာကို ရုပ်သိမ်းခဲ့ပါတယ်။ အခုအခါမှာ အမျိုးသမီးတွေ ဘောလုံးပွဲကြည့်ခွင့်ရပါပြီ။

ဖျော်ဖြေရေးလုပ်ငန်းများ ဒေါ်လာဘီလျံနဲ့ချီ မြှုပ်နှံဖို့လည်း ကတိပြုထားပါတယ်။ နိုင်ငံတကာ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ကေပေါ့၊ ဆရစ်ဒူဆိုလေး၊ မာရီယာကယ်ရီတို့လည်း ဆော်ဒီမှာ ဖျော်ဖြေခဲ့ကြပါတယ်။

ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှု၊ သတင်းသမား ဂျမားဟာရှော့ဂီ သတ်ဖြတ်မှုတွေနောက်ပိုင်းမှာ ဆိုင်းငံ့ရပ်တန့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဖျော်ဖြေဖို့စီစဥ်ထားတဲ့ နစ်ကီမနာ့ဂ်ျရဲ့ အစီအစဥ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အမျိုးသမီးရေးနဲ့ လိင်တူချစ်သူတွေအတွက် ရည်ရွယ်ဖျော်ဖြေတဲ့ပွဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာလည်း ဆော်ဒီရက်ပ်အဖွဲ့တဖွဲ့ အဖမ်းခံခဲ့ရပါတယ်။

နိုဝင်ဘာလ တိုက်ခိုက်မှုဟာ ပြုပြင်ပြောင်းလဲရေး အစီအစဥ် ကြေညာပြီးနောက်ပိုင်းမှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဆော်ဒီအာဏာပိုင်တွေက ဆိုပါတယ်။