ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့ပွားနေမှုကို တိုက်ဖျက်ဖို့ အကျဉ်းသား ၅၄၀၀၀ ကျော်ကို အီရန်အစိုးရ ယာယီလွှတ်ပေးလိုက်

ရေးသားခဲ့သည်။

အီရန်နိုင်ငံမှာ လူတွေ ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှာကို ကာကွယ်တဲ့ အနေနဲ့ အကျဉ်းသား ၅၄၀၀၀ ကျော်ကို ယာယီ လွှတ်ပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း စမ်းသပ် တွေ့ရတဲ့ အကျဉ်းသားတွေကို အာမခံပေးပြီး ယာယီ ပြန်လွှတ်ပေးခဲ့တာလို့ တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂိုလမ်ဟော့ဆိန် အက်စ်မိုင်လီ က သတင်းထောက်တွေကို ပြောပါတယ်။

ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသားတွေကိုတော့ လွှတ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အီရန်မှာ အကျဉ်းကျနေတဲ့ ဗြိတိန်နိုင်ငံသူ အီရန်အမျိုးသမီး ပရဟိတ ဝန်ထမ်း နာဇာနင် ဇက်ဂါရီ ရက်ကလစ်ဖ် လည်း မကြာခင် ပြန်လွတ်လာနိုင်ဘွယ် ရှိတယ်လို့ ဗြိတိသျှ လွှတ်တော် အမတ်တစ်ဦးက ပြောပါတယ်။

မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ကို ဒီကနေ့ ဒါမှမဟုတ် မနက်ဖန်မှာ အိမ်ပြန်ခွင့် ပြုကောင်း ပြုနိုင်တယ်လို့ ယူကေနိုင်ငံဆိုင်ရာ အီရန် သံအမတ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ခင်ပွန်းကတော့ မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ဟာ တီဟီရန်မြို့ အက်ဗင်အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ ယူဆနေပြီး သူ့ကို စမ်းသပ်ပေးဖို့ အာဏာပိုင်တွေက ငြင်းဆန်နေတယ်လို့ စနေနေ့တုန်းက ပြောပါတယ်။

ဒါပေမဲ့ အီရန် တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အက်စ်မိုင်လီ ကတော့ မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ဟာ သူ့မိသားစုနဲ့ နောက်ပိုင်းမှာ အဆက်အသွယ် ရှိနေခဲ့ပြီး သူ့ကျန်းမာရေး ကောင်းတယ် ဆိုတာကို ပြောပြခဲ့တယ်လို့ တနင်္လာနေ့က အခိုင်အမာ ပြောသွားခဲ့ပါတယ်။

မစ်စ် ဇက်ဂါရီ ရက်ကလစ်ဖ် ဟာ သူလျှို လုပ်မှု စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားခဲ့အပြီး ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူ့မှာ ဘာအပြစ်မှ မရှိဘူးလို့ ယူကေ အစိုးရကလည်း အခိုင်အမာ ပြောထားခဲ့ပါတယ်။

အက်ဗင် အကျဉ်းထောင်မှာ ရှိတဲ့ ဗြိတိန်နဲ့ အီရန် နိုင်ငံကူး လက်မှတ် ပူးတွဲကိုင်ဆောင်ထားသူ အကျဉ်းသားတွေရဲ့ အခြေအနေကို စစ်ဆေးဖို့ အဲဒီကို ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ အမြန်ဆုံး သွားရောက်ခွင့်ပြုဖို့ အီရန် အစိုးရကို တောင်းဆိုထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ စဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကုန်ကစလို့ ကမ္ဘာတဝန်းမှာ ရောဂါ ဖြစ်ပွားနေသူပေါင်း ၉၀၀၀၀ ကျော် ရှိနေပြီး ၃၁၁၀ ဦး သေဆုံးခဲ့ပါတယ်။ အများစုဟာ တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။

အီရန်မှာ သီတင်းနှစ်ပတ် သာသာ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ဖြစ်ပွားနေသူ အရေအတွက်ဟာ နှစ်ရက်ဆက်တိုက် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ အင်္ဂါနေ့တုန်းက အီရန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခုအခါ ရောဂါကူးစက် ခံထားရသူပေါင်း ၂၃၃၆ ဦး ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အရေအတွက် ဒါ့ထက် ပိုများမယ်လို့ ယူဆရပါတယ်။

