ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - ဝူဟန်က ကယ်လာသူတွေရဲ့ကားကို ယူကရိန်း ဆန္ဒပြသူတွေ တိုက်ခိုက်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ တရုတ်နိုင်ငံကနေ ကယ်ထုတ်လာသူတွေ စီးလာတဲ့ ဘတ်စကားတွေကို ယူကရိန်းနိုင်ငံမှာ ဆန္ဒပြသူတွေက ဝိုင်းပြီး တိုက်ခိုက်ကြပါတယ်။
သူတို့ကို ၁၄ ရက် သီးသန့် ခွဲထားမယ့် ဆေးရုံဆီ အသွားလမ်းမှာ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးက စာနာမှု ပြကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းလိုက်ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန ကနေ အခု ကယ်လာသူတွေမှာ ဗိုင်းရပ်စ်ကူးစက်နေတယ်ဆိုတဲ့ အီးမေးလ်အတု ထွက်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ SBU က ပြောပါတယ်။
ဒါကြောင့် လုပ်ကြံသတင်းကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ SBU က ပြောပါတယ်။
ယူကရိန်းမှာ အခုထိတော့ ကိုရိုနာကူးစက်မှု အတည်ပြုထားတာ မရှိသေးပါဘူး။
အခုကယ်ထုတ်လာသူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ ယူကရိန်း ကျန်းမာရေး ဝန်ကြီး မစ္စ ဇိုရန်နာ စကာလက်စကာက သူတို့နဲ့ သွားနေပြီး သူ့အလုပ်တွေကို အွန်လိုင်း Skype ကနေ လုပ်မယ်လို့ ဆိုပါတယ်။
သူအဲဒီမှာ ရှိနေရင် အဲဒီကလူတွေရော တစ်နိုင်ငံလုံးကလူတွေရော စိတ်အေးလိမ့်မယ်ထင်တယ်လို့ သူက သူရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြောလိုက်ပါတယ်။
နိုဗီ ဆန်ဂျာရီမှာ ဘာဖြစ်တာလဲ
ကြာသပတေးနေ့မှာ ယူကရိန်း ၄၅ ယောက်ရယ်၊ နိုင်ငံခြားသား ၂၇ ယောက်ရယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ယူကရိန်း အရှေ့ပိုင်းက ခါခစ်ကို ရောက်လာပါတယ်။
အဲဒီနောက် သူတို့ကို တင်လာတဲ့ ဘတ်စကား ခြောက်စီးက နိုဗီ ဆန်ဂျာရီမှာရှိတဲ့ ဆေးရုံကို မောင်းလာပါတယ်။ အဲဒီမှာ သူတို့ကို ဆန္ဒပြသမားတွေက မီးတုတ်တွေ၊ ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။
ဒါကြောင့် အဲဒီမြို့လေးကို လက်နက်ကိုင် တပ်ဖွဲ့တွေ ချထားလိုက်ရပါတယ်။
တင်းမာမှုတွေ ဖြစ်အပြီးမှာတော့ ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်လာသူတွေထားမယ့်နေရာကို သွားမယ့်လမ်းတွေကို ပြန်ဖွင့်နိုင်ခဲ့ပါတယ်။
အခု ပြန်လာသူတွေမှာ ဖျားနာနေသူ တစ်ယောက်မှ မရှိဘူးလို့လည်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ အဖျားရှိနေတဲ့ ယူကရိန်းက သုံးယောက်နဲ့ ကာဇက်စတန်က တစ်ယောက်ကိုတော့ တရုတ်မှာ ချန်ထားခဲ့ရတယ်လို့ သူတို့ကို သွားခေါ်ခဲ့တဲ့ သံတမန်အဖွဲ့က ပြောပါတယ်။
တင်းမာမှုတွေ လျှော့ချနိုင်ဖို့အတွက် ကယ်လာသူတွေကို ထားမယ့် မြို့ကို ယူကရိန်း ဝန်ကြီးချုပ်၊ ကျန်းမာရေး ဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးတို့လည်း ရောက်လာကြပါတယ်။