ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာ ချယ်ရီပွဲတော် မနွှဲပျော်နိုင်တော့ပြီ
ဟာနာမိ လို့ခေါ်တဲ့ ချယ်ရီတွေ ဖူးပွင့်စ ရာသီမှာ ဂျပန်မှာ ရှိတဲ့ လူထုနဲ့အတူ သန်းနဲ့ချီတဲ့ ပြည်ပ ခရီးသွားတွေလည်း လာရောက် နွှဲပျော်လေ့ရှိပါတယ်။
ဒီ ပန်းပွဲတော် ရာသီဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေး အတွက်သာမက ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရာမှာလည်း အရေးပါလှတာ ဖြစ်ပါတယ်။
ဓလေ့ထုံးစံ အရ ဒီပွဲတော် ရာသီကာလမှာ ဆွေမျိုး မိသားစုတွေ ဆုံတွေ့ကြလေ့ရှိပြီး မျိုးဆက်သစ် လူငယ်တွေကတော့ ဒီလို ပန်းတွေ ပွင့်ဖူးလှပနေချိန်မှာ ဓါတ်ပုံရိုက် အင်စတာဂရမ်ပေါ် တင်လေ့ရှိကြ ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဘေးဆိုးကြီးကြောင့် ချယ်ရီ ပွဲတော်တွေကို ဖျက်သိမ်းပြီး နိုင်ငံခြား ခရီးသွားတွေလည်း လာရောက်တာ မရှိကြတော့ပါဘူး။
ဂျပန်မှာ ချယ်ရီ ပွဲတော်ဟာ စီးပွားရေး အပေါ် နှစ်စဉ် အများကြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ဟာနာမိ ရဲ့ ဘဏ္ဍာရေး အရ အရေးပါပုံကို ခန်ဆိုင်း တက္ကသိုလ်က Katsuhiro Miyamoto က အလေးထား ပြောကြားခဲ့ပါတယ်။
မနှစ် ၂၀၁၉ တုန်းကဆိုရင် မတ်လကနေ မေလအတွင်း ဂျပန်နိုင်ငံကို နိုင်ငံခြားသား ခရီးသွား ရှစ်သန်းခွဲနီးပါး လာရောက် လည်ပတ်ခဲ့ပြီး တိုင်းပြည် ဝင်ငွေ ယန်း ဘီလီယံ ၆၅၀ လောက် ရခဲ့တယ်လို့ သူက ဆိုပါတယ်။
အခုလို ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်နေကြချိန်မှာ ရှင်ဇူအိုကာ တက္ကသိုလ်က Seijiro Takeshita ကတော့ လူအများ စုဝေးပြီး အတူစားကြ သောက်ကြ ပျော်ရွှင်ကြတာဟာ ဂျပန် စီးပွားရေး အတွက် အကြီးအကျယ် အရေးပါလှတယ်လို့ ထောက်ပြထားပါတယ်။
အများကြား အသုံးများတဲ့ စကားတခုလိုပါပဲ ၊ ပိုက်ဆံအိတ်ထဲ ပြောင်တဲ့ အထိ အကုန်သုံးတယ် ဆိုတဲ့ အတိုင်း ဒီအချိန်မှာ လူတွေက မီးကုန်ယမ်းကုန် သုံးစွဲကြတာပါလို့ သူက ဆိုပါတယ်။
ဂျပန် လူမျိုးတွေ အနေနဲ့ ချယ်ရီပန်း အလှကို ရင်ထဲ နက်နက်ရှိုင်းရှိုင်း ထည့်သွင်း ခံစားကြတာပါ ၊ ဒီရာသီမှာ ပန်းတွေကြည့်ပြီး ကြည်နူးကြရတာပါ ၊ ဒီအချိန်မှာ ယဉ်ကျေးမှု အကြောင်းအရာတွေ သမိုင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေက ပတ်သက် ဆက်နွှယ်မှု အများကြီးပါလို့ သူက ပြောပါတယ်။
ဒီနှစ် ဟာနာမိ လို့ခေါ်တဲ့ ချယ်ရီပွဲတော် အားလုံးကို နိုင်ငံတဝန်း ဖျက်သိမ်းခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် ပျံ့ပွားမှု လျော့ကျသွားစေဖို့ ဂျပန် အာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။
လူထု အနေနဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော်တွေ မကျင်းပဖို့ တိုကျို မြို့တော်ဝန် Yuriko Koike က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပန်ကြားထားပါတယ်။
အခုလို လုပ်ဆောင်မှုတွေဟာ ဒီနှစ်အတွက် နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်မှုကို အကြီးအကျယ် ထိခိုက်ကာ ဟိုတယ် ခရီးသွား လုပ်ငန်းက ဝင်ငွေ ယန်းပေါင်း ဘီလီယံ လေးရာလောက် ကျဆင်း နိုင်တယ်လို့ ပါမောက္ခ Miyamoto က ခန့်မှန်း သုံးသပ်ထားပါတယ်။
အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲလျက် ရှိပြီး ကိုရိုနာ ဗိုင်းရပ်စ် ပြဿနာ ကျော်လွှားနိုင်ပြီ ဆိုတာနဲ့ ဂျပန်မှာ ချယ်ရီ ပွဲတော် နွှဲပျော်မှု ပြန်လည် အသက်ဝင်လာမှာပါ လို့လည်း သူက ပြောပါတယ်။