အီရန်နိုင်ငံကနေတဆင့် အာဖဂန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ကူဝိတ်၊ ဘာရိန်း၊ အီရတ်၊ အိုမန်၊ ကာတာ နဲ့ ယူအေအီး စတဲ့နိုင်ငံတွေဆီ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေ ရှိခဲ့တယ် လို့လည်း သိရပါတယ်။

အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ် အတော်များများလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အဲဒီထဲမှာ အခုနောက်ဆုံး ရောဂါကူးစက်ခံခဲ့ရသူဟာ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုဌာန အကြီးအကဲ ပီယာဟော့စိန် ကိုလီဗန် ဖြစ်ပါတယ်။

လွှတ်တော်အမတ် ၂၉၀ ထဲက ၂၃ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိနေကြောင်း စစ်ဆေး တွေ့ရပါတယ်။

အီရန် ဘာသာရေးအကြီးအကဲ အယာတိုလာ အာလီ ခါမေနီရဲ့ အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တီဟီရန်မြို့မှာ တနင်္လာနေ့တုန်းက ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် မိုဟာမက် မီယာမိုဟာမက်ဒီ ဟာ အယာတိုလာ ခါမေနီနဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက ကမ္ဘာ့ သဘာဝတောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်တဲ့ အခမ်းအနားတစ်ခုမှာ အယာတိုလာ ခိုမေနီက ကျန်းမာရေး ၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ လူထုကို တိုက်တွန်းခဲ့ပြီး အစိုးရအဖွဲ့အစည်းတွေ အားလုံး ကျန်းမာရေးဝန်ကြီးဌာနအတွက် လိုအပ်တဲ့ အကူအညီတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

အီရန် အာဏာပိုင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ ပမာဏအကြောင်း သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားမှာ မဟုတ်ဘူးလို့လည်း အယာတိုလာ ခါမေနီက အခိုင်အမာ ပြောခဲ့ပါတယ်။ "အီရန် တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ပြဿနာ စဖြစ်တဲ့ နေ့ကတည်းကစပြီး ရိုးသားပွင့်လင်းစွာ ထုတ်ဖော် သတင်းပို့ခဲ့ပါတယ်၊ ဒါပေမဲ့ ရောဂါပို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ နိုင်ငံတချို့ကတော့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတယ်"လို့ သူက ပြောပါတယ်။

အီရန်နိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါကူးစက်ဖြစ်ပွားမှုဟာ အချိန်ကြာမှာ မဟုတ်ဘဲ အချိန်တိုအတွင်း ပြီးဆုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အီရန် ကျန်းမာရေးဝန်ကြီး ဆာအိဒ် နာမာကီ က နိုင်ငံတဝန်း ရောဂါ စစ်ဆေးတဲ့ လှုပ်ရှားမှုကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ခံထားရတယ်လို့ သံသယ ရှိသူ လူနာတွေနဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ် မရနိုင်တဲ့ သူတွေဆီ ကျန်းမာရေး ဝန်ထမ်းတွေ အိမ်တိုင်ရာရောက် သွားရောက် ကြည့်ရှုမယ်လို့ ဆိုပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ တီဟီရန်မြို့ကို တနင်္လာနေ့က ရောက်ရှိလာခဲ့ပြီး အီရန် ကျန်းမာရေး အာဏာပိုင်တွေကို အကူအညီတွေ ပေးနေပါတယ်။

အဲဒီအဖွဲ့အနေနဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တုံ့ပြန်ကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို သုံးသပ်မှာဖြစ်ပြီး ကျန်းမာရေး အဆောက်အအုံတွေ၊ ဓါတ်ခွဲခန်းတွေ ကို သွားရောက်ကြည့်ရှု စစ်ဆေးမှာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ လုပ်မယ်လို့ WHO အဖွဲ့က ပြောပါတယ်။

WHO ကျွမ်းကျင်သူအဖွဲ့ကို သယ်ဆောင်လာတဲ့ လေယာဉ်ပေါ်မှာ ဆေးဝါး အထောက်အပံ့တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း တစ်သောင်း ငါးထောင်ကျော်အတွက် အကာအကွယ်ပစ္စည်း ကိရိယာတွေ တင်ဆောင်လာသလို လူ တစ်သိန်းနီးပါးကို စမ်းသပ် ရောဂါ ရှာဖွေပေးနိုင်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေလည်း ပါလာပါတယ်။